ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်နဲ့ မဲရုံတာဝန်ကျဆရာမ အချို့ ကိုဗစ်ကူးစက်ခံရ

နိုဝင်ဘာလ ၈ ရက်ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ မဲပေးနေကြစဥ်

နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးသွားတဲ့နောက် ရန်ကုန်၊ မကွေးနဲ့ မန္တလေး စတဲ့ဒေသအချို့က ကော်မရှင်အဖွဲ့ဝင်အချို့နဲ့ မဲရုံတာဝန်ထမ်းဆောင်ခဲ့သူအချို့မှာ ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတယ်လို့ သက်ဆိုင်ရာ ဒေသကော်မရှင်အဖွဲ့ခွဲတွေထံက သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်က ကော်မရှင်အဖွဲ့ဝင်နဲ့ ရုံးဝန်ထမ်းအပါ လေးဦး၊ ဒလမြို့နယ်က မဲရုံမှူး တာဝန်ကျ ဆရာမတစ်ဦး၊ မကွေးမြို့နယ် မြင်းကင်းကျေးရွာမဲရုံ တာဝန်ကျ ကော်မရှင်အဖွဲ့ဝင် တစ်ဦးနဲ့ မန္တလေးမြို့ အမရပူရက မဲရုံတာဝန်ကျ ဆရာမ တစ်ဦး တို့မှာ ကိုဗစ်၁၉ ကူးစက်ခံထားရတယ်လို့ သက်ဆိုင်ရာ ဒေသအသီးသီးက ကျန်းမာရေးဌာနက ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဖြစ်သူ ဦးမောင်မွှေး ကတော့ ရုံးဝန်ထမ်းတွေကို နိုဝင်ဘာ ၉ ရက်နေ့ ကစစ်ပြီး သူကိုတော့ နိုဝင်ဘာ ၁၀ ရက်နေ့က စစ်ဆေးရာမှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကပ်ရောဂါကာလကြား ကျင်းပခဲ့ရတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ မဲရုံတွေမှာ မဲလာပေးသူတွေအတွက် KN 95 Mask တွေ face shield တွေ လက်သန့်ဆေးရည်တွေကို စီစဉ်ပေးခဲ့သလို လူတွေ ခပ်ခွာခွာတန်းစီ မဲပေးဖို့ကိုလည်း သတ်မှတ်ပေးတာတွေ ရှိခဲ့ပါတယ်။

မဲပေးဖို့ စောင့်ဆိုင်းနေသူများ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အနောက်ရပ်ကွက် စက်ဆန်းအပိုင်မှာရှိတဲ့ အ.မ.က ( ၂ ) ကျောင်း မဲရုံမှာ မဲပေးမှု

ဒီလို စီစဉ်ပေးပေမဲ့လည်း မဲရုံတွေမှာ မဲလာပေးသူတွေ များပြားတဲ့အတွက် မဲရုံမပိတ်ခင် မဲပေးခွင့်ရဖို့ တိုးဝှေ့ပေးတဲ့ ဖြစ်စဉ်အချို့လည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် လူအစုအဝေးနဲ့ မဲဆွယ် အင်အားပြတာ ရွေးကောက်ပွဲအပြီး အောင်ပွဲခံတာ တွေကလည်း လူအများအပြားနဲ့ ရှိခဲ့တာကြောင့် ကပ်ရောဂါ ကူးစက်မှုအခြေအနေကို လာမယ့်သီတင်းပတ် အတွင်း အထူးစောင့်ကြည့်ရမယ်လို့ လှိုင်သာယာ ဖျားနာကုဆေးခန်းက တာဝန်ခံဆရာဝန် တစ်ဦးအဖြစ် လုပ်အားပေးရာက ကိုဗစ်ကူးစက်ခံထားရသူ ဒေါက်တာနိုင်မင်းထွဋ်က ဘီဘီစီကိုပြောပြပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့အထိ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ခြောက်သောင်းငါးထောင်ကျော်နဲ့ သေဆုံးသူက တစ်ထောင့်ငါးရာကျော် ရှိသွားပြီ ဖြစ်သလို တစ်ရက်ကို အတည်ပြု လူနာသစ် တွေ့ရှိနှုန်းက တစ်ထောင်ဝန်းကျင်နှုန်း တွေ့ရှိနေရဆဲလည်းဖြစ်ပါတယ် ။

နိုဝင်ဘာ ၁၂ ရက်ကနေပြည်တော်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းထောက်တစ်ဦးက ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းမျဉ်းစဉ်းကမ်းတွေ မဲရုံအချို့မှာ လိုက်နာတာမရှိဘူးဆိုတာ တွေ့ရတယ်လို့ မေးမြန်းတဲ့ အပေါ်မှာ အထောက်အထားမရှိဘဲ မမေးသင့်ကြောင်းနဲ့ မဲရုံမှူးကို အင်တာဗျူးလုပ်တာဆိုရင်လည်း ဝတ္တရားနှောင့်ယှက်မှုနဲ့ အရေးယူခံရနိုင်တယ်လို့ ကော်မရှင်ဘက်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထောက်ခံသူများ ပါတီက နေရာအများစု အနိုင်ရကြောင်း ထုတ်ပြန်အပြီး အောင်ပွဲခံနေကြစဥ်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က ပုသိမ်မြို့မှာ ကြိုတင်မဲကောက်ယူရာမှာ မဲပေးခဲ့သူတစ်ဦးဟာ ကိုဗစ် အတည်ပြုလူနာ ဖြစ်ခဲ့ပြီးနောက် အဲဒီနေ့ကြိုတင်မဲ ကောက်ယူခဲ့သူတွေကို စစ်ဆေးရမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပါတယ်။

ကိုဗစ် အတည်ပြုလူနာနဲ့ ဆက်စပ်မိလို့ ကြိုတင်မဲ ကောက်သူ ၇ ဦး ကိုဗစ်ရောဂါကူးစက် ခံခဲ့ရတယ်လို့ ပုသိမ် မြို့နယ်ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးငွေစိုးက ဘီဘီစီကို ပြောခဲ့ပါတယ်။

ပုသိမ်က ကူးစက်ခံရသူတွေဟာ ကြိုတင်မဲစာရင်းကောက်တဲ့ ဆရာမတွေ၊ အထူးရဲ၊ ရာအိမ်မှူးတွေနဲ့ ရပ်ကျေးကော်မရှင်တွေ ဖြစ်ကြပါတယ်။

ရွေးကောက်ပွဲ ကျင်းပပြီးနောက် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရတဲ့ အကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ ကော်မရှင် အဖွဲ့ဝင် တစ်ဦးကတော့ သူဟာ ကိုဗစ် ၁၉ ရောဂါစည်းမျဉ်းတွေ အတိုင်း အကုန် လိုက်နာကျင့်သုံးခဲ့ပြီး ဘယ်လို ကူးစက်ခံရမှန်း မသိခဲ့ကြောင်းလည်း ဘီဘီစီ ကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54918529

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်နဲ့ မဲရုံတာဝန်ကျဆရာမ အချို့ ကိုဗစ်ကူးစက်ခံရ  ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်နဲ့ မဲရုံတာဝန်ကျဆရာမ အချို့ ကိုဗစ်ကူးစက်ခံရ Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.