ကျောက်မဲဒေသလုံခြုံရေး ဒေသခံတွေစိုးရိမ်

ရှမ်းပြည်နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ မြန်မာ့တပ်မတော်သားများ။ (သြဂုတ် ၁၅၊ ၂၀၁၉)

စစ်ရေးတင်းမာမှု ပဋိပက္ခတွေ ပစ်ခတ်မှုတွေ ရှိနေတဲ့ ကျောက်မဲမြို့ အပါအဝင် ရှမ်းပြည်နယ်ရဲ့ နယ်မြေဒေသ တည်ငြိမ်ရေးနဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးမှု ရှိရေးတွေမှာ အစိုးရ တာဝန်ရှိသူတွေဘက်က တာဝန်ယူမှု တာဝန်ခံမှု အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ရှမ်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရှမ်းဒေသခံတွေ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်တွင်း အထူးသဖြင့် ရှမ်းမြောက်ဘက်မှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံပြည်သူတွေရဲ့ အေးချမ်းလုံခြုံမှုဟာ စိုးရိမ်စရာ ဖြစ်နေတာပါ။ ဒီလိုအနေအထားမှာ မနေ့ညနေခင်းက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ပိုင်ကျေးရွာအုပ်စု ပင်ထိန်ရွာက နေအိမ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကျောက်မဲမြို့နယ် အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့အတွက် နယ်မြေတွင်း တရားဥပဒေစိုးမိုးရေးနဲ့ လုံခြံုရေးအခြေအနေအပေါ် ဒေသခံတွေကြား မေးခွန်းထုတ်လာနေတာပါ။

ရှမ်းပြည်နယ် ကျောက်မဲလို အညိုရောင်နယ်မြေအဆင့်ရှိနေတဲ့ နယ်မြေတွင်း တရားဥပဒေစိုးမိုးမှု ရှိဖို့ဆိုတာ နိုင်ငံရေးအခြေအနေ ကောင်းနေဖို့လိုသလို ဘယ်အဖွဲ့အစည်းမဆို ဒီမိုကရေစီလမ်းကြောင်းနဲ့ သွေဖည်တဲ့လုပ်ရပ်တွေ မလုပ်သင့်ဘူးလို့ ရှမ်းပြည်နယ်လွှတ်တော်ရဲ့ ကျောက်မဲမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက သုံးသပ်ပါတယ်။

"ကျနော်တို့ အကြံပြုချင်တာကတော့ ဘယ်အဖွဲ့အစည်းမဆို ဒီမိုကရေစီ လမ်းကြောင်းနဲ့ ဆန့်ကျင်သွေဖည်တဲ့အရာတွေ လုပ်ရပ်တွေကို မလုပ်တာ အကောင်းဆုံးပေါ့နော်။ ဘယ်အဖွဲ့အစည်းကိုမဆို ကျနော်တို့က အဲ့ဒါကိုပြောချင်တယ်။ (ကျောက်မဲအမတ်) သူက ဒီမိုကရေစီ ရွေးကောက်ပွဲအရ အောင်နိုင်ခဲ့တဲ့သူလေနော်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီလမ်းကြောင်းနဲ့ သွေဖည်သွားမယ်ဆိုရင် ကျနော်တို့က ဘယ်သူကမှ လက်မခံနိုင်ဘူးပေါ့နော်။ ကျနော်တို့ ဒီကျောက်မဲဆိုရင် အညိုရောင်နယ်မြေအဆင့် ရှိတာကိုးနော်။ ဒီအညိုရောင်နယ်မြေမှာ တရားဥပဒေစိုးမိုးမှုရှိဖို့ ဆိုတာက အပြန်အလှန်လေးစားမှု ရှိဖို့လိုမယ်။ အဓိကကတော့ နိုင်ငံရေးပါပဲ၊ နိုင်ငံရေးအခြေအနေကြီးက မကောင်းသေးသရွေ့ကတော့ တရားဥပဒေ စိုးမိုးနိုင်ဖို့ မလွယ်ဘူးလို့ ကျနော်တို့မြင်တာပေါ့နော်။ အစိုးရအနေနဲ့ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားတွေနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်လို့ ဒါကိုမြင်တယ်။"

နယ်မြေတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ တပ်မတော်အပါအဝင် လုံခြံုရေးပိုင်းဆိုင်ရာ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေဘက်က တာဝန်ယူမှု တာဝန်ခံ ဖြေရှင်းကိုင်တွယ်မှု အားနည်းနေတဲ့ အခြေအနေဖြစ်နေလို့ ဒေသခံတွေရဲ့ လုံခြံုရေးဟာ စိုးရိမ်စရာ အနေအထား ဖြစ်နေတယ်လို့ ရှမ်းဒေသခံလူငယ် စိုင်းနော်စိုင်းက ပြောပါတယ်။

"ဒီကျောက်မဲလိုဒေသမှာက နှစ်တိုင်းမကဘူး၊ လတိုင်းနီးပါးတောင်မှ ဒီလိုပစ်ခတ်မှုတွေက တောက်လျှောက်ဖြစ်နေတာ။ တာဝန်ရှိတဲ့သူတွေက လက်ပိုက်ကြည့်နေတာလား ဒါမှမဟုတ် မမိလို့ဘဲ သတင်းမထွက်တာလား ကျနော်တို့လည်း နားမလည်ဘူးလေနော်။ အဓိက ဒီလုံခြုံရေးကတော့ နယ်လုံဝန်ကြီးမှာ အဓိက တာဝန်ရှိတယ်လို့တော့ ကျနော်တို့မြင်တယ်။ ကျနော်တို့ထင်တယ်။ ဒါပေမယ့် အခုလို ဖြစ်ပျက်နေတာတွေက ဘာဖြစ်လို့ တရားခံ တခါမှမမိတာလဲ။ နောက် သူလုပ်တယ် ကိုယ်လုပ်တယ် ဆိုတာကလည်း စွပ်စွဲဖို့ အဆင်မပြေပါဘူး။

“ဒါပေမယ့် လုံခြုံရေးပိုင်းကို တာဝန်ယူရတဲ့ အထူးသဖြင့် တပ်မတော်ပေါ့နော်၊ တပ်မတော်ဘက်က အရပ်သားအစိုးရရဲ့ လက်အောက်မှာ မရှိတဲ့အခါကျတော့ အရပ်သားအစိုးရရဲ့ အာဏာသက်ရောက်မှု မရှိတော့ ပြည်သူတွေက ဘယ်သူ့ကိုပြေးပြီးတော့ အားကိုးလို့ အားကိုးရမှန်းတောင် မသိတော့ပါဘူးဗျ၊ အဲ့လိုမျိုးဖြစ်နေတယ် ပြည်သူလူထုက။ ၅ နှစ်သက်တမ်းလည်း ပြီးသွားပြီ၊ အားကိုးလောက်တဲ့ လုံခြံုရေးပိုင်းနဲ့ တရားဥပဒေစိုးမိုးမှုပိုင်းမှာ ဘာတခုမှ ကျနော်တို့ မမြင်ရသေးတော့ ရှေ့ဆက်လည်း ကျနော်တို့ ဘာကိုမျှော်လင့်ရမှန်းမသိဘူး ဖြစ်နေတယ်။"

ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ ကျောက်မဲမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ရဲ့ နာရေးစျာပန ကျင်းပပြီးတော့ နိုင်ငံရေးအင်အားစုတွေနဲ့ ဒေသခံတွေ လိုက်လံပို့ဆောင်ကြပါတယ်။ သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ကျောက်မဲမြို့နယ် တအာင်းပလောင်အမျိုးသားပါတီ (TNP) ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသေးတယ်။ ဒီအကြမ်းဖက်လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ တိုင်းရင်းသားတွေနဲ့ လက်တွဲတည်ဆောက်နေချိန် ယုံကြည်မှုမပျက်ယွင်းစေရေး အဖြစ်မှန် တရားဝင်မဖော်ထုတ်ခင် ထင်ကြေးပေးပြောဆိုမှု မလုပ်ကြဖို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဘက်ကလည်း နိုဝင်ဘာလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာ မေတ္တာရပ်ခံထားပါတယ်။


မဆုမွန်/VOA (Burmese)

https://burmese.voanews.com/a/kyauk-mae-security/5672057.html

ကျောက်မဲဒေသလုံခြုံရေး ဒေသခံတွေစိုးရိမ် ကျောက်မဲဒေသလုံခြုံရေး ဒေသခံတွေစိုးရိမ် Reviewed by THITHTOOLWIN on 02:32 Rating: 5

No comments:

Powered by Blogger.