လက်ရှိ COVID ကာလ အမေရိကန်ရွေးကောက်ပွဲ ကျင်းပမှုပုံစံကနေ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို သင်ခန်းစာယူစရာတွေ ရှိသလဲ။ နောက် အမေရိကန်ရဲ့ နိုင်ငံရေးအပြောင်းအလဲက မြန်မာနိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲဆိုတဲ့သတင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
လက်ရှိ COVID ကပ်ရောဂါ ကူးစက်မှုမြင့်မားနေချိန်ကျင်းပတဲ့ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ သန်း ၁၅၀ လောက်ရှိပြီး ကြိုတင်မဲပေးသူဟာ ၉၈ သန်း ရှိပါတယ်။ ဒါဟာ မဲပေးသူရဲ့ ၃ ပုံ ၂ ပုံရှိခဲ့သလို ကြိုတင်မဲပေးသူရဲ့ ၃ ပုံ ၂ ပုံဟာလည်း စာတိုက်ကနေ တဆင့် မဲပေးခဲ့ကြတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က စာတိုက်ကနေ မဲပေးတဲ့စနစ်အပေါ် အခုလို သုံးသပ်လိုက်ပြီး တစ်ချိန်မှာ Online က မဲပေးတဲ့စနစ်မျိုး လိုအပ်လာနိုင်ကြောင်း သုံးသပ်ပါတယ်။
“သူရဲ့ မဲပေးမှုက စာတိုက်က မဲပေးရတယ်လေ။ လူကိုယ်တိုင်မဟုတ်ဘဲနဲ့ မဲပေးနိုင်တဲ့စနစ်ဖြစ်တော့ကာ COVID ကာလမှာ ပိုပြီး သင့်တော်ပါတယ်။ အဲဒီတော့ ကျနော်တို့က ကျနော်တို့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာလည်း online မဲပေးနည်းတွေကို အောင်အောင်မြင်မြင်ကျင့်သုံးတော့ ကျနော်တို့ အချိန်ရလာရင်တော့ ဒီစနစ်ဟာ နောင်တစ်ချိန်မှာ ကျင့်သုံးဖို့ လိုကောင်း လိုပါလိမ့်မယ်။”
ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးက လက်ရှိအမေရိကန်ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် အခုလို သုံးသပ်ပါတယ်။
“မဲပေးတဲ့အခါမှာ ဒီ နိုဝင်ဘာ ၃ ရက်နေ့ မတိုင်ခင်ကတည်းက သူက ပြည်သူတွေအနေနဲ့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်က တဆင့်ဖြစ်စေ မဲလာပေးနိုင်အောင် စီစဉ်ပေးထားတော့ မဲပေးတဲ့နေ့ တစ်နေ့တည်းမှာ လူစုလူဝေးဖြစ်တာမဟုတ်ဘဲနဲ့ သူက တစ်ခါတည်း လူခွဲထားပြီးသားဖြစ်နေတယ်။ ကြိုတင်မဲတွေချည်းပဲ သန်း ၁၀၀ နီးပါး ပေးထားပြီးသားဖြစ်တယ်ဆိုတော့ အဲဒီလိုမျိုး ပြင်ဆင်မှုမျိုး စီစဉ်နိုင်မှုမျိုးက ကျနော်တို့ဆီမှာ အင်မတန်အားနည်းတယ်။ ဒါကြောင်မို့လို့ သူတို့ရဲ့ မဲပေးတဲ့ ဦးရေအရေအတွက်က ဒီရွေးကောက်ပွဲမှာ စံချိန်တင်တယ်။ ကိုဗစ်လို အချိန်မျိုးမှာတောင်မှ။”
အမေရိကန်နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမယ်ဆိုရင် မြန်မာပြည်နိုင်ငံရေးအပေါ် သက်ရောက်မယ့် အလားအလာနဲ့ပတ်သက်လို့ ဒေါက်တာမျိုးညွှန့်က အခုဆက်လက် ပြောပါတယ်။
“အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးအဆောက်အဦးတွေက အင်မတန် ခိုင်မာပါတယ်ခင်ဗျ။ လူတစ်ဦးတစ်ယောက် ပြောင်းလဲရုံနဲ့တော့ အကြီးအကျယ် ကျနော်တို့နိုင်ငံနဲ့ပတ်သက်တဲ့ မူုူဝါဒတွေ ပြောင်းလဲလိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူးခင်ဗျ။”
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက မြန်မာပြည်အရေးအပေါ်မှာ ရီပတ်ပလီကန် ပါတီထက် ဒီမိုကရက်ပါတီက စိတ်ဝင်စားမှု ပိုများခဲ့ကြောင်း သုံးသပ်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။
“သူတို့ ဘယ်သူပဲ တက်တက်ပါ။ ကျနော်တို့ ပြည်တွင်း အင်အား မျှခြေတစ်ခုကို မတည်ဆောက်နိုင်ရင်တော့ နိုင်ငံတကာကလည်း ကျနော်တို့ နိုင်ငံနဲ့ပတ်သက်တဲ့ ဖိအားပေးမှုတွေက ၂၀၂၀ အလွန်မှာလည်း ဆက်ပြီးတော့ ဖြစ်လာနိုင်တယ်။ ဖြစ်လာနိုင်တော့ အဓိကကတော့ အမေရိကန်သမ္မတ အနိုင်အရှုံးကိစ္စကတော့ ဒီ တောင်တရုတ်ပင်လယ်ပြဿနာ၊ တရုတ်နိုင်ငံနဲ့ တင်းမာမှုပြဿနာ ဒီဟာတွေတော့ ကျနော်တို့ဆီ ဂယက်တော့ အနည်းနဲ့အများတော့ ရိုက်နိုင်မယ်လို့ မြင်ပါတယ်။”
၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့ ဖန်တီးအိမ်အဖွဲ့ ဒါရိုက်တာ မဒေါ်ခင်လေးငယ် ကတော့ အမေရိကန်ရဲ့ ခေါင်းဆောင်အပြောင်းအလဲဟာ မြန်မာနိုင်ငံရေးအပေါ် သက်ရောက်မှု ရှိနိုင်မယ်လို့ သုံးသပ်ပါတယ်။
“အရင်ကဆိုရင်တော့ ပါတီလိုက်ပြီး လူပုဂ္ဂိုလ်လိုက်ပြီးကို ကျမတို့နိုင်ငံ ခေါင်းဆောင်ချင်းတွေကိုက ဆက်ဆံပုံချင်း မတူတာတွေ ရှိတယ်။ နောက် တချို့ခေါင်းဆောင်တွေဆို တခြားလူမျိုးစု၊ လူနည်းစု၊ နိုင်ငံခြားသားတွေအပေါ်မှာ ထားတဲ့ သဘောထားတွေကအစ အဲလိုမျိုး လူပုဂ္ဂိုလ်အနေနဲ့ကို မတူတာမျိုးတွေ ရှိတော့ ဒါ ခေါင်းဆောင်အပြောင်းအလဲဖြစ်ရင်တော့ နိုင်ငံခြားရေးမူဝါဒတွေလည်း ပြောင်းသွားလိုရင် ကျမတို့လို နိုင်ငံမျိုးတွေလည်း ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။”
“ဒီ မြန်မာနိုင်ငံမှာရော အမေရိကန်နိုင်ငံမှာရောပေါ့နော်။ ရွေးကောက်ပွဲ ရလဒ်ကို လူထုက လက်ခံနိုင်ဖို့ လိုတယ်ရှင်။ ကျမတို့ သတင်းတွေထဲမှာ ကြားရတာကတော့ တချို့လူတွေကတော့ ဘယ်ဘက်ကပဲ နိုင်နိုင် မငြိမ် မသက်မှုတွေဖြစ်မှာကို စိတ်ပူပြီးတော့ ကြိုတင်ကာကွယ်ထားတာမျိုးတွေ တွေ့ရတော့ ကျမတို့ မြန်မာနိုင်ငံအတွက်လည်း ရွေးကောက်ပွဲအလွန်မှာ ဒီလို ဖြစ်မှာကိုလည်း စိတ်ပူပါတယ်။”
လက်ရှိ အမေရိကန်ရွေးကောက်ပွဲရလဒ်တွေကတော့ အပြီးသတ်ထုတ်ပြန်နိုင်တာ မရှိသေးပါဘူး။ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ လက်ရှိ သမ္မတ Donald Trump ကို ဒီမိုကရက် သမ္မတလောင်း Joe Biden က မဲရရှိမှု ၁ ရာခိုင်နှုန်းကျော်အသာနဲ့ ဦးဆောင်နေပါတယ်။
မိုးဇော်/VOA (Burmese)
https://burmese.voanews.com/a/us-election-myanmar/5647812.html

No comments:
Post a Comment