ခြိမ်းခြောက်မဲဆွယ်မှု စွပ်စွဲချက်ကို ဝန်ကြီးဟောင်း ငြင်းဆို


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဒေသခံ ကမန်တိုင်းရင်းသားတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ပါတီကိုယ်စားလှယ်လောင်းတွေက ခြိမ်းခြောက်မဲဆွယ်ခဲ့ ကြတယ်လို့ ဒေသခံတွေက ပြောပေမယ့်လည်း ပါတီဘက်က ငြင်းဆိုပါတယ်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာရဲ့ ရွာအလယ်ပိုင်း USDP ပါတီရုံးခန်းမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း သုံးဦးတို့က ရပ်မိရပ်ဖတွေ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေကို ခေါ်ပြီး မနေ့ နေ့လယ်ပိုင်းတုန်းက ခြိမ်းခြောက်မဲဆွယ်ခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေဘက်က စွပ်စွဲချက်နဲ့ပတ်သက်ပြီး USDP ပါတီ ကိုယ်စားလှယ်ဦးကျော်ခင်ကို ဆက်သွယ် မေးမြန်းရာမှာတော့ ခြိမ်းခြောက်ပြီး မဲဆွယ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

ဦးကျော်ခင်ဟာ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် လက်ထက်တုန်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ စီးပွားရေးနဲ့ စီမံကိန်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီရွာဒေသခံ အများစုတို့ဟာ ဦးကျော်ခင်အပေါ် မလွန်ဆန်နိုင်တဲ့အခြေအနေမှာ ရှိနေကြတာပါ။

ကျောက်နီမော်ကျေးရွာဟာ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသားအများစုနေထိုင်ပြီး ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ပဋိပက္ခစတင်ဖြစ်ပွားတဲ့ နေရာလည်းဖြစ်ပါတယ်။

ဒီလိုပြဿနာတွေဖြစ်ပွားပြီး ရွာကိုမီးရှို့ဖို့လာတဲ့သူတွေကို တားဆီးခဲ့ပေးခဲ့တဲ့ ကျေးဇူးတရားတွေကို မမေ့ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ခင်က မဲဆွယ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီမဲဆွယ်မှုနဲ့ပတ်သက်ပြီး ဒေသခံတွေက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဆီ တိုင်ကြားတာတွေ မလုပ်ကြသေးပါဘူး။

ခုလိုဖြစ်စဉ်တွေကို ပြည်သူတွေက ဆုံးဖြတ်ပေးသွားလိမ့်မယ်လို့ ရမ်းဗြဲမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌလည်းဖြစ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ ဦးထွန်းထွန်းဦးက ပြောပါတယ်။

ရမ်းဗြဲမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံံဖြိုးရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကျောက်နီမော်မှာ ခြိမ်းခြောက်မဲဆွယ်တယ်ဆိုတဲ့ကိစ္စ တိုင်ကြားထားတာ မရှိသေးဘဲ တကယ်လို့ အဲဒီလို ခြိမ်းခြောက် မဲဆွယ်တယ်ဆိုရင် ရွေးကောက်ပွဲဥပဒေနဲ့ ညိစွန်းတယ်လို့ ကျောက်ဖြူခရိုင် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဌေးအောင်ခိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ကျောက်နီမော် ကျေးရွာအပါအဝင် ရမ်းဗြဲမြို့နယ်က မဲဆန္ဒနယ် အားလုံးမှာ ရခိုင်အမျိုးသားပါတီက အနိုင်ရရှိခဲ့ပါတယ်။

ကျောက်နီမော်ကျေးရွာမှာ မဲပေးခွင့်ရှိသူ ရှစ်ထောင်နီးပါးရှိပြီး အဲဒီအထဲမှာ ကမန်တိုင်းရင်းသား လေးထောင် ကျော်နဲ့ ရခိုင်တိုင်းရင်းသား လေးထောင်နီးပါး ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/former-yanbye-pm-denies-intimidation-campaign-11072020052634.html

ခြိမ်းခြောက်မဲဆွယ်မှု စွပ်စွဲချက်ကို ဝန်ကြီးဟောင်း ငြင်းဆို  ခြိမ်းခြောက်မဲဆွယ်မှု စွပ်စွဲချက်ကို ဝန်ကြီးဟောင်း ငြင်းဆို Reviewed by THITHTOOLWIN on 23:06 Rating: 5

No comments:

Powered by Blogger.