လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းမှ ရွှေတုံးများနှင့် နိုင်ငံခြားငွေ ခိုးမှုကျူးလွန်သူများကို ဖမ်းဆီးရမိ
ရန်ကုန် ၁၃ နိုဝင်ဘာ
ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် ည ၆ နာရီတွင် ဒုတိယရဲအုပ် ဖုန်းဝေဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း၌ တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် (၃၄)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ရွှေဆိုင်သို့ အမည်မသိသူ(၂)ဦးက ရွှေတုံး(၁)တုံးလျှင် (၁၀)ကျပ်သားခန့်ရှိ ရွှေတုံး(၂)တုံးအား ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ လာရောက်ရောင်းချနေကြောင်း ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊ တပင်ရွှေထီးလမ်း(ကျူး)နေ ကျော်နိုင်(ခ)ကျော်ကျော်နိုင်နှင့် ၎င်း၏ဇနီး မီးမီး(ခ)ခိုင်ဇင်ဝင်း တို့ဖြစ်ပြီး အဆိုပါရွှေတုံး(၂)တုံးအား ၎င်းတို့၏တူ အောင်ကျော်မြင့်မှ ရောင်းခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းမှ စခန်းမှူးနှင့် နယ်ထိန်းအရာရှိတို့ ဦးစီးသည့် တပ်ဖွဲ့ဝင်များက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊ တပင်ရွှေထီးလမ်း(ကျူး)နေ အောင်ကျော်မြင့်အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးရာ ရွှေတုံးများအား ညီဖြစ်သူ ဖြိုးဝေမင်းနှင့် ၎င်း၏သူငယ်ချင်း ခိုင်မြဲတို့(၂)ဦးက ခိုးယူခဲ့ခြင်းဖြစ်ကြောင်း၊ ခိုးယူရရှိသော ရွှေတုံး(၆)တုံးအား ကျော်နိုင်(ခ)ကျော်ကျော်နိုင်နှင့် ရန်နိုင်စိုးတို့အား ရောင်းခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်အရ ဖြိုးဝေမင်း၊ ခိုင်မြဲနှင့် ရန်နိုင်စိုးတို့(၃)ဦးအား အမှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊ ပဒေသာပင်မြို့တော်ဝန်း၊ ချယ်ရီ(၁)လမ်းရှိ အမှတ်(C/A-၃၄၃) နေအိမ်အတွင်းမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေတုံးရောင်းချရငွေများဖြင့် ဖြိုးဝေမင်း၏ မိခင် ဒေါ်သန်းသန်းအေးက ဦးစီး၍ ခိုင်မြဲ၊ အောင်ကျော်မြင့်တို့သည် သန်လျင်မြို့နယ်၌ မြေကွက်တစ်ကွက်အား ငွေကျပ်သိန်း(၈၀)ဖြင့် လည်းကောင်း၊ ရွှေထည်ပစ္စည်း(၇)မျိုးနှင့် လက်ကိုင်ဖုန်း(၃)လုံးအား လည်းကောင်း၊ ဝယ်ယူထားရှိကြောင်းနှင့် ကျန်ရှိ ရွှေတုံး (၃၉)တုံးနှင့် အမေရိကန်ဒေါ်လာ (၁၀၀)တန် (၅၂)ရွက်အား ခိုင်မြဲ၏ နေအိမ်(ကျူး)တဲရှိ အမှိုက်များထားသောနေရာတွင် သိမ်းဆည်းထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အမှုမှ သက်သေခံပစ္စည်း ရွှေတုံး(၁)တုံးလျှင် (၁၀)ကျပ်သားခန့်ရှိ ရွှေတုံး(၄၅)တုံး၊ အမေရိကန်ဒေါ်လာ (၁၀၀)တန် (၅၂)ရွက်၊ အင်ဒိုနီးရှားငွေစက္ကူ (၃၆,၀၀၀)၊ ရွှေတုံးရောင်းရငွေဖြင့် ဝယ်ယူထားသည့် ရွှေထည်ပစ္စည်း(၇)မျိုး၊ လက်ကိုင်ဖုန်း(၃)လုံးတို့အား ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ အောင်ကျော်မြင့်ပါ (၇)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေးအတွက် ကျန်ရှိရဲလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Myanmar Digital News

No comments:
Post a Comment