မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာမှာ ရေလုပ်သား ၁၀၀၀ နီးပါးဟာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲကို နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့မှာထည့်ဖို့ ညွှန်ကြားချက်ကြောင့် မဲထည့်ခွင့်ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာနဲ့ ဝဲပတန်ကျေးရွာတွေက ရေလုပ်သားတစ်ထောင်နီးပါးဟာ မြိုနယ်ကော်မရှင်ရဲ့ ကြိုတင်မဲပေးရက် သတ်မှတ်ချက်ကြောင့် မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရေလုပ်သားတွေက ပြောပါတယ်။
ကြိုတင်မဲကို နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့မှသာ ပေးခွင့်ရှိပြီး ကြားထဲမှာပေးခွင့်မရှိဘူးလို့ ရပ်ကျေးကော်မရှင်က ပြောဆိုတာကြောင့် ရေလုပ်သား တစ်ထောင်ကျော် မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောပါတယ်။
“၆ ရက်၊ ၇ ရက်မှ ကြိုတင်မဲပေးခွင့်ရမယ့်ဆိုရင် ရေလုပ်သား ၉၀၀ လောက် မဲပေးခွင့် ဆုံးရှုံးသွားမယ်၊ တကယ်လို့ ၄၊ ၅ မှာ ကြိုတင်မဲ ပေးခွင့်ရရင်တော့ ၉၀ ရာခိုင်နှုန်းလောက် မဲပေးခွင့်ရမယ်”
ပေါင်မြို့နယ် အလှပ်နဲ့ ဝဲပတန်ကျေးရွာဟာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး လှေအစီးရေ ၁၈၀ ကျော်ရှိပါတယ်။
လှေတစ်စီးမှာ ရေလုပ်သား အနည်းဆုံး ခြောက်ဦးကနေ ရှစ်ဦးထိရှိပြီး လူပေါင်း ၁၀၀၀ နီးပါး ရှိပါတယ်။
ရေလုပ်သားတွေဟာ ဒီရေအတတ်အကျနဲ့ လှေထွက်ရတာဖြစ်တာကြောင့် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ကြိုတင်မဲပေးရမယ့်ရက်မတိုင်ခင် ပင်လယ်ပြင်ထွက်ရမယ့် အခြေအနေဖြစ်နေပါတယ်။
ဒါကြောင့် ရေလုပ်သားတွေအနေနဲ့ မဲထည့်ခွင့်မရမှာကို စိုးရိမ်နေကြပါတယ်။
မိသားစု စားဝတ်နေရေး အဆင်မပြေတာကြောင့် ယောက်ကျားဖြစ်သူနဲ့ သားဖြစ်သူက ကြိုတင်မဲ ထည့်ခွင့်မရပဲ ပင်လယ်ထွက်ပြီး အလုပ်လုပ်နေရတယ်လို့ အလှပ်ကျေးရွာနေ ရေလုပ်သားမိသားစုဝင်တစ်ဦး မမိချိုက ပြောပါတယ်။
“ကျွန်မတို့ ကြိုတင်မဲကို မထည့်ရတော့ ကျွန်မတို့က မဲထည့်ပိုင်ခွင့်ဆုံးရှုံးသွားတော့ စိတ်တော့မကောင်း ဘူးပေါ့။ ကျွန်မတို့က မဲတော့ ထည့်ချင်တာပေါ့၊ ကျွန်မတို့ ယောက်ကျား၊ ကျွန်မတို့ သားတွေက ရေလုပ်သားတွေဆိုတော့ သူများအလုပ်လုပ်ရတယ်။ သူများအလုပ်လုပ်ရတော့ ထွက်ရတာပေါ့။ ကျွန်မတို့မှာ စားဝတ်နေရေးတွေလည်း ရှိသေးတယ်လေ၊ နောက်ပြီးတော့ သူများဆီမှာ အလုပ်လုပ်ရတယ်ဆိုတော့ သူများဆီက ပိုက်ဆံတွေယူထားတယ်။ အလုပ်ဆင်းချိန်ဆိုရင် ဆင်းရတာပေါ့၊ အခက်အခဲက စားဝတ်နေရေးမှာလည်း ရှိသေးတယ်။ ကျွန်မတို့က ထွက်ရတယ်လေ၊ အလုပ်ရှင်က ထွက်ဆို ထွက်ရတယ်လေ၊ သူများအလုပ် လုပ်တာကိုး၊ မဲပေးချင်စိတ်ရှိပေမယ့် စားဝတ်နေရေး အဆင်မပြေတော့ ထွက်ရတာပေါ့”
မဲတပြားက အရေးကြီးနေတာ နိုင်ငံရေးပါတီတွေ မရှင်းပြလည်း သိနေပေမယ့် မိသားစု စားဝတ်နေရေး အခက်အခဲရှိတာကြောင့် အဲဒီကိစ္စကို ဦးစားပေးဖြေရှင်းနေရတယ်လို့ ရေးလုပ်သား မိသားစုဝင်တွေက ပြောပြကြပါတယ်။
ရေလုပ်သားတွေဟာ ပင်လယ်ကို ငါးဖမ်းလှေထွက်ရင် ၁၀ ရက် ၁၅ ရက်ကြာမှာဖြစ်တယ်လို့ အလှပ်ကျေးရွာ ရေလုပ်သားမိသားစုဝင် ဒေါ်တင်မြင့်က ပြောပါတယ်။
“ငယ်တဲ့သူတွေက မဲထည့်ခွင့် မရသေးဘူး။ အဲဒါနဲ့ လှေနဲ့ထွက်သွားလိုက်တယ်။ လှေထွက်တော့ ၁၄ ရက် ၁၅ ရက်ကြားမှ ပြန်ရောက်မယ်”
ရေလုပ်သားတွေဟာ ပင်လယ်ထဲမှာ ၁၅ ရက်ကြားမှ တစ်ကြိမ် ကမ်းကပ်ပြန်လာကြရမှာဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့မှာ လှေထွက်တဲ့သူတွေရှိနေတဲ့အတွက် နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲပေးရမယ့်ရက်ဖြစ်တဲ့အတွက် အဲဒီသူတွေဟာ မဲပေးခွင့်ဆုံးရှုံးသွားတယ်လို့ ရေးလုပ်သားမိသားစုဝင်တွေက မှန်းဆထားကြပါတယ်။ ကျန်ရှိသူတွေလည်း မဲပေးခွင့် မဆုံးရှုံးအောင် ဒီရက်ထဲမှာ ကြိုတင်မဲ ပေးခွင့်ပေးဖို့ တင်ပြထားသူတွေလည်းရှိပါတယ်။
ပေါင်မြို့နယ်၊ ဝဲပတန်ကျေးရွာမှာ နေထိုင်ကြတဲ့ လှေလုပ်သားတွေနဲ့ လှေရှင်တွေက နိုဝင်ဘာလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျေးရွာမဲဆန္ဒနယ်အတွင်းမှာ ရှိကြမှာဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့ မွန်လွဲပိုင်းမှာ ပင်လယ်ပြင်ကို အားလုံးငါးဖမ်းထွက်ကြမှာဖြစ်တယ်လို့ တင်ပြစာမှာ ဖော်ပြထားပါတယ်။
ရေလုပ်သားတွေ မဲပေးခွင့်ဆုံးရှုံးသွားမှာကို ရေလုပ်ငန်းရှင်တွေက စိုးရိမ်ကြတဲ့အတွက် နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ကြိုတင်မဲထည့်ခွင့်ပြုဖို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ထံ နိုဝင်ဘာလ ၂ ရက်နေ့က မေတ္တာရပ်ခံစာ တင်ပြထားတယ်လို့ ဝဲပတန်ကျေးရွာ ရေလုပ်ငန်းရှင် ဦးမိုးလွင်က ပြောပါတယ်။
“၁ ရက် ၂ ရက် ကျွန်တော်တို့ ထွက်မယ်၊ ၄ ရက်နဲ့ ၅ ရက် ပြန်ဝင်မယ်။ မဲလာပြန်ထည့်လို့ရအောင် ၆ ရက် ၇ ရက် ၈ ရက်ကျတော့ ပင်လယ်မှာ ရေတိမ်ပိုင်းဖြစ်တဲ့အတွက် ပင်လယ်ထဲမှာပဲ ပိုက်ကွန်ပစ်ရမယ့်အချိန် ဖြစ်တယ်။ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့က ၆၊ ၇ မှာ မဲထည့်လို့ အဆင်မပြေဘူးဆိုတဲ့အကြောင်းပေါ့နော်၊ အဲဒါကို ၄ ရက် ၅ ရက်ကို မဲထည့်ပေးဖို့ ကျွန်တော်တို့က မေတ္တာရပ်ခံတာပေါ့”
ပေါင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သီရိဖြိုးကတော့ အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေကိုသာ အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိက ကြိုတင်မဲပေးရမှာ ဖြစ်တာကြောင့် ရေလုပ်သားတွေ မေတ္တာရပ်ခံစာ တင်ပြထားတဲ့အပေါ်မှာ UEC ရဲ့ ဆုံးဖြတ်ချက်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“တောင်းဆိုခဲ့ရင် UEC ရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ကျွန်မတို့အနေနဲ့ကတော့ ဘယ်လိုလဲဆိုတော့ ပြည်ထောင်စု၊ ပြည်နယ်၊ ခရိုင်ရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုဘက်က ထွက်လာရင် ကျွန်မတို့ဘက်က လက်ခံပေးပါ့မယ်၊ ပြည်ထောင်စုက သူတို့တောင်းဆိုတဲ့အပေါ်မှာ ဥပဒေနဲ့အညီဖြစ်နိုင်မယ်ဆိုရင် ပြည်ထောင်စုကလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာပါ။ အဲဒီအတိုင်း ကျွန်မတို့က လိုက်နာပါမယ်။ ကျွန်မတို့က ပြည်ထောင်စု၊ ပြည်နယ်၊ ခရိုင်အဆင့်ဆင့်က ညွှန်ကြားချက်နဲ့ လုပ်ဆောင်နေတဲ့ဌာနပါ”
ပေါင်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းမင်းအောင်ကတော့ ရွေးကောက်ပွဲဥပဒေမှာ ဘယ်သူမဆို ခရီးသွားစရာရှိရင် ကြိုတင်မဲပေးခွင့်ရှိပြီး ဒီလိုရက်ကန့်သတ်တာဟာ မဖြစ်သင့်ကြောင်း ပြောပါတယ်။
“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေပုဒ်မ ၄၅ (ခ)မှာ မဲဆန္ဒရှင်ပြည်သူဟာ မဲပေးမယ်နေ့မှာ ခရီးဝေးသွားစရာရှိရင် သူကရွာမှာကြိုတင်တောင်းဆိုရင် ဥပဒေအရ စီစဉ်ကို စီစဉ်ပေးရမှာ၊ အခုလို ၆၊ ၇ ဆိုပြီးကန့်သတ်ခွင့်ကို မရှိဘူး၊ ဥပဒေကိုကျော်လွန်ပြီး မြို့နယ်လည်း မရှိဘူး၊ပြည်နယ်လည်း မရှိဘူး၊ ၆၊၇ လို့ ကန့်သတ်ရင် စာရွက်ပြရမှာ၊ ဘယ်ကစာထုတ်လဲပေါ့”
ရေလုပ်သားတွေ ကြိုတင်မဲပေးခွင့်ဟာ သက်ဆိုင်ရာ ရပ်ကျေးနဲ့ မြို့နယ်ကော်မရှင်ရဲ့ ဆင်ခြင်တုံ တရားပေါ်မှာ မူတည်နေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က ဦးအေးကျော်က သုံးသပ်ပါတယ်။
ရေလုပ်သားတွေမဲပေးခွင့်မဆုံးရှုံးရအောင် နောက်ပိုင်းမှာ သူတို့အတွက်စဉ်းစားပြီး ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သုံးသပ်သင့်တယ်လို့လည်း ဦးအေးကျော်က အကြံပြုထားပါတယ်။
မွန်ပြည်နယ်အပါအဝင် တနင်္သာရီတိုင်းမှာလည်း ရေလုပ်သားတွေ ကြိုတင်မဲပေးနိုင်ရေးနဲ့ပတ်သက်ပြီး အခက်အခဲတွေ ရှိနေပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/fishermen-in-mon-state-advance-voting-11042020035018.html

No comments:
Post a Comment