၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ - အိမ်ဖြူတော်က ဒုတိယသမ္မတတစ်ဦးရဲ့ ပထမဆုံးခင်ပွန်းသည်

မစ္စ ဟားရစ်နဲ့ ခင်ပွန်း ဒေါက်ကလပ်စ် အမ်ဟော့ဖ်

အမေရိကန် ဒုတိယသမ္မတ ဖြစ်လာတော့မယ် ဆိုတာကို သိလိုက်တဲ့အချိန် ကာမလာ ဟားရစ် ပျော်ရွှင် မြူးတူး အောင်ပွဲခံနေတဲ့ ဓာတ်ပုံဟာ သုံးကြိမ်သုံးခါ သမိုင်းတင်ရမယ့် ပုံ ဖြစ်ခဲ့ပါတယ်။

လာမယ့် ဇန်နဝါရီလကျရင် သူဟာ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ၊ ပထမဆုံး လူမည်း ဒုတိယသမ္မတ၊ ပထမဆုံး အိန္ဒိယနွယ်ဖွား ဒုတိယသမ္မတ ဆိုတဲ့ ပထမဆုံးတွေ ဖြစ်လာတော့မှာမို့ပါ။

ဒါပေမဲ့ အဲဒီဓာတ်ပုံကို ရိုက်ပေးခဲ့သူဟာလည်း သမိုင်းတွင်မယ့်သူ ဖြစ်လာပါလိမ့်မယ်။ သူကတော့ အမေရိကန် ဒုတိယသမ္မတတစ်ဦးရဲ့ ပထမဆုံး ခင်ပွန်းသည် ဖြစ်လာမယ့် မစ္စ ဟားရစ်ရဲ့ ခင်ပွန်း ဒေါက်ကလပ်စ် အမ်ဟော့ဖ်ပါ။

အသက် ၅၆ နှစ်အရွယ် မစ္စတာ အမ်ဟော့ဖ် ဟာ မစ္စဟားရစ်ရဲ့ နိုင်ငံရေးအသွင်တူတဲ့ ခင်ပွန်းတစ်ဦးအဖြစ် ကျေကျေနပ်နပ် ပါဝင်လှုပ်ရှားခဲ့ပုံ တွေ့ရပါတယ်။ မစ္စဟားရစ် မဲဆွယ် လှုပ်ရှားခဲ့စဉ်အတွင်း သူ့ကိုလည်း လူကြိုက်များလာကြပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေဟာ ဇနီးသည်အတွက် အလွတ်သဘော မဲဆွယ်ပေးတဲ့ ဖန်ပေ့ဂျ်တွေ ဖြစ်ခဲ့ပါတယ်။

မစ္စတာ အမ်ဟော့ဖ် ဟာ သြဂုတ်လတုန်းက ဂျိုး ဘိုင်ဒန်နဲ့ ကာမလာ ဟားရစ် အတွက် ရွေးကောက်ပွဲ အချိန်ပြည့် မဲဆွယ်ပေးဖို့အတွက် သူ့ရဲ့ ဥပဒေအကျိုးဆောင် အလုပ်ကနေ ခွင့်ရက်ရှည် ယူမယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

"သူ့ကို ကြည့်ရတာ မဲဆွယ်ပွဲမှာ ကိုယ်ရော စိတ်ပါ နှစ်ပြီး လုပ်နေပုံပဲ" လို့ မစ္စတာ အမ်ဟော့ဖ်နဲ့ ကာလတာရှည် ရင်းနှီးခဲ့တဲ့ မိတ်ဆွေလည်းဖြစ် ဥပဒေအကျိုးဆောင် မိတ်ဖက်ဟောင်းလည်း ဖြစ်တဲ့ အာရွန် ဂျက်ကော့ဘီ က ပြောပြပါတယ်။

"သူမကျွမ်းကျင်တဲ့ ပတ်ဝန်းကျင်မှာ အစိမ်းသက်သက် ဖြစ်နေမယ်လို့ ထင်မိကြမှာပါ။ အဲလို မဟုတ်ဘဲ မဲဆွယ်ပွဲမှာ သူပျော်ပျော်ကြီး ပါဝင် လှုပ်ရှားနေတာ တွေ့ရမှာပါ"

ရွေးကောက်ပွဲ အချိန်ပြည့် မဲဆွယ်ပေးဖို့ ဥပဒေအကျိုးဆောင် အလုပ်ကနေ ခွင့်ရက်ရှည် ယူမယ်လို့ ကြေညာခဲ့

အခု ဂျိုး ဘိုင်ဒန်နဲ့ ကာမလာ ဟားရစ် တို့ အိမ်ဖြူတော်မှာ နေရာယူဖို့ ပြင်ဆင်နေကြချိန်မှာ မစ္စတာ အမ်ဟော့ဖ် ပါဝင်မယ့် အခန်းကဏ္ဍက ကျား-မ တန်းတူညီမျှရေးအတွက် ရှေ့တိုးလုပ်ဆောင်မှု တစ်ခု အဖြစ်နဲ့ရော ဘယ်လောက် ဆက်လုပ်စရာ ရှိနေသလဲ ဆိုတာကိုပါ ထင်ဟပ်ပြနေဖွယ် ရှိပါတယ်။

၂၀၁၃ ခုနှစ်တုန်းက လော့စ်အိန်ဂျယ်လိစ်မြို့ အနုပညာ ဖျော်ဖြေရေးလောကရဲ့ ဥပဒေ အကျိုးဆောင်တစ်ဦး ဖြစ်သူ မစ္စတာ အမ်ဟော့ဖ်ကို ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် ကာမလာ ဟားရစ်နဲ့ လူချင်းမမြင်ဖူးဘဲ ချိန်းတွေ့ဖို့ ကြားလူက စီစဉ်ပေးခဲ့ပါတယ်။

စိတ်လှုပ်ရှားစိုးရိမ်နေတဲ့ မစ္စတာ အမ်ဟော့ဖ်က သူတို့ ပထမဆုံးအကြိမ် ချိန်းတွေ့ဖို့ကိစ္စကို မစ္စ ဟားရစ်ရဲ့ ဖုန်းထဲမှာ အသံတုန်တုန်နဲ့ မက်ဆေ့ဂျ် ထည့်ထားခဲ့တယ်လို့ မစ္စတာ အမ်ဟော့ဖ် က ပြန်ပြောပြပါတယ်။

ညစာ အတူစားခဲ့ကြပြီးပြီးချင်း နောက်တစ်နေ့မှာပဲ မစ္စတာ အမ်ဟော့ဖ် က နောက်လာမယ့်လပိုင်း သူအားနိုင်တဲ့ ရက်တွေအားလုံးကို မစ္စဟားရစ်ဆီ အီးမေးလ် ရေးပို့ခဲ့တယ်လို့ မစ္စဟားရစ် က The Truths We Hold ဆိုတဲ့ သူ့ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အမှတ်တရ အဖြစ်အပျက်တွေအကြောင်း စာအုပ်ထဲမှာ ရေးထားပါတယ်။ ကျွန်တော်က ပလီပလာ ပြောရမယ့် အရွယ် မဟုတ်တော့ဘူး။ ခင်ဗျားကို တကယ့်ကို မေတ္တာရှိနေပါတယ်။ ချစ်ခရီး ရှေ့ဆက်နိုင်မလားဆိုတာ သိချင်ပါတယ်" ဆိုပြီး မစ္စတာ အမ်ဟော့ဖ် က ပြောခဲ့ပါတယ်။

အဲဒီနောက် တစ်နှစ်တောင် မကြာဘဲ သူတို့နှစ်ဦး ဆန်တာ ဘာဘာရာမြို့ တရားရုံးတစ်ခုမှာ မစ္စဟားရစ်ရဲ့ အိန္ဒိယထုံးစံရော၊ မစ္စတာ အမ်ဟော့ဖ်ရဲ့ ဂျူးဘာသာပါ ပါတဲ့ အခမ်းအနား တစ်ခု ကျင်းပပြီး လက်ထပ် ထိမ်းမြားခဲ့ကြပါတယ်။ သူတို့ ပထမဆုံးအကြိမ် ချိန်းတွေ့ဖို့ မစ္စတာ အမ်ဟော့ဖ် က အသံတုန်တုန်နဲ့ ပြောခဲ့တဲ့ ဖုန်းမက်ဆေ့ဂျ်ကို မစ္စဟားရစ် က သိမ်းထားပြီး သူတို့ မင်္ဂလာနှစ်ပတ်လည်နေ့ ရောက်တိုင်း နှစ်စဉ် ပြန်ဖွင့်ပြလေ့ ရှိပါတယ်။

မစ္စဟားရစ်နဲ့ မစ္စတာ အမ်ဟော့ဖ်တို့ ၂၀၁၄ ခုနှစ်မှာ ဆန်တာ ဘာဘရာမြို့မှာ လက်ထပ်ခဲ့ကြ

သူတို့ရဲ့ အိမ်ထောင်သက်တမ်း တလျှောက်လုံး မစ္စဟားရစ် ဟာ မစ္စတာ အမ်ဟော့ဖ်ရဲ့ ပထမ ဇနီး ကာစတင် အမ်ဟော့ဖ်နဲ့ ရခဲ့တဲ့ သားသမီး နှစ်ယောက် ဖြစ်တဲ့ ကိုးလ်နဲ့ အယ်လာ တို့ကို အတူ ပြုစု စောင့်ရှောက်လာခဲ့ ပါတယ်။ မစ္စတာ အမ်ဟော့ဖ်ရဲ့ ပထမဇနီး ကာစတင် ဟာ Prettybird ကုမ္ပဏီကို ပူးတွဲတည်ထောင်သူလည်းဖြစ် အမှုဆောင်ချုပ်လည်း ဖြစ်ပါတယ်။

မစ္စတာ အမ်ဟော့ဖ်ရဲ့ ကလေးနှစ်ဦးကို တွေ့ခဲ့ချိန်မှာ ချစ်ခင်တွယ်တာသွားခဲ့တယ်လို့ မစ္စဟားရစ်က ပြောပါတယ်။ အလားတူပဲ သူတို့လည်း မစ္စဟားရစ်ကို တွေ့တွေ့ချင်း ချစ်သွားခဲ့တယ်လို့ အသက် ၂၆ နှစ်အရွယ် ကိုးလ်က Glamour မဂ္ဂဇင်းနဲ့ မေးမြန်းခန်းတစ်ခုမှာ ပြောခဲ့ပါတယ်။ မစ္စတာ အမ်ဟော့ဖ်နဲ့ ဇနီးဟောင်းတို့ဟာ ခုချိန်ထိ ရင်းနှီးနေကြဆဲ ဖြစ်သလို မစ္စဟားရစ်နဲ့လည်း အဆင်ပြေကြတယ်လို့ မစ္စတာ အမ်ဟော့ဖ်က ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ဖို့ မစ္စဟားရစ် ကိုယ်တိုင်လှုပ်ရှားနေချိန်မှာ မစ္စတာ အမ်ဟော့ဖ်ရဲ့ ဇနီးဟောင်း ကာစတင်ကလည်း ဂျိုးဘိုင်ဒန်နဲ့ ကာမလာ ဟားရစ်တို့ကို ထောက်ခံကြောင်း သူ့ရဲ့ တွစ်တာပေါ်ကနေ မကြာခဏ ရေးတင်လေ့ ရှိခဲ့ပြီး သူ့ရဲ့ ဖန်တီးမှု ဝန်ဆောင်လုပ်ငန်းတွေကိုလည်း မဲဆွယ်ပွဲအတွက် ပေးသုံးခဲ့ပါတယ်။

အင်တာဗျူးတွေ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ မစ္စဟားရစ်နဲ့ မစ္စတာ အမ်ဟော့ဖ်တို့ ဇနီးမောင်နှံနှစ်ဦးကို တကယ့်ကို ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ဘက်တွေအဖြစ် တွေ့ရမှာပါ။

"သူတို့ဟာ အပြင်မှာ မြင်ရတဲ့အတိုင်း တကယ်လည်း တစ်ဦးကို တစ်ဦး ချစ်ခင်ကြင်နာကြပါတယ်။ တကယ်ပဲ ချစ်ကျွမ်းဝင်နေကြတယ် ဆိုတာ မှားစရာ မရှိပါဘူး"လို့ မစ္စတာ အမ်ဟော့ဖ်ရဲ့ မိတ်ဆွေအရင်းအချာလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်ဟောင်းလည်း ဖြစ်တဲ့ အဲလက်စ် ဝိန်းဂါတန် က ပြောပြပါတယ်။

၂၀၁၆ ခုနှစ်မှာ ဆီးနိတ်အမတ်အဖြစ် မစ္စဟားရစ် ဝင်ပြိုင်ချိန်မှာ မစ္စတာ အမ်ဟော့ဖ်ဟာ နိုင်ငံရေးသမားတစ်ဦးရဲ့ ကြင်ဘက်တစ်ဦးအဖြစ် မဲဆွယ်မှုတွေမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့တာပါ။ ဒါပေမဲ့ အဲဒီမဲဆွယ်ပွဲတွေတုန်းက သမ္မတရွေးကောက်ပွဲမှာ သူ့ဇနီး ဝင်ပြိုင်ရလောက်တဲ့အထိ အရှိန်အဟုန် ကြီးလာဖို့ကို သူလုံးဝ ပြင်မထားမိခဲ့ဘူးလို့ မစ္စတာ အမ်ဟော့ဖ် က ပြောပြပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာတော့ ကယ်လီဖိုးနီးယားပြည်နယ် အုက်လလန်မြို့မှာ လူ ၂ သောင်းကျော်ရှေ့မှာ မစ္စဟားရစ် တရားဝင် မဲဆွယ်စည်းရုံးမှုတွေ စလုပ်ခဲ့ပါတယ်။ "အဲဒီမှာ လက်ပြ နှုတ်ဆက်ဖို့ လူတွေရှေ့ ကျွန်တော် ထွက်ခဲ့ရတယ်။ ကျွန်တော့်မှ ကြောက်လွန်းလို့ တုန်နေတာပဲ။ ကျွန်တော်တို့ ထင်တော့ လူ ၅ ထောင်လောက်ပဲ လာမယ်လို့ ထင်ခဲ့တာ"လို့ အဲဒီနေ့ကအကြောင်း မစ္စတာ အမ်ဟော့ဖ်က ပြန်ပြောပြခဲ့ပါတယ်။

နိုင်ငံရေး လောကထဲမှာ အစိမ်းသက်သက် ဖြစ်ပေမဲ့ မစ္စတာ အမ်ဟော့ဖ် ကတော့ နိုင်ငံရေးသမားတစ်ဦးရဲ့ လက်တွဲဖော်အဖြစ် ပျော်ရွှင်နေပုံ တွေ့ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း လတွေမှာ မစ္စတာ အမ်ဟော့ဖ် ဟာ ရုံးဖွင့်ရက်တွေမှာ သူ့ရဲ့ ဥပဒေအကျိုးဆောင်ကုမ္ပဏီမှာ အလုပ်လုပ်ပြီး ပိတ်ရက်တွေမှာ မစ္စဟားရစ်အတွက် နိုင်ငံတဝန်း လှည့်လည်ပြီး ကိုယ်စား မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။

ဒုသမ္မတလောင်းအဖြစ် သူ့ဇနီးသည် မဲဆွယ်စည်းရုံးဖို့အတွက် ဝန်ထမ်းတွေ၊ စာအုပ်တွေနဲ့ ရှင်းလင်းညွှန်ကြားတာတွေ ရှိပေမဲ့ သူကတော့ ဒီအတိုင်း မီးစင်ကြည့်ကခဲ့ရတယ်လို့ မစ္စတာ အမ်ဟော့ဖ်က ပြောပြပါတယ်။ အဲဒီအချိန်တွေဟာ သူ့အတွက် တကယ့်ကို ဝုန်းဒိုင်းကြဲခဲ့ရတဲ့ အစပိုင်းကာလတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး လောကထဲမှာ အစိမ်းသက်သက် ဖြစ်ပေမဲ့ မစ္စတာ အမ်ဟော့ဖ် ကတော့ နိုင်ငံရေးသမားတစ်ဦးရဲ့ လက်တွဲဖော်အဖြစ် ပျော်ရွှင်နေပုံ တွေ့ခဲ့ရပါတယ်။

မဲဆွယ်လှုပ်ရှားမှုကာလတွေမှာ သူပါ၀င်လှုပ်ရှားခဲ့ချိန်တွေကို ပြန်ပြောင်း ပြောတဲ့အခါမျိုးတွေမှာ မစ္စတာ အမ်ဟော့ဖ် ဟာ မီရှီဂန်ပြည်နယ် ဖလင့်မြို့က မဲဆွယ်ပွဲငယ်လေးတွေအကြောင်း အများဆုံး ပြောပြလေ့ ရှိပါတယ်။ သူဘယ်သူတွေနဲ့ တွေ့ခဲ့သလဲ ဘာတွေ မြင်ခဲ့သလဲ ဆိုတဲ့ သူ့ကိုယ်တွေ့ မြေပြင် အတွေ့အကြုံတွေကို မစ္စဟားရစ်ရဲ့ မဲဆွယ်အဖွဲ့ဆီ ပြန်ပြောပြလေ့ ရှိပါတယ်။

အခုနှစ် ဇွန်လမှာတော့ ဆန္ဒပြသူတစ်ယောက်က မစ္စဟားရစ်ရဲ့လက်ထဲကနေ မိုက်ခရိုဖုန်းကို ဆွဲလုလိုက်ချိန်မှာ သမ္မတရွေးကောက်ပွဲ ဖိုရမ်စင်မြင့်ပေါ်ကို တက်ပြီး မစ္စဟားရစ်ကို အကာအကွယ်ပေးခဲ့တဲ့ မစ္စတာ အမ်ဟော့ဖ် ကို လူတွေ အာရုံစိုက်မိခဲ့ကြပြီး အွန်လိုင်းပေါ်မှာ သူ့အကြောင်း ပြန်ဝေမျှခဲ့ကြပါတယ်။ ဒီဖြစ်ရပ် ဗီဒီယိုထဲမှာ မစ္စတာ အမ်ဟော့ဖ်ဟာ ရှေ့ဆုံး ခုံတန်းကနေ စင်မြင့်ပေါ်ကို ပြေးတက်ပြီး သူ့ဇနီးအတွက် မိုက်ခရိုဖုန်းကို ပြန်လုခဲ့ပုံကို တွေ့ရပါတယ်။

မစ္စတာ အမ်ဟော့ဖ်မှာ နိုင်ငံရေး အတွေ့အကြုံ နည်းပါးပေမဲ့ မဲဆွယ်စည်းရုံးမှုတွေမှာတော့ ဒါက အနှောင့်အတား မဖြစ်ခဲ့ပါဘူး။

မစ္စတာ အမ်ဟော့ဖ် ဟာ ဂျိုး ဘိုင်ဒန်နဲ့ ကာမလာ ဟားရစ် အတွက် ရွေးကောက်ပွဲ အချိန်ပြည့် မဲဆွယ်ပေးဖို့အတွက် သူ့ရဲ့ ဥပဒေအကျိုးဆောင် အလုပ်ကနေ ခွင့်ရက်ရှည် ယူမယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။


"နိုင်ငံရေးလောက အများရှေ့မှောက် သူရုတ်တရက် တွန်းပို့ခံခဲ့ရတာအပေါ် သူရော ကျွန်တော်တို့ပါ အံ့အားသင့်စရာ ရှိပေမဲ့ တကယ်တမ်းမှာ ဒါဟာ သူ့ရဲ့ ပင်ကိုယ်စရိုက်လက္ခဏာနဲ့ အရမ်းကို ကိုက်ညီနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ တကယ်ပဲ ပျော်ပျော်နေတတ်သူ၊ ပြောဆိုဆက်ဆံတတ်သူ၊ သူတပါးအပေါ် အားပေးကူညီတတ်သူ တစ်ဦးပါ"လို့ သူ့သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် အာရွန် ဂျက်ကော့ဘီ ကပြောပါတယ်။

အင်တာဗျူးတွေမှာ သူ့ကိုကြည့်ရင် အေးအေးဆေးဆေးနဲ့ တကယ့် ကယ်လီဖိုးနီးယားကလူတစ်ဦးပုံ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နဲ့ သိကျွမ်းခဲ့သူတိုင်းကတော့ သူ့ကို အံ့မခန်းစရာ လူတစ်ဦးအဖြစ် ဖော်ညွှန်းပြောလေ့ ရှိကြပါတယ်။

သူကတော့ သူ့ကိုယ်သူ သာမန်လူတစ်ဦး အဖြစ်သာ ပြောလေ့ရှိပါတယ်။

သူ့စကားအရ ဆိုရင် "ကျွန်တော်က သာမန် ငနဲတစ်ဦးပါ။ အဲဒီနောက် ကာမလာနဲ့ တွေ့ခဲ့တာပါ" တဲ့။ 


BBC Burmese

https://www.bbc.com/burmese/54946575

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ - အိမ်ဖြူတော်က ဒုတိယသမ္မတတစ်ဦးရဲ့ ပထမဆုံးခင်ပွန်းသည်  ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ - အိမ်ဖြူတော်က ဒုတိယသမ္မတတစ်ဦးရဲ့ ပထမဆုံးခင်ပွန်းသည် Reviewed by THITHTOOLWIN on 00:40 Rating: 5

No comments:

Powered by Blogger.