၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ- မဲရေတွက်မှုတချို့အတွက် ထရမ့်ဘက်က တရားစွဲဆို

ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အသာရနေပြီ၊ ဦးဆောင်နေပြီလို့ ဒေါ်နယ်ထရမ့်ကော ဂျိုးဘိုင်ဒန်ကော နှစ်ဦးလုံးက ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်အဖြေဟာ ထွက်မလာသေးဘဲ အကြိတ်အနယ် ယှဉ်ပြိုင်နေရဆဲ ဖြစ်သလို တရားရုံးတင် တိုင်ကြားတာတွေ လုပ်ဖို့ နှစ်ဖက်လုံးက ဟန်ပြင်နေပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အဓိကကျတဲ့ ပြည်နယ်တွေဖြစ်တဲ့ ဝစ္စကွန်ဆင်၊ ဂျော်ဂျီယာ၊ ပင်ဆယ်လ်ဗေးနီးယားနဲ့ မစ်ရှီဂန် တို့မှာ မဲရေတွက်မှုတွေနဲ့ ပတ်သက်လို့ ထရမ့်မဲဆွယ်ရေးအဖွဲ့က စောဒက တက်နေပါတယ်။

မစ်ရှီဂန်ပြည်နယ်မှာ မစ္စတာ ဘိုင်ဒန် အနိုင်ရတယ်လို့ ဘီဘီစီက တွက်ဆပါတယ်။

ဝစ္စကွန်ဆင်မှာလည်း မစ္စတာဘိုင်ဒန် အနိုင်ရနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာတော့ ရွေးကောက်ပွဲရလဒ် အခုအချိန်ထိ ထွက်မလာသေးပါဘူး။

အမေရိကန် အရှေ့မြောက်ပိုင်း အဲဒီ ပြည်နယ်သုံးခုလုံးမှာ မစ္စတာ ဘိုင်ဒန် အနိုင်ရမယ်ဆိုရင် သူ သမ္မတ ဖြစ်လာမှာပါ။

ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ ကြေညာတာမျိုး မဟုတ်ပေမယ့် ရီပတ်ဘလီကန်ပါတီက သူ့ပြိုင်ဘက် မစ္စတာ ထရမ့်ကို အနိုင်ရလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က ပြောပါတယ်။

အင်္ဂါနေ့တုန်းက ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ကြတဲ့ ပြည်သူစုစုပေါင်းဟာ နှစ်ပေါင်း ၁၂၀ အတွင်း အများဆုံး ဖြစ်ပြီး ၆၆.၉ ရာခိုင်နှုန်းရှိတယ်လို့ အမေရိကန်ရွေးကောက်ပွဲစီမံကိန်း အဖွဲ့ကြီးက ခန့်မှန်းပါတယ်။

မစ္စတာဘိုင်ဒန်ဟာ မဲဆန္ဒရှင် ပြည်သူ ၇၀.၅ သန်းရဲ့ ထောက်ခံမှုကို ရခဲ့ပါတယ်။

ဒါဟာ သမ္မတလောင်းတွေထဲမှာ ထောက်ခံမဲ အများဆုံး ရတာလည်း ဖြစ်ပါတယ်။

မစ္စတာ ထရမ့်ကတော့ ၆၇.၂ သန်း ထောက်ခံမဲ ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ သူရခဲ့တဲ့ ထောက်ခံမဲထက် ၄ သန်း ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒီရွေးကောက်ပွဲကြီးကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက အဓိက လွှမ်းမိုးထားခဲ့ပါတယ်။

အမေရိကန်တလွှားမှာ ဗုဒ္ဓဟူးနေ့တနေ့တည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၁၀၃,၀၀၀ ကျော် စံချိန်တင် တွေ့ရှိခဲ့တယ်လို့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ခြေရာခံလိုက်နေတဲ့ အဖွဲ့ကြီးက ထောက်ပြပါတယ်။

အောင်နိုင်ရေးအဖွဲ့တွေက ဘာပြောနေကြလဲ

"မဲရေတွက်မှုတွေ ပြီးစီးသွားရင်း ကျွန်တော်တို့နိုင်မယ်ဆိုတာ ယုံကြည်တယ်"လို့ မစ္စတာ ဘိုင်ဒန်က ဒယ်လာဝဲပြည်နယ် ဝဲလ်မင်တန်မြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"အမေရိကန် သမ္မတတဦးအဖြစ် အုပ်ချုပ်ခွင့်ရမှာပါ။ သမ္မတရာထူးဆိုတာ ဘက်လိုက်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။"

ဒုသမ္မတအဖြစ် တွဲဖက်ရွေးကောက်ခံတဲ့ ကာမလာ ဟဲရစ်နဲ့ မစ္စတာ ဘိုင်ဒန်တို့နှစ်ဦးဟာ အာဏာလွှဲပြောင်းရေးအတွက် ဝက်ဆိုဒ်တခု ထောင်ထားပါတယ်။

"ဘိုင်ဒန်နဲ့ ဟဲရစ် အစိုးရအဖွဲ့ဟာ တာဝန်လွှဲပြောင်းယူမယ့် ပထမနေ့ကတည်းက လုပ်ငန်းတာဝန်တွေ ချက်ချင်းထမ်းဆောင်နိုင်အောင် အသင့်ဖြစ်နေဖို့အတွက် သူတို့အဖွဲ့က ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပြင်ဆင်နေတယ်" လို့လည်း ဆိုပါတယ်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ သူ အရမ်းပျော်နေတယ်လို့လည်း မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

ဒါပေမဲ့ သမ္မတ ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကတော့ "တရားဝင် မဲတွေအားလုံး" ရေတွက်မှုမှာ အဲဒီပြည်နယ်တွင်း "သူတို့နိုင်ပြီလို့ ကြေညာနိုင်တဲ့အကြောင်း " ပြောနေပါတယ်။

"လက်ရှိ သမ္မတ ထရမ့်နဲ့ ဒုသမ္မတ မိုက်ခ်ပန့်စ် တို့နှစ်ဦး နောက်ထပ် လေးနှစ်တာကာလအတွက် ထပ်အရွေးခံခဲ့ရတယ်ဆိုတာ ဒီသတင်းပတ်ကုန်ပိုင်းမှာ တနိုင်ငံလုံး ရှင်းရှင်းလင်းလင်း သိရမှာပါ" လို့ သမ္မတ ထရမ့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ အကြီးတန်း လက်ထောက် ဂျေဆင် မီလာကပြောပါတယ်။

ထရမ့် နိုင်ခြေရှိသေးလား


မစ္စတာ ဘိုင်ဒန်ဟာ ပြည်နယ်ကိုယ်စားပြု သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်အဖွဲ့ (Electoral College) မဲအရေအတွက် ၂၅၃ မဲ ရထားပါတယ်။

ဒါကြောင့် အိမ်ဖြူတော်ထဲ ဝင်ရောက်အုပ်ချုပ်ခွင့်ရဖို့အတွက် လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ရဖို့အတွက် မစ္စတာဘိုင်ဒန်ဟာ လက်တကမ်းသာ လိုပါတော့တယ်။

မစ္စတာ ထရမ့်ကတော့ လောလောဆယ်မှာ မဲအရေအတွက် ၂၁၄ မဲ ရထားပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေဟာ တဦးချင်းစီ ပေးတဲ့မဲအစား ပြည်နယ်အဆင့် ပြိုင်ဆိုင်မှုတွေအပေါ် မူတည်ပြီး ဆုံးဖြတ်ကြတာဖြစ်ပါတယ်။

ပြည်နယ်လူဦးရေပေါ်မူတည်ပြီး ဖွဲ့စည်းထားတဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်အဖွဲ့ (electoral college) ရဲ့ တိကျတဲ့ မဲအရေအတွက်ကလည်း ပြည်နယ်တိုင်းမှာ ရှိပါတယ်။

အဲဒီလို သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်အဖွဲ့ (electoral college) မဲပေါင်း ၅၃၈ မဲ ရှိပါတယ်။

သမ္မတ ထရမ့်ဟာ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်အဖွဲ့ မဲ ၁၀ မဲ ရှိတဲ့ ဝစ္စကွန်ဆင်ပြည်နယ်မှာ ရှုံးခဲ့တယ်ဆိုရင် နောက်တကြိမ် ထပ်ရွေးကောက်ခံဖို့အတွက် ဂျော်ဂျီယာ (၁၆ မဲ) ၊ မြောက်ကယ်ရိုလိုင်းနား (၁၅ မဲ)၊ ပင်ဆယ်လ်ဗေးနီးယား (၂၀ မဲ) ပြည်နယ်တို့မှာ နိုင်ဖို့ လိုပြီး အရီဇိုးနား (၁၁ မဲ) ဒါမှမဟုတ် နီဗားဒါ (၆ မဲ) ပြည်နယ်တခုခုမှာလည်း နိုင်ရမှာ ဖြစ်ပါတယ်။

ဂျော်ဂျီယာပြည်နယ် အာဏာပိုင်တွေကတော့ မဲရေတွက်မှု မပြီးမချင်း တညလုံး အလုပ်လုပ်သွားမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒေသစံတော်ချိန် ညသန်းခေါင်ယံအချိန်ရောက်တဲ့ထိ မဲပေါင်း ၉၀,၀၀၀ လောက် ရေတွက်ဖို့ ကျန်သေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီအချိန်တုန်းက သမ္မတ ထရမ့်ဟာ မဲအရေတွက် ၃၁,၀၀၀ နဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

အရီဇိုးနားပြည်နယ်မှာတော့ မစ္စတာ ဘိုင်ဒန်က မဲအရေအတွက် ၈၀,၀၀၀ လောက်နဲ့ ဦးဆောင်နေပြီး ကြာသပတေးနေ့အကုန်မှာ နောက်ထပ်မဲရလဒ်အဖြေတွေ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

စီဘီအက်စ် သတင်းဌာနကတော့ အရီဇိုးနားပြည်နယ်ဟာ ဒီမိုကရက်တို့ နိုင်ခြေရှိတဲ့ ပြည်နယ်ထဲမှာ ထည့်ထားပါတယ်။

မယ်ရီကိုပါ ကောင်တီက မဲရေတွက်ရာနေရာအပြင်မှာ သမ္မတ ထရမ့်ကို ထောက်ခံသူတွေ စုဝေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေကတော့ သူတို့လုပ်စရာရှိတာ ဆက်လုပ်မယ်လို့ ကတိပေးပြောကြားထားပါတယ်။

သမ္မတလောင်းနှစ်ဦးကြား အကြိတ်အနယ်ရှိနေတဲ့ နီဗားဒါးပြည်နယ်ရဲ့မဲရလဒ်ကတော့ ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီအထိ ထွက်လာဖွယ် မရှိသေးသလို ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က မဲရေတွက်မှုတွေကလည်း နောက်ရက်အနည်းငယ်ကြာတဲ့အထိ ပြီးစီးနိုင်ဖွယ် မရှိသေးပါဘူး။

ဂျိုးဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်

တရားဥပဒေကြောင်းအရ စောဒကတက်မှုများ (တရားစွဲဆိုမှုများ)

"ဝစ္စကွန်ဆင်ကောင်တီတချို့မှာ မမှန်မကန် လုပ်မှုတွေ" ရှိတဲ့အကြောင်း ထောက်ပြပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဝစ္စကွန်ဆင်ပြည်နယ်မှာ မဲပြန်လည်ရေတွက်ဖို့ တရားဝင် တောင်းဆိုခံခဲ့တယ်လို့ ထရမ့်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။

မဲရေတွက်မှု မပြီးစီးသေးပေမယ့် လက်ရှိထွက်လာတဲ့ မဲရလဒ်တွေအရ ဝစ္စကွန်ဆင်ပြည်နယ်မှာ မစ္စတာ ထရမ့်နဲ့ မစ္စတာ ဘိုင်ဒန်ကြား ကွာဟမှုက ၁ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။ ဒီတော့ သမ္မတလောင်းတဦးက မဲပြန်လည်ရေတွက်ဖို့ တောင်းဆိုခွင့် ရှိပါတယ်။

ထရမ့်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဟာ မီရှီဂန်ပြည်နယ်မှာ မဲရေတွက်မှုတွေ ရပ်တန့်ဖို့အတွက် တရားစွဲဆိုလိုက်ပါတယ်။

မီရှီဂန်ပြည်နယ်မှာ မဲတွေ စရေတွက်ချိန်မှာ လေ့လာစောင့်ကြည့်ခွင့် မပေးခဲ့တဲ့အတွက် အခုလို တရားစွဲဆိုတာ ဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။

မီရှီဂန်ပြည်နယ် ဒက်ထရွိုက်မြို့မှာ မဲရေတွက်မှုတွေကို စောင့်ကြည့်လေ့လာခွင့်ပြုဖို့ ဆန္ဒပြသမားတွေက အဆောက်အအုံ အပြင်ဘက်ကနေ တောင်းဆိုခဲ့တာကြောင့် မဲရေတွက်နေတဲ့ အဆောက်အအုံ တံခါးတွေကို စောင့်ကြပ်ကြည့်ရှု့ဖို့ ရဲတပ်ဖွဲ့ကို ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ညွှန်ကြားထားပါတယ်။

ဒက်ထရွိုက်မြို့ Free Press အဖွဲ့ကြီးကတော့ မဲရေနေတဲ့ အဆောက်အအုံအတွင်းထဲမှာ စောင့်ကြည့်လေ့လာသူ ၂၀၀ ရောက်နှင့်နေပြီးဖြစ်တယ်လို့ ပြောပါတယ်။

ထရမ့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဟာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် မဲရေတွက်မှုတွေမှာ ပွင့်လင်းမြင်သာမှု မရှိမချင်း မဲရေတွက်မှုအားလုံးကို ရပ်တနံ့်ထားဖို့ အမှု ၂ ခု တရားစွဲဆိုခဲ့ပါတယ်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ သမ္မတက သုံးမှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ မဲထောင်ချီ ရေတွက်ဖို့ ကျန်ပါသေးတယ်။

ဂျော်ဂျီယာ ပြည်နယ်မှာ မဲရေတွက်မှုတွေ ရပ်တန့်ဖို့အတွက် မစ္စတာ ထရမ့်က တရားထပ်စွဲပါတယ်။

ချာသန်ကောင်တီမှာ နောက်ကျပြီးမှ ရောက်လာတဲ့ အဝေးရောက်မဲ ၅၃ မဲကို မဲပုံတွေထဲ တရားမဝင် ပေါင်းထည့်ခဲ့တယ်ဆိုတာကို ဂျော်ဂျီယာပြည်နယ်က ရီပတ်ဘလီကန်ပါတီရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက တွေ့ရှိခဲ့တယ်လို့ ထရမ့်ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့က ပြောပါတယ်။

၂၀၁၆ ခုနှစ်တုန်းကတော့ ဝစ္စကွန်ဆင်၊ မီရှီဂန်နဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်တို့မှာ မစ္စတာ ထရမ့်အနိုင်ရခဲ့တာတွေဟာ ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးခဲ့ပြီး သမ္မတ ဖြစ်လာခဲ့ပါတယ်။

မရေတွက်ရသေးတဲ့ မဲတွေ အများကြီး ကျန်နေသေးတယ်ဆိုပေမယ့် ဒီရွေးကောက်ပွဲမှာ သူနိုင်တယ်လို့ သမ္မတ ထရမ့်က ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုမှုကို ဒီမိုကရက်တွေကော၊ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမေရိကန် တရားရုံးချုပ်ထိ တိုင်ကြားသွားဖို့ သူပြင်ဆင်နေတယ်လို့လည်း မစ္စတာ ထရမ့်က ပြောပါတယ်။

တချိန်တည်းမှာပဲ သူ့ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကလည်း တရားစွဲဆိုမှု လုပ်ငန်းရပ်တွေအတွက် ရန်ပုံငွေထောက်ပံ့ဖို့ ရီပတ်ဘလစ်ကန် အလှူရှင်တွေထံ တောင်းခံနေပါတယ်။

ဒီလိုမျိုး စောဒကတက်မှုတွေ၊ တရားစွဲဆိုမှုတွေဟာ ပြည်နယ်အဆင့်တွေမှာသာ ရှိနေသေးတယ်ဆိုပေမယ့် တရားရုံးချုပ်ထိတောင် ရောက်လာနိုင်ပါတယ်။

"တိုက်ပွဲ မပြီးသေးပါဘူး။ ကျွန်မတို့ ဆက်လက်တိုက်ပွဲဝင်နေသေးတယ်" လို့ ရီပတ်ဘလစ်ကန် အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ရိုနာ မက်ဒန်ဒီယယ် က ပြောပါတယ်။

မစ္စတာ ဘိုင်ဒန်နဲ့အတူ ဝင်အရွေးခံတဲ့ ကာမလာ ဟဲရစ်ကတော့ "သတင်းပတ်တွေနဲ့ချီ ကြာနိုင်တဲ့" တရားစွဲဆိုမှုအတွက် အမေရိကန် ဒေါ်လာ ငါးဒေါ်လာစီ ထည့်ဝင်လှူဒန်းကြဖို့ ဒီမိုကရက်ထောက်ခံသူတွေကို တွစ်တာကနေတဆင့် တောင်းဆိုထားပါတယ်။

တရားဝင် မဲတွေကို ပျက်ပြယ်အောင်လုပ်အောင်တဲ့ အနေအထား မစ္စတာ ထရမ့်မှာ မရှိဘူးလို့ ဘိုင်ဒန် ရွေးကောက်ပွဲအောင်နိုင်ရေး စီနီယာ ဥပဒေ အကြံပေး ဘော့ဖ် ဘာဝါက ပြောပါတယ်။

အဓိကကျတဲ့ တခြားပြည်နယ်တွေရဲ့ ရလဒ်တွေ

မြေပုံ

ရွေးကောက်ပွဲ ကျင်းပတဲ့ညမှာပဲ ပြတ်ပြတ်သားသား အနိုင်ရဖို့ မျှော်လင့်ထားတဲ့ မစ္စတာ ဘိုင်ဒန်ရဲ့ မျှော်လင့်ချက်တွေဟာ မစ္စတာထရမ့်ကြောင့် ပျက်ပြားခဲ့ရပါတယ်။

ရွေးကောက်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ပါတီကြီးနှစ်ခုကြား ဟိုဘက်ဒီဘက် ယိမ်းနေနိုင်တဲ့ အဓိက ပြည်နယ်ကြီးတွေမှာ လူထုစစ်တမ်းတွေရဲ့ ခန့်မှန်းတွက်ဆမှုတွေကို ဆန့်ကျင်ပြီး မစ္စတာ ထရမ့်က အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။

သမ္မတ ထရမ့်ဟာ တက္ကဆက်၊ အိုဟိုင်းယိုးနဲ့ အိုင်အိုဝါ အပါအဝင် အရေးပါတဲ့ ပြည်နယ်တချို့မှာ နိုင်ထားပါတယ်။

မစ္စတာ ဘိုင်ဒန်ရော သမ္မတဟောင်း ဘားရက်ခ် အိုဘားမားပါ သွားရောက်စည်းရုံးခဲ့ပေမယ့် ဖလော်ရီဒါပြည်နယ်မှာ သမ္မတ ထရမ့်က အပြတ်အသတ် နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နယူး ဟမ်ရှိုင်းရားပြည်နယ်နဲ့ မင်နီဆိုးတားပြည်နယ်တို့မှာ အနိုင်ရဖို့ မစ္စတာ ထရမ့်ရဲ့ ကြိုးပမ်းချက်တွေကို တားဆီးခဲ့ပါတယ်။

ကွန်ကရက်လွှတ်တော်အတွက် အားပြိုင်မှုများ

ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့ အပြာရောင် လှိုင်းလုံးကြီးတွေဟာ ရီပတ်ဘလစ်ကန် ပါတီကို ဖယ်ရှားပစ်ဖို့ ဒီမိုကရက်ပါတီဝင်တွေ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမျှော်လင့်ချက်တွေ အခုတော့ မှေးမှိန်သွားခဲ့ပါပြီ။

အထက်လွှတ်တော်မှာ အသာစီးရဖို့ သူတို့နိုင်နိုင်ခြေရှိတဲ့ အခွင့်အရေးတွေကလည်း ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နေ့ကတည်းက လျော့နည်းလာခဲ့ပါတယ်။

ကော်လိုရာဒိုနဲ့ အရီဇိုးနားပြည်နယ်တို့မှာ ဒီမိုကရက်တို့ ၂ နေရာ နိုင်ထားပေမယ့် အလာဘားမားမှာတော့ ရှုံးထားပါတယ်။

မြောက်ကယ်ရိုလိုင်းနားအတွက် အထက်လွှတ်တော်နေရာအတွက်ကတော့ အဖြေထွက်မလာသေးပါဘူး။

ကျန်ရှိနေသေးတဲ့ ကိုယ်စားလှယ်နေရာတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ စိတ်အေးရတယ်လို့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ချ်မက်ကော်နယ်လ် က ပြောပါတယ်။

လက်ရှိမှာတော့ ရီပတ်ဘလစ်ကန်တို့က အထက်လွှတ်တော်အတွက် ၅၃ နေရာမှာ ၄၈ မဲ ကြီးစိုးထားတာပါ။

မစ္စတာ မက်ကော်နယ်လ်ကော မစ္စတာ ထရမ့်ရဲ့ မိတ်တွေ လင်ဇီ ဂရမ်တို့ နှစ်ဦးလုံးကတော့ နောက်တကြိမ် ထပ်မံ ရွေးကောက်ခံခဲ့ရပါတယ်။

မိန်း၊ မွန်တားနား၊ တက္ကဆက် နဲ့ အိုင်အိုဝါ ပြည်နယ်တွေက အထက်လွှတ်တော်မဲဆန္ဒနယ်တွေကိုလည်း ရီပတ်ဘလစ်ကန်တို့ သိမ်းယူထားပါတယ်။

အောက်လွှတ်တော်မှာလည်း ဒီမိုကရက်တို့ မမျှော်လင့်ပဲ ယိမ်းယိုင်သွားခဲ့ပါတယ်။

လက်ရှိ ဒီမိုကရက်တွေ ကြီးစိုးထားတဲ့ အောက်လွှတ်တော်မှာ ၁၅ နေရာ အနိုင်ရဖို့ ဒီမိုကရက်ပါတီက မျှော်လင့်ခဲ့တာပါ။

ဒါပေမဲ့ လက်ရှိ အနိုင်ရထားတဲ့ နေရာ ၇ နေရာ ရှုံးသွားခဲ့ပြီးနောက်ပိုင်း အောက်လွှတ်တော်မှာ ဒီမိုကရက်တို့ ကြီးစိုးထားနိုင်မယ့် အနေအထား လျော့နည်းသွားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54834259

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ- မဲရေတွက်မှုတချို့အတွက် ထရမ့်ဘက်က တရားစွဲဆို ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ- မဲရေတွက်မှုတချို့အတွက် ထရမ့်ဘက်က တရားစွဲဆို Reviewed by THITHTOOLWIN on 23:26 Rating: 5

No comments:

Powered by Blogger.