မုံရွာ၊နိုဝင်ဘာ-၁၉
မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် နယ်မြေ ၇ အောင်ဇေယျလမ်းတွင် နေအိမ်ရှေ့ ဖုန်း V_Call ပြောနေသော လူငယ်တစ်ဦးအား လူနှစ်ဦးမှ ဓားဟုယူဆရသောချွန်ထက်သောပစ္စည်းဖြင့် လည်ပင်းအားထိုးကာ ထွက်ပြေးသွားမှု ယမန်နေ့ (နိုဝင်ဘာ၁၈) ည ၉နာရီခန့်က ဖြစ်ပွားခဲ့သည်။
ဓားထိုးခံရသော အသက် ၂၀အရွယ်လူငယ်မှာ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးခဲ့သည်။
"နေပြည်တော်က သူ့သူငယ်ချင်းနဲ့ပြောနေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ယောက်က လူနာမည်လာမေးတယ်ပြောတယ်။အဲဒီလူက ဒီလမ်းမှာ မဟုတ်ဖူးလို့ ပြောနေတုန်း
ဝင်ထိုးသွားတာလို့ သူ့အိမ်ကလူတွေဆီက သိရတယ်။အိမ်ကလူတွေကလည်း အထဲမှာဆိုတော့ မသိလိုက်ကြဘူး၊သူက အော်ခေါ်ပြီးပြန်ပြောမှသိတာ "ဟု နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်သန်းကပြောသည်။
၎င်းဖြစ်စဉ်အားနယ်မြေရဲစခန်းတွင် လူသတ်မှုပုဒ်မ ၃၀၂ဖြင့် ဖွင့်ထားသည်။
လူသတ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးနိုင်ရေး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ကိုအောင်ကြီး
Monywa Gazette

No comments:
Post a Comment