တနင်္သာရီတိုင်း အစိုးရသစ်အတွက် ပြည်သူတွေရဲ့ မျှော်မှန်းချက်


တိုင်းလုံးကျွတ် NLD ပါတီက အနိုင်ရခဲ့တဲ့ တနင်္သာရီတိုင်းမှာ ၂၀၂၁ ခုနှစ်မှာ တက်လာမယ့် အစိုးရအဖွဲ့သစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရမယ့် အရေးကြီးအချက်တွေ ရှိနေတယ်လို့ ဒေသခံတချို့နဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေက ပြောကြပါတယ်။

လက်ရှိအစိုးရသက်တမ်းအတွင်း တနင်္သာရီတိုင်းမှာ အစိုးရအဖွဲ့ကို ဝေဖန်ပြောဆိုသံတချို့ ရှိခဲ့ပေမယ့် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားလှယ်လောင်းတွေက ဒေသခံတွေရဲ့ ထောက်ခံမဲ အများဆုံးရရှိခဲ့ကြပါတယ်။ တစ်တိုင်းလုံးမှာ NLD ကိုယ်စားလှယ်လောင်းတွေက အနိုင်ရခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလဆန်းမှာပြန်လည်ဖွဲ့စည်းမယ့် အစိုးရသစ်လက်ထက်မှာ တနင်္သာရီတိုင်းအတွင်း ပြုပြင်ပြောင်းလဲဖို့ အရေးတကြီးလိုအပ်နေတာတွေကိုလည်း ထောက်ပြချက်တွေရှိနေပါတယ်။

တနင်္သာရီတိုင်း အစိုးရသစ်အနေနဲ့ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ကိစ္စရပ် အပါဝင် အဓိကလုပ်ဆောင်ရမယ့် ကိစ္စရပ် ၁၀ ခုရှိနေတယ်လို့ တနင်္သာရီတိုင်း Youth Development Institute (YDI) တည်ထောင်သူ ကိုဟိန်းထက်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ တိုင်းဒေသကြီးအနှံ့မှာ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်တယ်၊ အဲ့ဒီကနေပြီးတော့မှ တနင်္သာရီတိုင်းဒေသကြီးရဲ့ ကျွန်တော်တို့ ဒါ အဓိက ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ဆိုပြီးတော့ ၁၀ ခု ထွက်လာတယ်ပေါ့လေ၊ အဲ့ဒီမှာဆို ရေလုပ်ငန်းတို့၊ ခရီးသွားလုပ်ငန်းတို့ ပြီးတော့ ကျွန်တော်တို့ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ် စသဖြင့်ပေါ့လေ၊ ဒီလိုမျိုး ကဏ္ဍအပါဝင် အဲ့ဒီထဲမှာ လူငယ်ကဏ္ဍဆိုတဲ့ ကဏ္ဍတစ်ခုလည်း ကျွန်တော်တို့ တွေ့ရတယ်ပေါ့၊ ဆိုတော့ ဒီလိုကဏ္ဍတွေမှာ အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေဆိုရင် အခုအချိန်ထိ သူတို့ဆီမှာ ပြဿနာပေါင်း မြောက်များစွာနဲ့ ကျွန်တော်တို့ စိန်ခေါ်မှုများစွာနဲ့ ရှိနေတာတွေ့ရတယ်ပေါ့၊ အစိုးရအနေနဲ့ ဒီကိစ္စရပ်တွေမှာ လောက်လောက်ငှားငှား စွမ်းဆောင်ရည်ရှိရှိနဲ့ ဆောင်ရွက်နေနိုင်တဲ့ဟာမျိုး ကျွန်တော်တို့ မတွေ့ရဘူးပေါ့”

လက်ရှိ NLD အစိုးရ လက်ထက်မှာ လမ်း၊ တံတား၊ လျှပ်စစ်မီးတိုင်အပါဝင် အခြေခံအဆောက်အအုံနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ပေမယ့် ပြည်သူတွေ မျှော်မှန်းထားတဲ့ ကျေနပ်ရလောက်ဖွယ် အပြောင်းအလဲမျိုး မရောက်ရှိခဲ့ဘူးလို့ ကိုဟိန်းထက် ဆိုပါတယ်။

NLD ကို မဲပေးဝန်းရံခဲ့တဲ့ ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်က ကိုဝေဖြိုးကတော့ အစိုးရသစ်အပေါ် အဓိက မျှော်မှန်းထားတာက လျှပ်စစ်မီတာခ ဈေးလျှော့ပေးဖို့နဲ့ မြေယာပြဿနာတွေကို အပြီးသတ် ဖြေရှင်းပေးဖို့လို့ RFA ကို ပြောပါတယ်။

“အဓိက ကျွန်တော်တို့က အမေ ဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်တယ်၊ အမေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အပြည့်အဝ ယုံကြည်တဲ့အတွက်ကြောင့် မဲပေးဖြစ်တယ်ပေါ့၊ ကျွန်တော်တို့ဒေသမှာ လိုအပ်ချက်ရှိတဲ့ လျှပ်စစ်မီး မီတာခ ယူနစ်ဈေးနှုန်းတွေကို တက်နိုင်သလောက် ပြည်သူတွေဘက်ကနေကြည့်ပြီးတော့ ဈေးနှုန်းလျှော့ပေးဖို့အတွက်ကို ကျွန်တော်တို့ကတော့ မျှော်လင့်တယ်ပေါ့၊ နောက်တစ်ခု ကျွန်တော်တို့ဆီမှာ မြေယာပြဿနာတွေရှိတယ်၊ မြေယာအရှုပ်အရှင်းကိစ္စတွေရှိတယ်၊ အဲ့ဒါတွေလည်း ပြီးပြတ်အောင် ရှင်းပေးဖို့ အဲ့ဒါတွေ ကျွန်တော်တို့ မျှော်လင့်တယ်”

NLD ပါတီအနိုင်ရရေး ဝန်းရံခဲ့တဲ့ ထားဝယ်မြို့က ဦးညီညီသက်ကတော့ ကိုဗစ်အလွန်ကာလမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာဖို့နဲ့ လျှပ်စစ်မီတာခ လျှော့ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ မျှော်လင့်နေပါတယ်။

“ခရီးသွားလုပ်ငန်း ကိုဗစ်အလွန်မှာ ဖွံ့ဖြိုးတိုးတက်လာဖို့တစ်ခုရယ်၊ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ နေ့တိုင်းခံစားနေရတဲ့၊ နေ့တိုင်းနီးပါးခံစားနေရတဲ့ ဒီလျှပ်စစ်မီးကိစ္စ၊ တစ်ယူနစ်ကို လက်ရှိ လောလောဆယ် ၂၃၈ ကျပ်ပေါ့၊ ဒီထက်မကလည်း လျှော့သွားအောင် လက်ရှိအစိုးရကနေ နောက်တက်လာမယ့်အစိုးရကနေ ပြင်ပေးနိုင်ရင်တော့ ပြည်သူတွေ၊ မဲပေးသွားတဲ့ ပြည်သူတွေရော ဝမ်းသာပီတိဖြစ်မှာပေါ့”

လက်ရှိ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်တဲ့ ရွေးကောက်ပွဲအနိုင်ရ ရေးဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကြည်စိုးကတော့ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ တက်လာမယ့် အစိုးရအဖွဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ RFA ကို ပြောဆိုထားပါတယ်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကလည်း လျှပ်စစ်ဓာတ်အားရရှိရေးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စီမံချက်တွေရှိနေပြီး တနင်္သာရီတိုင်းအတွင်းက ပြဿနာတွေကို တနင်္သာရီတိုင်း အစိုးရကတော့ ပိုမိုပြောဆိုနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို စီမံချက်တွေရှိပါတယ်၊ NEP (အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း) ပေါ့၊ National Electrification Prodect ထဲမှာ တစ်နိုင်ငံလုံး လွှမ်းခြုံသွားပြီး ဒီဈေးနှုန်းတွေကလည်း တစ်နိုင်ငံလုံးမှာ တစ်ပြေးညီလောက် ဖြစ်သွားမှာပါ၊ ကျွန်တော်တို့အားလုံး ပြေလည်ဖို့ဆိုရင်တော့ ဒီလျှပ်စစ်ဓာတ်အားထုတ်တဲ့ စီမံကိန်းကြီးတွေရှိပါတယ်၊ ဒီဟာတွေ လည်ပတ်ဖို့အတွက် ၅ နှစ်လောက်တော့ အနည်းဆုံး လိုလိမ့်မယ်ထင်တယ်၊ ကျွန်တော်တို့ ဒီကိန်းဂဏန်းတွေကကတော့ ကျွန်တော်တို့ ပြန်စစ်ဆေးကြည့်ပါမယ်နော်၊ ၅ နှစ်ဝန်းကျင်မှာတော့ ကြာမှာပါ"

ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင်ကတော့ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ အတွင်း ပြန်ကြည့်ကြည့်ရင်တော့ ကျောင်းပညာရေးကိစ္စ၊ လူမှုဖူလုံရေးကိစ္စတွေနဲ့ ဝန်ဆောင်မှု အပိုင်းတွေမှာ ပိုပြီးလုပ်နိုင်ခဲ့တဲ့အပေါ် ယခင်အစိုးတွေထက် အားသာလာတာတွေ့ရပေမယ့် အချို့ဥပဒေပိုင်းဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာ၊ အဂတိလိုက်စားမှုကိစ္စတွေနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စ တွေမှာတော့ အချို့ပြည်သူတွေက အားရကျေနပ်လောက်တဲ့အထိ မရှိကြတာတွေ့ရတယ်လို့ ပြောပါတယ်။

“လာမယ့် အစိုးရမှာကျတော့လေ ကျွန်မတို့ထင်တာ ပြည်သူတွေကို ဒီပညာရေးစနစ်ကိုပေါ့နော် ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းတွေးနိုင်တဲ့ စနစ်ဘက်ကို တွန်းပို့နိုင်တဲ့ ပညာရေးစနစ်ဘက်ကို အားပေး၊ ဦးစားပေး လုပ်သင့်တယ်လို့ ကျွန်မမြင်တယ်၊ လက်ရှိဖြစ်နေတဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက်လေ၊ အဲဒါက အရေးကြီးတယ်ပေါ့နော်၊ နောက်တစ်ချက်ကတော့ လုပ်စရာကတော့ အများကြီးရှိပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ တိုင်းအနေနဲ့ဆိုရင်တော့ လယ်ယာမြေပြဿနာကိစ္စတွေ၊ နောက်တစ်ခုက လျှပ်စစ်မီးကိစ္စတွေနော်၊ တိုင်းအဆင့်မှာဆိုရင်တော့ ဒါမျိုးတွေဖြစ်တယ်၊ ခုဏက ပညာရေးစနစ်နဲ့ဆိုရင်တော့ တိုင်းဒေသကြီးလောက်ပဲ မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံး အတိုင်းတာမှာတော့ အစိုးရအနေနဲ့ကတော့ ဒါကို သေသေချာချာလေး လုပ်သင့်တယ်လို့ မြင်တယ်ပေါ့နော်”

ပြည်သူလူထု အလွှာအသီးသီးရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ခြုံငုံသုံးသပ်နိုင်ပြီး မဟာဗျူဟာကျကျ ဖန်တီးပေးနိုင်တဲ့ အစိုးရနဲ့ ပြည်သူလူထု အလွှာအသီးသီးကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ပြဌာန်းပေးနိုင်တဲ့ လွှတ်တော်မျိုးကို မျှော်လင့်နေတယ်လို့ YDI အဖွဲ့တည်ထောင်သူ ကိုဟိန်းထက်က ပြောပါတယ်။

အထူးသဖြင့်ကတော့ ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်းတွေမှာရှိနေတဲ့ အခြေခံလူထုတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အများအပြား မရှိတဲ့အချက်က ဝေဖန်ခံခဲ့ရပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း တည်ငြိမ်မှု မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ် နှစ်ဆန်းပိုင်းမှာ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုနဲ့ ရာထူးကနေ ဖယ်ရှားလိုက်ပြီး တစ်ပတ်ကျော်အကြာမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ နှုတ်ထွက်သွားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/tanintharyi-government-11162020033105.html

တနင်္သာရီတိုင်း အစိုးရသစ်အတွက် ပြည်သူတွေရဲ့ မျှော်မှန်းချက်  တနင်္သာရီတိုင်း အစိုးရသစ်အတွက် ပြည်သူတွေရဲ့ မျှော်မှန်းချက် Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.