ကိုဗစ်ကူးစက်မှုတိုးလာလို့ ကန့်သတ်ချက်သစ်များထပ်မံ ထုတ်ပြန်ဖို့ရှိ

ကိုဗစ်ကြောင့်သေဆုံးသူကို သယ်လာသည့်မြင်ကွင်း

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ တိုးလာနေတာနဲ့အမျှ ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်တွေ တိုးမြှင့်သွားဖို့ တာဝန်ရှိသူတွေ ပြင်ဆင်နေတာပါ။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ထားပါတယ်။

ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ နောက်ဆက်တွဲ ရက်တွေမှာ လူစုလူဝေးနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တဲ့အတွက် ရောဂါကူးစက်မှုတွေ တိုးလာမယ်လို့ ကျန်းမာရေးပညာရှင်တွေ ခန့်မှန်းထားတာကြောင့် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကန့်သတ်ချက်တွေ မကြာခင် တိုးမြှင့်သတ်မှတ်ဖို့ ပြင်ဆင်နေတာပါ။ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ၁၄ ရက်ကြာ အိမ်ပြင်မထွက်ဖို့ အပါအဝင် ကန့်သတ်ချက်တွေကို စနေနေ့မှာ စတင်မယ့်အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

" နိုဝင်ဘာ ၂၁ ကနေ ဒီဇင်ဘာ ၅ ရက်အတွင်း ၂ပတ်တာကာလမှာ ပြည်သူတွေနေအိမ်မှာနေထိုင်ရန် ပန်ကြားချက်ကတော့ တနိုင်ငံလုံးအကျုံးဝင်မလား၊ ဘယ်လိုလုပ်မလဲဆိုတာ ဒါကတော့ အသေးစိတ်ကို နီးရင်ထုတ်ပြန်မှာဖြစ်ပါတယ်။ အဓိကကတော့ ၂ပတ်အတွင်း ပြည်သူလူထုကို တယောက်နဲ့တယောက် ကူးလူးဆက်ဆံမှုမလုပ်ခိုင်းဘူး မဖြစ်မနေကလွဲလို့။ အဲလိုလုပ်ခြင်းအားဖြင့် ရောဂါကူးစက်မှုသံသရာကို ဖြတ်တောက်ဖို့ ရည်ရွယ်ပါတယ်။ "

ကူးစက်သူဦးရေ တိုးလာနိုင်တဲ့အခြေအနေကြောင့် ကြိုတင်ပြင်ဆင်နေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ကူးစက်သူ တိုးလာတာနဲ့အမျှ သေဆုံးသူ အရေအတွက်လည်း တိုးလာနိုင်တာကြောင့် ရောဂါဖြစ်တယ်လို့ ယူဆရင် ဆေးရုံဆေးခန်းတွေကို အချိန်မီပြသဖို့လည်း သတိပေးထားပါတယ်။ အခုသေဆုံးသူတွေထဲက ၂၇ ရာခိုင်နှုန်းလောက်ဟာ ဆေးရုံတက်ပြီး ၂၄ နာရီအတွင်းမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး၊ အလောင်းအဖြစ်နဲ့ ဆေးရုံရောက်လာတာကတော့ ၁၅ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ ပြောပါတယ်။

ပြည်တွင်းမှာ နေ့စဉ်ကူးစက်သူ တထောင်ဝန်းကျင်နဲ့ သေဆုံးသူတွေ နေ့တိုင်းလိုလိုရှိနေတဲ့အချိန်မှာ မလိုအပ်ပဲအိမ်ပြင်မထွက်ဖို့အပါအဝင် နယ်မြေဖြတ်ကျော် ခရီးသွားလာခွင့်တွေကိုပါ ကန့်သတ်ခဲ့တာပါ။ ဒါပေမယ့်လည်း အခုရက်သတ္တပတ်ကစလို့ အကြောင်းကိစ္စရှိလို့ ခရီးသွားရမယ်ဆို ကိုဗစ်ရောဂါပိုးကင်းစင်ကြောင်း ကျန်းမာရေးထောက်ခံချက်နဲ့ နယ်မြေဖြတ်ကျော်ခွင့်ပေးတော့မှာ ဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

" နိုဝင်ဘာနောက်ဆုံးပတ်မှာ ရောဂါကူးစက်မှုအခြေအနေကို ကြည့်ပြီးတော့ သူ့ရဲ့ကူးစက်ပြန့်နှံ့တဲ့အခြေအနေ ကောင်းမွန်တယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်မှာ ကိုဗစ်စစ်မယ်။ Negative ဖြစ်တယ်ဆိုရင် သူသွားချင်တဲ့ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်ကို သွားခွင့်ပေးမယ်ပေါ့နော်။ အဲတော့ ခရီးလမ်းတလျှောက်လုံးမှာ ကျန်းမာရေးထောက်ခံစာကိုပြသွားမယ်။ ပြသွားတဲ့အတွက် ရောက်တဲ့နေရာမှာ သူ့ကို Quarantine ထပ်လုပ်စရာမလိုတော့ဘူးပေါ့။ ဒီလိုပုံစံနဲ့ လုပ်မှာဖြစ်ပါတယ်။ ဒါကလည်း ခရီးသွားခွင့်က အတိုင်းအတာရှိမှာဖြစ်ပါတယ်။ အခု Negative ဖြစ်ထားတဲ့ထောက်ခံချက်က ဘယ်လောက်ထိ အချိန်ကန့်သတ်ထားမှာလဲ။ ၁လလား၊ ၂ပတ်လား၊ ၁ပတ်လား၊ ၃ရက်လား စသဖြင့် ဒါမျိုးတွေက အသေးစိတ်စီစဉ် ရေးဆွဲရဦးမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု Negative ဖြစ်ခြင်းသည် စမ်းသပ်တဲ့အချိန်မှာ Negative ဖြစ်ခြင်းဖြစ်ပါတယ်။ မနက်က Negative သည် သန်းဘက်ခါ Negative လို့ ဆိုလိုတာမဟုတ်ပါဘူး၊ အဲဒါကိုသိစေချင်ပါတယ်။ တချို့ပြည်သူလူထုတွေက နားလည်မှုလွဲပြီးတော့ Negative ဖြစ်ပြီဆိုရင် တသက်လုံး Negative လို့ပဲ ယူဆတတ်ကြလို့ ဖြစ်ပါတယ်။ "

ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံစီးပွားရေးသက်ရောက်မှုအပေါ် ကုစားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့အကြောင်း အွန်လိုင်းမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

" ရေရှည်စီးပွားရေး လုပ်ငန်းတွေအတွက်လည်း ကျမတို့စီစဉ်ထားပြီးတာတော့ အမှန်ပြောရရင် ၂လပိုင်းကတည်းက ကျမတို့ကိုဗစ်ရောဂါကို စပြီးတော့ရင်ဆိုင်ရတော့မယ် ဆိုပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတောင်မှ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကပ်ရောဂါကြီးလို့ မကြေညာခင်ကတည်းက ကျမတို့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေမထိခိုက်အောင်လို့ ဘယ်လိုစီစဉ်ရမလဲဆိုတာ စပြီးတော့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေကိုလည်း တဆင့်ပြီးတဆင့် လိုအပ်သလို ကျမတို့အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အစိုးရိမ်မလွန်ပါနဲ့၊ သတိကတော့ ရှိပါ။ ပြည်သူတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကိုပဲ သတိပြုပြီးတော့ ဂရုစိုက်စေချင်ပါတယ်။ "

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၆၂၅ ဦးနဲ့ ကူးစက်သူအတည်ပြုလူနာ ၇၁,၇၃၀ ဦးရှိပါတယ်။ ဒေသတွင်း ကပ်ရောဂါကူးစက်မှုကို လျှော့ချနိုင်ဖို့အတွက်လည်း လူအများစုဝေးလေ့ရှိတဲ့ ဈေးတွေထဲမှာ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/government-plan-to-control-covid/5667211.html

ကိုဗစ်ကူးစက်မှုတိုးလာလို့ ကန့်သတ်ချက်သစ်များထပ်မံ ထုတ်ပြန်ဖို့ရှိ ကိုဗစ်ကူးစက်မှုတိုးလာလို့ ကန့်သတ်ချက်သစ်များထပ်မံ ထုတ်ပြန်ဖို့ရှိ Reviewed by THITHTOOLWIN on 23:45 Rating: 5

No comments:

Powered by Blogger.