မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်း ခုနှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီးနောက် တစ်ရက်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်ကို ကြေညာပေးနိုင်ဖို့အတွက် စာရင်းစစ်ရုံးက ဝန်ထမ်း လေးဦးက လာရောက်အကူအညီပေးခဲ့ပြီး အဲဒီဝန်ထမ်းထဲက တစ်ဦးက ဖျားတာကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့က ဆေးစစ်ကြည့်ခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“ရွေးကောက်ပွဲအပြီး နောက်တစ်ရက်မှာ ကိုယ်စားလှယ်လောင်းတွေကို ကြေညာဖို့အတွက် သူတို့ရရှိတဲ့ ခိုင်လုံမဲတို့ ရာခိုင်နှုန်းတို့ တွက်ရတယ်။ အဲလိုတွက်ဖို့အတွက် စာရင်းစစ်ရုံးကို အကူအညီတောင်းရတယ်။ ဒီတော့ စာရင်းစစ်ရုံးက ဝန်ထမ်း လေးယောက်လာပေးတယ်။ သူတို့ကို အပေါ်ထပ်မှာ သီးခြားရုံးခန်း ပေးထားတယ်။ အဲဒီရုံးခန်းမှာ သူတို့အလုပ်လုပ်ကြတယ်။ ၁၃ ရက်နေ့ အပြီးကြေညာပြီးတဲ့အချိန်မှာ သူတို့ လေးယောက်ထဲက တစ်ယောက်ဖျားတယ်။ အဲဒီဖျားတဲ့ ဝန်ထမ်းက ၁၄ ရက်နေ့ကျတော့ positive လို့ သိရတယ်။”
အဲဒီဝန်ထမ်းနဲ့ထိတွေ့ခဲ့တဲ့ စာရေးဝန်ထမ်းအမျိုးသမီး တစ်ဦးမှာလည်း ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ကော်မရှင်ရုံးမှာရှိတဲ့ တခြား ဝန်ထမ်းတွေကို ဆေးစစ်ကြည့်ခဲ့ရာမှာ နောက်ထပ် ဝန်ထမ်း ခြောက်ဦး ပိုးကူးစက် ခံထားရတာကို သိခဲ့ရတာလို့ ဦးရှိန်ဝင်းက ပြောပါတယ်။
ပိုးတွေ့ဝန်ထမ်းတွေကို မန္တလေး အလုပ်သမားဆေးရုံကို ပို့ဆောင်ထားပြီး သူတို့ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း (မြောက်ပိုင်းခရိုင်) ရွေးကော်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုဦးစီးမှူးနဲ့ အကြီးတန်းစာရေးစတဲ့ လေးဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၅ ရက် မနေ့က ပိုးတွေလူနာ ၉၈၃ ဦးထပ်တိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၆၈၉၉၄ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/seven-covid-positive-mandalay-sub-uec-staffs-11162020062721.html

No comments:
Post a Comment