ဘိုင်ဒန်အနိုင်ရတယ်လို့ ထရမ့်ပြော ၊ ဒါပေမဲ့ အရှုံးကို ဝန်ခံဖို့ ငြင်းဆန်ဆဲ


အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်အနိုင်ရတယ်ဆိုတာကို ဒေါ်နယ်ထရမ့် ပထမဆုံးအကြိမ် အသိအမှတ်ပြု လက်ခံတဲ့ အရိပ်အယောင် တွေ့ခဲ့ရပေမဲ့ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ကြောင်းကိုတော့ ဝန်ခံဦးမှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

"ရွေးကောက်ပွဲ မသမာမှု ရှိခဲ့တဲ့အတွက်ကြောင့် သူနိုင်သွားခဲ့တယ်" လို့ တွစ်တာပေါ်မှာ မစ္စတာ ထရမ့် ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်း အကြာမှာပဲ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တယ်ဆိုတာကိုတော့ ဝန်ခံနေတာ မဟုတ်ဘူးလို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ မသမာမှု အများအပြား ရှိခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်တဲ့ ပြောဆိုမှုတွေကို မစ္စတာ ထရမ့် ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အဓိကကျတဲ့ ပြည်နယ်တွေမှာ တရားစွဲဆိုမှုတွေ အများအပြား လုပ်ခဲ့ပေမဲ့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုတဲ့ သူ့ရဲ့ ပြောဆိုချက်တွေကို အကာအကွယ်ပေးမယ့် သက်သေအထောက်အထားတွေ မပြနိုင်ခဲ့ပါဘူး။

ဒါကြောင့် ဥပဒေကြောင်းအရ သူရဲ့ ကြိုးပမ်းချက်တွေဟာ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

"မဲရလဒ်တွေဟာ အမေရိကန် သမိုင်းမှာ လုံခြုံစိတ်ချရဆုံးဖြစ်တယ်" လို့ သောကြာနေ့မှာ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

သမ္မတရဲ့ ပြောဆိုမှုတွေကို ပြည်နယ်နဲ့ ဗဟိုအစိုးရ အာဏာပိုင်တွေက အပွင့်လင်းဆုံး ပြန်လည်ချေပတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာ ထရမ့်ကတော့ မစ္စတာ ဘိုင်ဒန်အနိုင်ရကြောင်း အသိအမှတ်ပြု လက်ခံဖို့ အခုအချိန်ထိ ငြင်းဆန်နေဆဲဖြစ်ပါတယ်။

"သမ္မတ ထရမ့်ဟာ ဒုတိယအကြိမ် သမ္မတ တာဝန် ဆက်လက်ထမ်းဆောင်ရမယ်လို့ ယုံကြည်နေတယ်" လို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး ကိုင်လီ မက်အန်နာနီက Fox News သတင်းဌာနကို ပြောခဲ့ပါတယ်။

အဲဒီနေ့ တစ်နေ့တည်းမှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း မစ္စတာ ထရမ့်က အနာဂတ်မှာ ဘယ်အစိုးရ အုပ်ချုပ်ခွင့်ရမလဲဆိုတာ ဘယ်သူသိမှာလဲလို့ မစ္စတာ ထရမ့်က ပြောခဲ့ပါတယ်။

မစ္စဘိုင်ဒန်အနိုင်ရမှုကို အသိအမှတ်ပြု လက်မခံသေးပေမယ့် သမ္မတ ထရမ့်က "ဘာကိုမှ ဝန်မခံသေးဘူး" လို့ တနင်္ဂနွေနေ့မှာ တွစ်တာပေါ်မှာ ဆက်ရေးခဲ့ပါတယ်။

"ရွေးကောက်ပွဲ မသမာမှုရှိတယ်ဆိုတဲ့ ပြောဆိုမှုကို လက်ခံမှာ မဟုတ်ဘူး" လို့ မစ္စတာ ထရမ့်ရဲ့ အခုနောက်ဆုံး စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တွစ်တာက သတိပေးထားပါတယ်။

သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်တဲ့ မစ္စတာ ထရမ့်ရဲ့ ပြောဆိုမှုတွေကို ထောက်ခံအားပေးဖို့အတွက် စနေနေ့မှာ သူ့ကို ထောက်ခံသူ ထောင်နဲ့ချီက ဝါရှင်တန်ဒီစီမှာ ဆန္ဒပြခဲ့ကြပါတယ်။

အလံတွေ ဝှေ့ယမ်းနေတဲ့ ဆန္ဒပြသမားတွေနဲ့အတူ Proud Boys အဖွဲ့အပါအဝင် လက်ယာစွန်း အုပ်စု အဖွဲ့ဝင်တွေလည်း ဝင်ရောက်ပူးပေါင်းခဲ့ပါတယ်။

အဲဒီထဲက တချို့ဆို ဦးထုပ်အမာစားတွေ ဆောင်းထားကြပြီး ကျဉ်ကာအကျီတွေလည်း ဝတ်ထားကြပါတယ်။

များသောအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတယ်ဆိုပေမဲ့ ညနေပိုင်းမှာ အဓိကရုဏ်းတချို့ ပေါ်ပေါက်ခဲ့ပါတယ်။

ထရမ့်ကို ထောက်ခံသူတွေနဲ့ တုံ့ပြန် ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့တာပါ။

လူပေါင်း ၂၀ ကို ဖမ်းဆီးထားပြီး ကိုယ်ထိလက်ရောက် ကျုးလွန်မှု၊ လက်နက်ကိုင်ဆောင်မှုတွေအပါအဝင် စွဲချက်ပေါင်း မျိုးစုံနဲ့ စွဲဆိုထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လူတစ်ဦး ဓားထိုးခံရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

ရဲဝန်ထမ်းနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မစ္စတာ ထရမ့်အနေနဲ့ ရွေးကောက်ပွဲရှုံးနိမ့်မှုကို ဝန်ခံဖို့နဲ့ အစိုးရတစ်ခုကနေ နောက်အစိုးရတစ်ခုကို အာဏာအလွှဲအပြောင်းအတွက် ပြင်ဆင်ရာမှာ ပံ့ပိုးကူညီဖို့ ဖိအားတွေ ပိုတိုးလာနေပါတယ်။

အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်တွေ စတင်ဖို့အတွက် တာဝန်ပေးအပ်ထားတဲ့ GSA အစိုးရစီမံခန့်ခွဲရေးဆိုင်ရာ အေဂျင်စီအဖွဲ့ဟာ မစ္စတာဘိုင်ဒန်နဲ့ မစ္စ ကာမလာ ဟဲရစ်တို့နှစ်ဦး အနိုင်ရကြောင်း အသိအမှတ်မပြုသေးပါဘူး။

မစ္စတာဘိုင်ဒန်အဖွဲ့ကို လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွေမှာ ဝင်ရောက်ခွင့် မပေးသေးသလို ဗဟိုအစိုးရအဖွဲ့အစည်းတွေနဲ့ အာဏာလွှဲပြောင်းရေး အဆင်ချောစေဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေလည်း မရသေးပါဘူး။

အဲဒီလို အခွင့်အရေး မပေးတာဟာ စီမံအုပ်ချုပ်ဖို့အတွက် မစ္စတာ ဘိုင်ဒန်ရဲ့ အရည်အချင်းအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ မစ္စတာ ဘိုင်ဒန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျန် ဆာကီက ပြောပါတယ်။

ရွေးကောက်ခံ သမ္မတအနေနဲ့ နေ့စဉ် စစ်ရေး အစည်းအဝေးတွေ လုပ်ဆောင်ဖို့ တောင်းဆိုမှုတွေကို ရီပတ်ဘလီကန် ပါတီဝင်တွေလည်း တဖြည်းဖြည်း ထောက်ခံလာကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54950757

ဘိုင်ဒန်အနိုင်ရတယ်လို့ ထရမ့်ပြော ၊ ဒါပေမဲ့ အရှုံးကို ဝန်ခံဖို့ ငြင်းဆန်ဆဲ  ဘိုင်ဒန်အနိုင်ရတယ်လို့ ထရမ့်ပြော ၊ ဒါပေမဲ့ အရှုံးကို ဝန်ခံဖို့ ငြင်းဆန်ဆဲ Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.