ဖမ်းဆီးခံထားရသူမချစ်ချစ်ချောအား ညီမတစ်ဦးကဲ့သို့ စောင့်ရှောက်ပေးရန်မိခင်ဖြစ်သူမေတ္တာရပ်ခံ


နိရဥၥရာ၊ နိုဝင္ဘာ ၁၆ / ၂ဝ၂ဝ

တောင်ကုတ်မြို့မှ ဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦးအထဲမှ မချစ်ချစ်ချော၏ မိခင်ဖြစ်သူ ဒေါ်မေသီက သူမ၏ သမီးဖြစ်သူမချစ်ချစ်ချောအား ညီမတစ်ဦးကဲ့သို့ စောင့်ရှောက်ပေးရန် ရက္ခိုင့်တပ်တော် (AA) မှ တာဝန်ရှိသူများကို  မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။

“အဒေါ်တို့မှာ သားမိနှစ်ယောက်နေကြတာပါ။ ဒီသမီးလေးကို အားကိုးပြီးနေခဲ့ရတာပါ။ သမီးလေးက အဖမ်းခံထားရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ အေအေအဖွဲ့ကို မေတ္တာရပ်ခံချင်ပါတယ်။ ညီမလေး တစ်ယောက်လို စောင့်ရှောက်ပေးကြပါလို့ ပြောချင်တယ်။ ဖမ်းထားတာလည်း တစ်လလည်း ပြည့်သွား ပြီဆိုတော့  ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်” ဟု သူမကပြောသည်။

ဖမ်းဆီးခံရပြီးနောက် သူတို့ သုံးဦးနှင့် မိသားစုနှင့် အဆက်အသွယ်မရသည့်အတွက် သုံးယောက်စလုံး အတွက်စိုးရိမ်မိကြောင်း၊ အားလုံးသူကို ပြန်လွှတ်ပေးစေလိုကြောင်း၊ သမီးဖြစ်သူမှာ ငယ်ရွယ်သူ တစ်ဦး ဖြစ်သဖြင့်  ညီမတစ်ဦးကဲ့သို့ စောင့်ရှောက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ဒေါ်ချစ်ချစ်ချော၏ မိခင်ဖြစ်သူ ဒေါ်မေသီက ဆက်လက်ပြောဆိုသည်။

AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခက ၎င်း NLD အမတ်လောင်း သုံးဦးစလုံးကျန်းကျန်းမာမာရှိနေကြောင်း၊ နိုဝင်ဘာ ၁၃ ရက်နေ့က RFA (မြန်မာပိုင်းအစီအစဉ်)ကို ပြောဆိုထားသည်။

''တောင်ကုတ်က NLD အမတ်လောင်း သုံးယောက်လုံး ကျန်းကျန်းမာမာရှိတယ်။ ဘာမှ စိုးရိမ်စရာမရှိဘူး။ ကိုမင်းအောင်ဆိုရင် သွေးတိုးလည်းရှိတော့ ကျနော်တို့ သူ့ကိုကောင်းကောင်း စောင့်ရှောက် ထားပါတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ကျန်တာကတော့ ကျနော်တို့ နိုင်ငံရေးအရ တဖက်နဲ့ တဖက်တွေ့ဆုံ ဆွေးနွေး အဆင်ပြေသွားရင်တော့ ဒီကိစ္စအားလုံး အဆင်ပြေသွားပါလိမ့်မယ်၊ အခုလောလောဆယ်တော့ ဒီလောက်ပဲ ပြောလို့ရပါသေးတယ်'' ဟု ဦးခိုင်သုခက ပြောဆိုကြောင်း RFA (မြန်မာပိုင်းအစီအစဉ်)တွင် ဖော်ပြထားသည်။

တောင်ကုတ်မြိုနယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တောင်ကုတ်မြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်ခါးကျေးရွာတွင် မဲဆွယ်နေစဉ် AA က စစ်ဆေး မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဒေါ်နီနီမေမြင့်၏ အမျိုးသားဖြစ်သူက “အခုဆိုရင် တစ်လရှိပြီပေါ့ဗျာ။ ကျွန်တော်တို့မှာ ကလေးကလည်း သူ့အမေကို မေးနေပါတယ်။ စိတ်ပူတာပေါ့ဗျာ။ ဖမ်းတဲ့နေ့တည်းက သူတို့ အရိုက်နှက်ခံရတာတွေကြောင့် စိတ်ပူနေခဲ့တာပါ။ ဟိုနေ့ကအေအေရဲ့ပြောခွင့်ရသူ ကတော့ သတင်းဌာနတွေမှာ ကျန်းကျန်းမာမာရှိနေတယ်လို့ပြောတာ ကြားလိုက်ပါတယ်။ စစ်ဆေးစရာရှိတာတွေလည်း စစ်ပြီးပြီလို့ထင်ပါတယ်။ ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”  ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်ကလည်း ၎င်းတို့အား ခြွင်းချက်မရှိအမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း ပြောသည်။

“အထူးသဖြင့် အခုအချိန်မှာ ဖမ်းဆီးသွားတဲ့ အေအေ လက်နက်ကိုင်အဖွဲ့က သူတို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ မကျင်းပခဲ့တဲ့ နယ်မြေတွေကို ရွေးကောက်ပွဲ ကျင်းပနိုင်အောင်လို့ တိုက်ပွဲတွေ ရပ်ထားမယ်လို့ ပြောနေတဲ့အချိန်ဖြစ်ပါတယ်။ အဲဒီတော့ တိုက်ပွဲတွေ ရပ်ရုံနဲ့ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ မဖြစ် ပါဘူး။ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်း ၃ ယောက်အဖမ်းခံရတဲ့ နေရာမှ ဘာတိုက်ပွဲမှ မဖြစ်ပါဘူး။ ပါတီဝင် ၇ ဦးကို ခြိမ်းခြောက်ခံရတယ်။ အဲဒါကြောင့် ဒီမတရားတဲ့ လုပ်ရပ်ကို အမြန်ဆုံး ဖြေလျှော့ ပေးပါလို့ ပြောချင်တယ်” ဟုပြောသည်။

၎င်း NLD တောင်ကုတ်မြို့နယ်မှ အမတ်လောင်း ၃ ဦး ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး AA ယခုလို  အောက်တိုဘာ ၁၉ ရက်နေ့က ယခုလို အသိပေးချက် ထုတ်ပြန်ခဲ့သည်။

“ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်သူလူထုနှင့် ရခိုင့်တော်လှန်ရေး အကျိုးကို ရှေးရှုလျက် တောင်ကုတ်မြို့နယ် NLD မှ အဖွဲ့ဝင်များ ဖြစ်ကြသည့် မင်းအောင်၊ နီနီမေမြင့် ချစ်ချစ်ချောတို့အား အောက်တိုဘာလ ၁၄ ရက် နေ့တွင် မလွဲမရှောင်သာ ခေါ်ဆောင်ခဲ့ရသည်။ ၎င်းတို့အား စစ်ဆေးမေးမြန်းရန် ခေါ်ထားခြင်းဖြစ်ပြီး အခြေအနေ လိုအပ်ချက်အရ ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေး သွားမည်ဖြစ်သည်။ လွန်ခဲ့သော ကာလများ၌လည်း ရခိုင့်တော်လှန်ရေးကို အနှောင့်အယှက်ပေးသော  NLD အမတ်တချို့ကို ခေါ်ယူ စစ်ဆေးမေးမြန်ပြီး သင့်တော်သော အခြေအနေတစ်ခုအောက်တွင် ပြန်လည် လွှတ်ပေးခဲ့ဖူးသည့် သာဓက ရှိခဲ့ပြီးဖြစ်ပါသည်” ဟု ဖော်ပြပါရှိသည်။


အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.info

ဖမ်းဆီးခံထားရသူမချစ်ချစ်ချောအား ညီမတစ်ဦးကဲ့သို့ စောင့်ရှောက်ပေးရန်မိခင်ဖြစ်သူမေတ္တာရပ်ခံ ဖမ်းဆီးခံထားရသူမချစ်ချစ်ချောအား ညီမတစ်ဦးကဲ့သို့ စောင့်ရှောက်ပေးရန်မိခင်ဖြစ်သူမေတ္တာရပ်ခံ Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.