ဟုမ္မလင်း ၊နိုဝင်ဘာ- ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး စီးနင်းလာသည့်ကား ယနေ့မနက်ပိုင်းက တိမ်းမှောက်မှု ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ မြို့နယ် ဥက္ကဌ ဦးရွှေဥာဏ်က မုံရွာဂေဇက်သို့ အတည်ပြုသည်။
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင််သည် ဟုမ္မလင်းမြို့နယ် မလင်းကျေးရွာသို့ ကထိန်သင်္ကန်း သွားကပ်စဥ်် လမ်းခရီးတွင် ယာဉ်တိမ်းမှောက်မှု ကြုံတွေ့ခြင်းဖြစ်သည်။
ယနေ့ နံနက် ၆ နာရီက ဟုမ္မလင်းမှ ကထိန်ပွဲရှိသည့် မလင်းကျေးရွာသို့ သွားရောက်ရာ မနက်ပိုင်း ၉ နာရီခန့်၊ ပင်းမာ ကျေးရွာအနီး အရောက်တွင် တိမ်းမှောက်မှုဖြစ်ခဲ့ကြောင်း ဦးရွှေဥာဏ် ကပြောသည်။
"ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးစီးတဲ့ကားမှာတော့ ငါးယောက်စီးကြတယ်။ ရှမ်းဝန်ကြီးကတော့ ခေါင်းထိသွားတယ်လို့သိရပါတယ် ။ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ရုံလောက်ပါပဲ။ သွားခေါ်ဖို့ရာ မြို့နယ် ထွေအုပ်ကကားလွှတ်လိုက်ပြီလို့သိရပါတယ်" ဟု ၎င်းက ဆက်ပြောသည်။
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးစီးလာသောကားသည် ချောက်ထဲသို့ ကျရောက်နေပြီး မြို့နယ်ထွေအုပ်မှ သွားခေါ်ရန်ကားလွှတ်လိုက်ပြီးဖြစ်ကြောင်းဆိုသည်။
အဆိုပါကားတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရသော်လည်း ဒဏ်ရာများပြင်းထန်မှုမရှိကြောင်း သိရသည်။
ထပ်မံရရှိသည့်သတင်းအရ လက်ရှိတွင် ဝန်ကြီးအပါအဝင် ဒဏ်ရာရသူများကို ထမံသီ တိုက်နယ်ဆေးရုံမှ ဆရာဝန်နှင့် ဆေးအဖွဲ့က ပင်းမာသို့ လာရောက်ကာ ဆေးကုသမှုပေးနေကြောင်း သိရသည်။
တင်မျိုးငြိမ်း
Monywa Gazette

No comments:
Post a Comment