တန်ဖိုးကြီး လက်ပတ်နာရီတွေအရေးနဲ့ သြစတြေးလျစာတိုက်ဌာန အကြီးအကဲ နုတ်ထွက်ရ

ခရစ်စတင်း ဟိုးလ်ဂိတ်က နာရီတွေဟာ တာဝန်ထမ်းဆောင်မှုကောင်းတဲ့ ဝန်ထမ်းတွေကို ဆုချီးမြှင့်တာလို့ဆို

တာဝန်ထမ်းဆောင်မှုကောင်းတဲ့ ဝန်ထမ်း လေးယောက်ကို တန်ဖိုးကြီး လက်ပတ်နာရီဆုတွေ ချီးမြှင့်ဖို့အတွက် သြစတြေးလျဒေါ်လာ နှစ်သောင်း (အမေရိကန်ဒေါ်လာ ၁၄၀၀၀)သုံးဖို့ခွင့်ပြု လိုက်ပြီးတဲ့နောက် အဲဒီကိစ္စနဲ့ သြစတြေးလျစာတိုက်ဌာန အကြီးအကဲ ရာထူးကနေ နုတ်ထွက် သွားပါတယ်။

နိုင်ငံပိုင်စာတိုက်ဌာနကို ၂၀၁၇ခုနှစ်ကတည်းက အလုပ်အမှုဆောင် အရာရှိချုပ် အဖြစ်တာဝန်ယူခဲ့တဲ့ ခရစ်စတင်း ဟိုးလ်ဂိတ်ဟာ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးပစ်တယ်ဆိုပြီး အများက အပြင်း အထန် ဝေဖန်တာကို ခံခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ကာတီအေ (Cartier) လက်ပတ်နာရီတွေကို ဆုအဖြစ်ချီးမြှင့်ခဲ့တဲ့အကြောင်း လွှတ်တော်အတွင်း မေးမြန်းမှုကနေတစ်ဆင့် ပြီးခဲ့တဲ့လအတွင်းက သိရှိပြီးတဲ့နောက် စုံစမ်းစစ်ဆေးတာတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်က ဒီလိုဖြုန်းတီးသုံးစွဲမှုမျိုးကို လက်မခံနိုင်တဲ့အတွက် သိပ်ကို အံ့သြတုန်လှုပ်မိတယ်လို့ ပြောပါတယ်။

အရင်လအတွင်းမှာ မစ္စတာ မော်ရစ်ဆန်က ဗြိတိသျှလူမျိုး အလုပ်အမှုဆောင်အရာရှိဟာ သူ့ရာထူးကနေ "ဆင်းပေးသင့်တယ်"လို့ ပြောခဲ့ပါတယ်။

" အခွန်ထမ်းပြည်သူတွေကိုကိုယ်စားပြုပြီး သြစတြေးလျစာတိုက်ဌာနကိုပေးတဲ့ ရန်ပုံငွေ တစ်ပြားတစ်ချပ်တိုင်းကို စီမံခန့်ခွဲရမှာဖြစ်တယ်၊ အခွန်ထမ်းပြည်သူတွေကို အလေးထားတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်"လို့ သူက ပြောပါတယ်။

သြစတြေးလျ စာတိုက်ဌာနဟာ လွတ်လပ်တဲ့ ဘုတ်အဖွဲ့တစ်ခုအောက်မှာ စီမံခန့်ခွဲနေတာ ဖြစ်ပေမဲ့ သြစတြေးလျအစိုးရကပဲ အခွန်ထမ်းပြည်သူတွေကို ကိုယ်စားပြုပြီး ပိုင်ဆိုင်တာပါ။

တနင်္လာနေ့မှာ မစ္စ ဟိုးလ်ဂိတ်က သူ ချက်ချင်းနုတ်ထွက်တဲ့စာကို ဘုတ်အဖွဲ့ကိုတင်ခဲ့ပါတယ်။

သူက စာတိုက်လုပ်ငန်းတွေ အလုပ်များတော့မယ့် ခရစ်စမတ်ကာလမတိုင်မီ စာတိုက်ဌာနမှာ "အကြီးအမား အနှောင့်အယှက်ဖြစ်စရာကိစ္စ"တွေဖြစ်မှာကို မလိုလားကြောင်း ပြောပါတယ်။

"ကျွန်မတို့ သြစတြေးလျ စာတိုက်လုပ်ငန်းကိုသုံးစွဲနေသူတွေအတွက် အလုပ်တွေကို အာရုံစိုက်ပြီး လုပ်ကိုင်နိုင်စေရေးအတွက် ကျွန်မတာဝန်ကနေ နုတ်ထွက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်လိုက်ပါတယ်"လို့ သူက ကြေညာချက်ထဲမှာ ပြောခဲ့ပါတယ်။

မစ္စ ဟိုးလ်ဂိတ်က လုပ်ငန်းထမ်းဆောင်မှုကောင်းတဲ့အတွက် ဆုချီးမြှင့်တဲ့အနေနဲ့ ဒီနာရီ လက်ဆောင်တွေကို ပေးခဲ့တာလို့ အစဉ်တစိုက်ကာကွယ်ပြောကြားခဲ့ပါတယ်။

"ကောင်းမွန်တဲ့ ပြုမူလုပ်ဆောင်ချက်တွေအတွက် ကျေးဇူးတင်ရမှာပါ၊ ဆုချီးမြှင့်ရမှာပါ။"

သြစတြေးလျ စာတိုက်ဌာနဟာ အစိုးရပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်

သြစတြေးလျ ဒေါ်လာ ၂၂၀ သန်း ရင်းနှီးမြှုပ်နှံထားတဲ့ ဒီစာတိုက်လုပ်ငန်းဟာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် လုပ်ငန်းရဲ့ ဘဏ္ဍာရေးပိုင်းမှာ "သိသိသာသာ တိုးတက်"လာတယ်လို့ လည်း သူကရေးထားပါတယ်။

"ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကလုပ်ခဲ့ပြီး အဲဒီအချိန်က ဘုတ်အဖွဲ့ ဥက္ကဋ္ဌက ထောက်ခံခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကြောင့် အငြင်းအခုံတွေ၊ စိတ်အနှာင့်အယှက်ဖြစ်ရာတာတွေအတွက် သူ နောင်တရမိတယ်"လို့လည်း သူ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ရေးသားထားပါတယ်။

ကမ္ဘာ့ကပ်ဘေးကာလအတွင်း ပစ္စည်းတွေ အဓိကပို့ဆောင်ပေးတဲ့ဌာနအဖြစ် သြစတြေးလျစာတိုက် ဌာနက တာဝန်ယူပေးခဲ့ပါတယ်။

သြစတြေးလျမှာ ဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့တာတွေ စဖြစ်ချိန်ကတည်းက အခုအချိန်အထိ ဒီဌာနအနေနဲ့ နိုင်ငံတစ်ဝန်းကို ပါဆယ်အထုပ်ပေါင်း သန်း ၃၀၀ ပို့ဆောင်ပေးခဲ့သလို သြစတြေးလျက အွန်လိုင်း စီးပွားရေးလုပ်ငန်း ၈၀% ကျော်ကိုလည်း ကူညီလုပ်ဆောင်ပေးတာလို့ မစ္စ ဟိုးလ်ဂိတ် က ပြောပါတယ်။

သြစတြေးလျ စာတိုက်ဌာနကို မရောက်ခင်တုန်းက သူဟာ သြစတြေးလျ ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Blackmores ကုမ္ပဏီမှာ အောင်မြင်မှုတွေ ရခဲ့တဲ့အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ကဏ္ဍမှာ ချီးကျူးခံခဲ့ရသူပါ။

သူ့ရာထူးနေရာကို ဘယ်သူဆက်ခံမလဲဆိုတာတော့ မကြေညာသေးပါဘူး။ 


BBC Burmese

https://www.bbc.com/burmese/world-54783025

တန်ဖိုးကြီး လက်ပတ်နာရီတွေအရေးနဲ့ သြစတြေးလျစာတိုက်ဌာန အကြီးအကဲ နုတ်ထွက်ရ တန်ဖိုးကြီး လက်ပတ်နာရီတွေအရေးနဲ့ သြစတြေးလျစာတိုက်ဌာန အကြီးအကဲ နုတ်ထွက်ရ Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.