ထိုင်းနိုင်ငံ မဟာချိုင်က ငါး၊ ပုဇွန်ထုတ်လုပ်တဲ့ အလုပ်ရုံတစ်ခုမှာ မြန်မာအလုပ်သမားတချို့ကို ၂ဝ၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: NICOLAS ASFOURI / AFP
နှစ်နိုင်ငံသဘောတူညီချက် MOU နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေက အလုပ်သမားတွေကို အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ် တိုးပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၁ ဒီဇင်ဘာလအထိ အလုပ်လုပ်ခွင့်ရထားသူတွေကို နောက်ထပ် ၂ နှစ်သက်တမ်းတိုးပေးမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တာ လေးနှစ်ပြည့်သွားတဲ့ MOU စာအုပ်ကိုင်ဆောင်ထားသူ အလုပ်သမားတွေကို သက်တမ်း ၂ နှစ် တိုးပေးဖို့ ထိုင်းဝန်ကြီးများ အစည်းအဝေးကနေ သဘောတူထားပြီး ဖြစ်ပါတယ်။
သက်တမ်းတိုးဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေကို ကျန်းမာရေးစစ်ဆေးပြီး ဆေးစာရွက်နဲ့အတူ အလုပ်အကိုင်ဌာနကို လျှောက်ထားရမှာဖြစ်ပြီး နေထိုင်ခွင့်ကိုတော့ လူဝင်မှုကြီးကြပ်ရေးဌာနကို လျှောက်ထားရမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စရာချ်ရှဒါ (Ms Rachada) က နိုဝင်ဘာ ၁၀ ရက် နေ့က ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥပဒေအရေ MOU နဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေဟာ ၄ နှစ် ပြည့်ရင် နေရပ်ပြန်ရမှာဖြစ်ပေမဲ့ အလုပ်အကိုင်ရှားပါးမှု၊ ကပ်ရောဂါအရေးပေါ် ကန့်သတ်ချက်တွေနဲ့ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ နေရပ်ပြန်စရာမလိုဘဲ သက်တမ်းတိုးခွင့် ပြုလိုက်တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံထဲ မြန်မာလုပ်သားတွေ ပြန်ခေါ်မယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှု ကုန်ကျစရိတ် ထိုင်းဘတ်ငွေ ၁ သောင်း ကနေ ၂ သောင်းထိ ကုန်ကျမှာ ဖြစ်ပြီး အဲဒီစရိတ်ကို အလုပ်ရှင်တွေဘက်က စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းကျော်ရှိပြီး ကိုဗစ်ကပ်ဘေးကြောင့် အလုပ်အကိုင်မရှိတဲ့ မြန်မာလုပ်သား ၁ သိန်း ၃ သောင်းကျော်မှာ နေရပ်ပြန်သွားပြီ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/myanmar-migrant-workers-in-thailand-11162020123030.html

No comments:
Post a Comment