ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာက မဲရုံအမှတ်(၁) မဲပုံးကို တွေ့ရစဉ်
Photo: Soe Soe Htet/RFA
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာအုပ်စုမှာ ကြိုတင်မဲပေးဖို့ ဆန္ဒမဲလက်မှတ်တွေ ဖြန့်ဝေမှု မှားယွင်းနေတာကြောင့် မဲဆန္ဒရှင် အယောက် ၆၀ ကျော် ကြိုတင်မဲလက်မှတ်တွေ မှားယွင်းပြီးပေးမိခဲ့ကြပါတယ်။
ကြိုတင်မဲစတင်ပေးလို့ရတဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာပဲ ကြိုတင်မဲထည့်ကြတဲ့ မဲဆန္ဒရှင် ၁၃၀ ဦးရှိတဲ့အထဲမှာမှ ၆၆ ဦးက မဲဆန္ဒလက်မှတ် မှားယွင်းပေးခဲ့မိကြတာဖြစ်တယ်လို့ အိုကေကျေးရွာအုပ်စု ရပ်ကျေးကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းဝင်းက ပြောပါတယ်။
“ပေးပြီးသားလူက ၁၃၀ ရှိတယ်။ အမှန်တကယ် မှန်တဲ့စာရင်းထဲဝင်သွားတာက အမျိုးသား ၆ နေရာမှာက ၅၀ ပါတယ်။ နောက်တခါဆန္ဒမပြုရသေးတဲ့ဟာက မဲလက်မှတ်ဖြတ်ပြီး ဆန္ဒမပြုရသေးတဲ့ဟာက ၁၄ ယောက် ရှိတယ်။ အားလုံးခြုံကြည့်လိုက်ရင် အမှားစာရင်း ၆၆ ယောက်ရှိတယ်”
ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာအုပ်စုက အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆)ရဲ့ မဲဆန္ဒဖြစ်ရမည့်အစား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၇)ရဲ့ မဲဆန္ဒလက်မှတ်ကို ဖြန့်ဝေမှားသွားတာဖြစ်ပါတယ်။
အခုလို မှားယွင်းတာတွေက ကော်မရှင်တွေ သေချာစီစစ်တာမလုပ်တဲ့အတွက်ကြောင့်ဖြစ်ရတယ်လို့ ၎င်းမဲ ဆန္ဒနယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆)မှာ ဝင်ပြိုင်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ဦးမောတယ်ခဲက ပြောပါတယ်။
“သေချာစီစစ်ပြီးလက်ခံတာမျိုးမလုပ်ဘူး။ နောက်တခုက ဒီမဲရုံမှူးလက်မှတ်လည်း ထပ်ထိုးရတာဖြစ်တယ်။ ဒီနောက်ကျောမှာ မဲရုံမှူးလက်မှတ်လည်း ထပ်ထိုးရတဲ့အနေအထားမျိုးမှာ မဲရုံမှူးကိုယ်၌ကလည်း နောက် ကျောမှာ လက်မှတ်ထိုးတဲ့အပေါ်မှာ သေချာစီစစ်ပြီးထိုးတာ မဟုတ်ဘူးလို့ သုံးသပ်ရတယ်။ ဘာကြောင့် မဲဆန္ဒနယ်အမှတ်(၆)နဲ့ အမှတ်(၇)ဆိုတဲ့ဟာနဲ့ စာလုံးကြီးလွှဲနေသလို နောက်တခုက မဲဆန္ဒနယ်အမှတ်(၇)က ဒီးမော့ဆိုမြို့နယ်အနေနဲ့ဆို ကျနော်တို့တိုင်းရင်းသားပါတီက ဝင်ပြိုင်တဲ့ပါတီက ကယန်းအမျိုးသားပါတီက ဖြစ်တယ်။ ကျနော်တို့ဒီ မဲဆန္ဒနယ်အမှတ်(၆)မှာ ဝင်ရောက်ယှဉ်ပြိုင်တာက ကျနော်တို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကဖြစ်တဲ့ ကျနော် မောတယ်ခဲက ယှဉ်ပြိုင်တာဖြစ်တယ်။ ပါတီလိုဂိုကလည်းမတူဘူး ဆိုတော့ အဲဒီမှာက ကွဲကွဲပြားပြားဖြစ်တယ်။ အကယ်၍ မဲရုံမှူးက စီစစ်ပြီးလုပ်ရင် မှားစရာအကြောင်းမရှိဘူး ဆိုတာပြောလိုတယ်။”
အခုမှားယွင်းသွားတဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) နဲ့ အမှတ် (၇) က ပြည်နယ်အခြေစိုက်ပါတီတွေ ဖြစ်ကြတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီတို့ မဟာမိတ်လုပ်ထားတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။
ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နဲ့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် မဲလက်မှတ်စာအုပ်တွေကတော့ မှန်ကုန်မှုရှိနေပြီး အမျိုးသားလွတ်တော်ကိုယ်စားလှယ် တစ်ခုတည်းသာ မှားယွင်းနေတာဖြစ်ပါတယ်။
“အများနဲ့လုပ်တယ်ဆိုတော့လည်း လွှဲချောလေးတော့ရှိတတ်ပါတယ်။ ရှိတတ်တော့ ကျနော်တို့မြို့နယ်ကနေ စီစစ်တော့ အားနည်းချက်နည်းနည်းရှိမယ်လို့တော့ ကျနော်ထင်ပါတယ်။ ပြီးတော့ ကျနော်တို့လည်း နည်းနည်း အားနည်းချက်ရှိတာပေါ့။ ပြောရမယ်ဆိုလို့ရှိရင် သေချာမလေ့လာဘဲနဲ့ တောက်လျှောက် တောက်လျှောက် အလုပ်ကို ဆက်လုပ်လိုက်တော့ နည်းနည်းလွှဲချောသွားတာလေးတွေတော့ရှိပါတယ်။”
ဖြန့်ဝေတဲ့အချိန်မှာ ၂၅ အုပ်တစ်စည်းမှာ အပေါ်ဆုံးတစ်အုပ်က အမှန်ဖြစ်နေပြီး အောက်ပိုင်းမှာပါရှိတဲ့ ၂၄ အုပ်က အမှားပါသွားတာဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံကနေ တဆင့်ကြားသိခဲ့ ရပါတယ်။
ကြိုတင်မဲလက်မှတ်ပေးမှားသူတွေကို ပြန်ပေးဖို့စီစဉ်ထားကြပေမယ့်လို့ နိုဝင်ဘာလ ၃ ရက်နေ့ည အထိတော့ ပြန်မပေးနိုင်သေးတဲ့အပြင် ကြိုတင်မဲပေးတာတွေ ခေတ္တရပ်ဆိုင်းထားရပါတယ်။
ယခုလိုမှားယွင်းသွားတဲ့ ၆၆ မဲကို ပယ်မဲအဖြစ်မသတ်မှတ်ဘဲ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးနှင့်အညီ မဲဆန္ဒရှင် ၆၆ ဦးကို ကြိုတင်မဲနောက်တစ်ကြိမ် မဲပြန်ထည့်စေမယ်လို့ ပြီးခဲ့တဲ့ ၂ ရက်နေ့ညနေ ၅ နာရီမှာ ရွေးကောက်ပွဲ ကော်မရှင်နှင့် အိုကေကျေးရွာအုပ်ုမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပါတီသောကိုယ်စားလှယ်လောင်းတွေကို သဘောတူဆုံးဖြတ်ကြပါတယ်။
ဒီးမော့ဆိုမြို့နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ်(၆)မှာ မဲဆန္ဒရှင် ကျေးရွာအုပ်စု ၁၅ အုပ်စုရှိပြီး ကျေးရွာပေါင်း ၈၅ ရွာရှိပါတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဝင်ပြိုင်ကြတဲ့ပါတီတွေကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊အမျိုးသားဒီမိုကရေစီ အင်အားစု၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီတို့ရဲ့ ကိုယ်စားလှယ် လောင်းတွေက ဝင်ပြိုင်ကြတာဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူ ၂၆၈၁၃ ဦးရှိပါတယ်။ ကယားတစ်ပြည်နယ်လုံးမှာတော့ ဆန္ဒမဲပေးခွင့်ရှိသူ ၂၀၅၃၀၀ ကျော်ရှိပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/demoso-kayah-advance-voting-mistake-11042020005724.html

No comments:
Post a Comment