အိန္ဒိယက ဆန္ဒပြပွဲ - ရဲတပ်ဖွဲ့နဲ့ လယ်သမားတွေကြား ထိပ်တိုက်တွေ့

အိန္ဒိယက ဆန္ဒပြပွဲ

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်က လယ်သမားတွေဟာ သူတို့အကျိုးစီးပွား ထိခိုက်တယ်လို့ဆိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဒေလီမြို့တော်မှာ ဆန္ဒပြတောင်းရာမှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသမား ထောင်နဲ့ချီဟာ ဒေလီမြို့တော်ကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။

သူတို့တွေ မြို့ထဲကို မဝင်ရောက်နိုင်အောင် အတားအဆီးတွေနဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့တာပါ။

ထိပ်တွေ့ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီးနောက်မှာတော့ ဆန္ဒပြမယ့်နေရာကို ရဲအစောင့်အရှောက်နဲ့ သွားခွင့်ပေးလိုက်ပါတယ်။

လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လမ်းဖွင့်ပေးလိုက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ လယ်သမားတွေကို အထိနာစေတယ်ဆိုတာကိုတော့ အစိုးရက ငြင်းပါတယ်။

"ဆန္ဒပြလယ်သမားတွေကို မြို့တော်ထဲ ဝင်ခွင့်ပြုတော့မယ်"လို့ ဒေလီမြို့တော် ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီးက ဒေသတွင်း သတင်းမီဒီယာတွေကို ပြောပါတယ်။

ဆန္ဒပြခွင့် ပြုတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ကိုလည်း တိုက်တွန်းထားတယ်လို့လည်းဆိုပါတယ်။

လယ်သမားတွေဟာ ဒီသီတင်းပတ်အစောပိုင်းကတည်းက ဒေလီမြို့တော်ကို ချီတက်လာခဲ့ကြတာပါ။

ရောင်းချမှု၊ ဈေးနှုန်း၊ ထွက်ကုန်ရှားပါးမှုနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေကို ဖြေလျှော့ပေးဖို့ ဒီပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်တာဖြစ်

ဟာရာနား ပြည်နယ်ကနေ ဒေလီမြို့ နယ်စပ်ကို လယ်သမား ၅၀,၀၀၀ ရောက်လာနိုင်ကြောင်း လယ်သမားအဖွဲ့ ၂ ဖွဲ့က သောကြာနေ့မှာ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ဒေလီ-ဟာရားနားနယ်စပ်မှာ လုံခြုံရေးအခြေအနေ စောင့်ကြည့်ဖို့အတွက် ဒရုန်း မောင်းသူမဲ့ယာဉ်တွေကို လွှတ်ထားတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

လယ်သမားတွေဟာ ဒေလီမြို့ထဲကို ဝင်ဖို့ အသည်းအသန်ဖြစ်နေကြတယ်လို့ နယ်စပ်မှာလယ်သမားအဖွဲ့တဖွဲ့နဲ့ အတူရှိနေတဲ့ ဘီဘီစီ ဟင်ဒီဘာသာစကားဌာနက Dilnawaz Pasha က ပြောပါတယ်။

"သူတို့တွေဟာ ဆန်တွေ၊ ဂျုံစပါးတွေ အပြည့်တင်ဆောင်လာတဲ့ တွန်းလှည်းတွေနဲ့ ခရီးဆက်လာကြတာ ဖြစ်ပြီး သူတို့ဘာသာ ချက်စားနေကြတယ်။ တိုက်ပွဲရှည်ကြီးတခုအတွက် အဆင်သင့်ဖြစ်နေပြီလို့လည်း သူတို့က ပြောကြတယ်။"

ဆန္ဒပြသမားတွေကို တားဆီးဖို့အတွက် မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေသုံးခဲ့တဲ့ ရဲတပ်ဖွဲ့နဲ့လယ်သမားတွေကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နေပုံတွေကိုလည်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

နယ်စပ်မှာ ဖြစ်နေတဲ့ တင်းမာမှု အခြေအနေကို ထိန်းသိမ်းပေးဖို့ ပြည်ထောင်စုအစိုးရထံ ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်က တောင်းဆိုထားတယ်လို့ သတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။

ရဲတပ်ဖွဲ့က ဆန္ဒပြသမားတွေကို မီးသတ်ပိုက်တွေ သုံးပြီး တားဆီးနေတဲ့ကြားက လယ်သမားတွေဟာ ကြာသပတေးနေ့မှာ ဟာရားနားပြည်နယ်ထဲကို ဝင်ရောက်ဖို့အတွက် အတားအဆီးတွေကို တင်းခံခဲ့ကြပါတယ်။

လယ်ထွန်စက်ပေါ်က တချို့အပါအဝင် လယ်သမားထောင်နဲ့ချီနဲ့ ဟာရားနားရဲတပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပါတယ်။

ဒေလီမြို့တော်ကို သွားရောက်မယ့် ဒီချီတက်ဆန္ဒပြပွဲကိ တားဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က ကြိုးစားခဲ့ပြီးနောက်ပိုင်း ဆန္ဒပြလယ်သမားတွေဟာ ဟားရားနားပြည်နယ်က တံတားတခုပေါ်မှာ အတားအဆီးတွေကို လွတ်အောင်ရှောင်တိမ်းနေပုံတွေကိုလည်း ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

ထွန်စက်ပေါ်က ဆန္ဒပြသမားများ

ပြုပြင်ပြောင်းလဲရေးတွေက ဘာတွေလဲ

အိန္ဒိယနိုင်ငံမြောက်ပိုင်းက လယ်သမားတွေဟာ ဒီအပြောင်းအလဲတွေကို ပထမဆုံး စတင်ပြဌာန်းခဲ့တဲ့ စက်တင်ဘာလကတည်းက ဆန္ဒပြခဲ့ကြတာပါ။

လယ်သမားထောင်နဲ့ချီဟာ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး တခြားပြည်နယ်တွေမှာလည်း မော်တော်ကားလမ်းတွေ၊ ရထားလမ်းတွေကို ပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီအပြောင်းအလဲတွေဟာ လယ်ယာထွက်ကုန် ရှားပါးမှု၊ ဈေးနှုန်းသတ်မှတ်မှု၊ ရောင်းချမှု စတဲ့ဆယ်စုနှစ်နဲ့ချီ လယ်သမားတွေကို ဈေးကွက်စီးပွားရေးစနစ်ကနေ အကာအကွယ်ပေးထားတဲ့စည်းမျဉ်းတွေကို ဖြေလျှောဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒီပြုပြင်ပြောင်းလဲမှုတွေကို အစိုးရဘက်က ပြန်မရုပ်မသိမ်းမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ လယ်သမားတွေက ပြောပါတယ်။

လယ်သမားအများစုဟာ ကြမ်းခင်းဈေးသတ်မှတ်ပေးထားတဲ့ အစိုးရ ထိန်းချုပ်တဲ့ လက်ကားဈေးဒိုင်ကြီးတွေမှာ သူတို့ရဲ့ ထွက်ကုန်အများစုကို ရောင်းချပါတယ်။

အစိုးရက ကြမ်းခင်းဈေးသတ်မှတ်ပေးမှုတွေ ဖယ်ရှားပစ်မှာကို လယ်သမားတွေက စိုးရိမ်နေကြသလို ဈေးကွက်အတွင်း ဝယ်လိုအား ရောင်းလိုအားပေါ်မူတည်ပြီး သတ်မှတ်တဲ့ အဖွဲ့အစည်းတွေက ဈေးနှုန်းသတ်မှတ်သွားမှာကိုလည်း ပူပန်နေကြပါတယ်။

အာဏာရ ဘီဂျေပီပါတီကတော့ ဒါတွေကို ငြင်းပါတယ်။ ဒါပေမဲ့ လယ်သမားတွေဘက်ကတော့ ဒါတွေ ဖြစ်မလာဘူးဆိုတာ အာမမခံနိုင်ဘူးလို့ ပြောပါတယ်။

ဒီပြုပြင်ပြောင်းလဲမှုတွေဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းက ရတဲ့ ဝင်ငွေတွေ တိုးလာဖို့နဲ့ ထုတ်လုပ်မှုတွေ မြင့်မားလာဖို့ လိုအပ်တယ်လို့ ဘီဂျေပီပါတီက တုံ့ပြန်ပြောဆိုထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55103866

အိန္ဒိယက ဆန္ဒပြပွဲ - ရဲတပ်ဖွဲ့နဲ့ လယ်သမားတွေကြား ထိပ်တိုက်တွေ့  အိန္ဒိယက ဆန္ဒပြပွဲ - ရဲတပ်ဖွဲ့နဲ့ လယ်သမားတွေကြား ထိပ်တိုက်တွေ့ Reviewed by THITHTOOLWIN on 00:57 Rating: 5

No comments:

Powered by Blogger.