အမေရိကန် ရွေးကောက်ပွဲရလဒ် ဘယ်တော့သိရမလဲ

 

အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် မဲရုံတွေ ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်အတွက် ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်ကြား အားပြိုင်မှုကတော့ ရလဒ်ထွက်မလာသေးပါဘူး။ ဘာကြောင့်ပါလဲ။

ရွေးကောက်ပွဲ ကျင်းပတဲ့ညမှာ မဲရလဒ်အဖြေချက်ချင်း ထွက်မလာတာကတော့ အမြဲတမ်းလိုလို ဖြစ်နေကြပါ။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပျံ့နှံ့မှုတွေကြောင့် အမေရိကန် နိုင်ငံသား သန်းနဲ့ချီ စာတိုက်ကနေ တစ်ဆင့် မဲပေးခဲ့ကြပါတယ်။

ဒါကြောင့် မဲတွေ အားလုံး ရွေတွက်ဖို့က အချိန်ပိုကြာနိုင်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲရလဒ်ကို ဘယ်ချိန် သိရလေ့ရှိလဲ။

ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ် မနိုင်ဘူးဆိုတဲ့ အဖြေကို ရွေးကောက်ပွဲကျင်းပတဲ့ညမှာပဲ ပြတ်ပြတ်သားသား သိရလေ့ရှိပါတယ်။

ပြည်နယ်တစ်ခုနဲ့ တစ်ခုကြား မဲပေးတဲ့အချိန်ကလည်း ကွာခြားပါတယ်။

အရှေ့ဘက် ကမ်းရိုးတန်းပြည်နယ်တွေက ပထမဆုံး မဲရုံတွေကို ဒေသစံတော်ချိန် ၇ နာရီမှာ ပိတ်သိမ်းခဲ့ပါတယ်။

ပြည်နယ်တိုင်းမှာ မဲရုံတွေအားလုံး ပိတ်သိမ်းပြီးတဲ့နောက် မဲရေတွက်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာ မဲတွေအားလုံး ရေတွက် ပြီးစီးတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

ဒါက ထုံးစံ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သူအနိုင်ရမလဲဆိုတာ သေချာတဲ့ မဲရလဒ်တွေတော့ ထွက်လာလေ့ရှိပါတယ်။

သမ္မတလောင်းတစ်ဦးက အပြတ်အသတ် ဦးဆောင်နေပြီလို့ အမေရိကန် မီဒီယာအဖွဲ့အစည်းတွေက ယုံကြည်တဲ့အခါ အဲဒီပြည်နယ်မှာ ဘယ်သူနိုင်လဲဆိုတာကို မီဒီယာတွေက ခန့်မှန်းတွက်ဆကြပါတယ်။

ဒါဟာ ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်တော့ မဟုတ်ပါဘူး။

ဒါပေမဲ့ မဲတွေအားလုံး ရေတွက်ပြီးတဲ့အချိန်မှာတော့ ဒီခန့်မှန်းတွက်ဆမှုဟာ အားလုံးနီးပါး မှန်ကန်တတ်ပါတယ်။

အမေရိကန် သမ္မတ ဘယ်သူဖြစ်မလဲဆိုတာ တစ်နိုင်ငံလုံး မဲရလဒ်နဲ့ ဆုံးဖြတ်လေ့မရှိပါဘူး။

ရွေးကောက်ပွဲမှာ နိုင်ဖို့ လိုအပ်တဲ့ ပြည်နယ်တွေမှာ အနိုင်ရတာနဲ့သာ ဆုံးဖြတ်လေ့ရှိပါတယ်။

အကြမ်းဖျင်းအားဖြင့် ပြည်နယ်တွေရဲ့ လူဦးရေပေါ် အခြေခံပြီး သတ်မှတ်တဲ့ မဲအရေအတွက် ခိုင်ခိုင်မာမာရမှသာ အနိုင်ရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရပြီး အိမ်ဖြူတော်ကို ရောက်ဖို့ဆိုရင် စုစုပေါင်း မဲ ၂၇၀ ရဖို့ လိုအပ်ပါတယ်။

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က ဝစ္စကွန်ဆင်ပြည်နယ်မှာ အနိုင်ပြီးနောက်ပိုင်း မဲအရေအတွက် ၂၇၀ ကျော် သွားတာကြောင့် ဒေသစံတော်ချိန် မနက် ၂ နာရီခွဲမှာ သူအနိုင်ရတယ်ဆိုတာ သိခဲ့ပါတယ်။

ဒီနှစ်မှာကော ဘာတွေ ကွဲပြားခြားနားမှုတွေရှိလဲ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပျံ့နှံ့မှုတွေကြောင့် အမေရိကန် ပြည်သူအတော်များများဟာ စာတိုက်ကနေကော လူကိုယ်တိုင်ပါ ကြိုတင်မဲတွေ ပေးခဲ့ကြပါတယ်။

စာတိုက်မဲတွေကို ရေတွက်တာဟာ အချိန်ပိုကြာလေ့ရှိပါတယ်။

စာတိုက်မဲတွေပေါ်မှာ ထိုးထားတဲ့ လက်မှတ်နဲ့ လိပ်စာ မှန်ကန်မှု ရှိမရှိ အပါအဝင် စစ်ဆေးမှုတွေ အများကြီး လုပ်ရမှာ ဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ်လိုမျိုး တချို့ ပြည်နယ်တွေမှာတော့ ရွေးကောက်ပွဲနေ့ မစတင်ခင် သတင်းပတ်တွေကတည်းက ဒီလုပ်ငန်းစဉ်တွေကို ကြိုလုပ်ထားတာကြောင့် မဲတွေ ရေတွက်ဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။

ဒါကြောင့် မဲရလဒ်အဖြေကို ဒီကနေ့ညမှာ ကြေညာနိုင်ခဲ့ပါတယ်။

ဘယ်ပြည်နယ်တွေကို စောင့်ရဦးမှာလဲ

ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရီဇိုးနား၊ ဂျော်ဂျီယာ၊ ဝစ္စကွန်ဆင်၊ မီရှီဂန်နဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေလို တချို့ ပြည်နယ်တွေမှာတော့ မဲရလဒ် ထွက်မလာသေးပဲ ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။

ဒီပြည်နယ်တွေဟာ သမ္မတလောင်းနှစ်ဦးလုံးအတွက် အရေးပါတဲ့ ပြည်နယ်တွေ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အဲဒီပြည်နယ်အားလုံးမှာ အနိုင်ရသူဘယ်သူဆိုတာ မကြာမီအချိန်အတွင်း ပေါ်ထွက်လာဦးမှာတော့ မဟုတ်ပါဘူး။

ပင်ဆယ်လ်ဗေးနီးယား နဲ့ ဝစ္စကွန်ဆင် ပြည်နယ်တွေဟာ ရွေးကောက်ပွဲနေ့ မတိုင်ခင်အထိ ကြိုတင်မဲပေးမှုကို ခွင့်မပြုခဲ့ပါဘူး။

ဒါကြောင့် မဲတွေ ရေတွက်မှုဟာ ရက်နဲ့ချီ ကြာနိုင်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

အရီဇိုးနား၊ ဂျော်ဂျီယာ နဲ့ မီရှီဂန် တို့လို အဓိက ကျတဲ့ ပြည်နယ်တွေမှာလည်း မဲရလဒ်က အခုအချိန်ထိ နှစ်ဘက်မျှနေဆဲပါ။

အရီဇိုးနားပြည်နယ်မှာတော့ ဂျိုးဘိုင်ဒန် အသာစီးရနေပါတယ်။

အဲဒီပြည်နယ်မှာ ၁၉၉၆ ခုနှစ်က ဒီမိုကရက်တွေ နောက်ဆုံး အနိုင်ရပြီးနောက်ပိုင်း ဒါဟာ ပထမဆုံးအကြိမ် ဒီမိုကရက်တို့ ဦးဆောင်နေတာဖြစ်ပါတယ်။

မစ္စတာ ဘိုင်ဒန်ဟာ အရီဇိုးနား ပြည်နယ်မှာ နိုင်ခဲ့မယ်ဆိုရင် ဒီမိုကရက်တွေ ကြီးစိုးထားတဲ့ အပြာရောင်တံတိုင်းနယ်မြေတွေလို့ ခေါ်ကြတဲ့ ဝစ္စကွန်ဆင်၊ မီရှီကန်နဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် သုံးခုထဲက ပြည်နယ် နှစ် ခုမှာ အနိုင်ရဖို့ လိုပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီပြည်နယ် သုံး ပြည်နယ်စလုံးမှာ မစ္စတာ ဘိုင်ဒန် ရှုံးနေပေနဲ့စာတိုက်မဲ အများအပြား ရေတွက်ဖို့ ကျန်နေပါသေးတယ်။

ဒီမိုကရက်အများအပြားဟာ ရီပတ်ဘလီကန်တွေထက် ပိုပြီး စာတိုက်ကနေ မဲပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရီပတ်ဘလီကန်တွေ ကြီးစိုးထားတဲ့ ဂျော်ဂျီယာ ပြည်နယ်မှာတော့ မဲရလဒ် ကွာဟမှု သိပ်မရှိသေးပါဘူး။

တက္ကဆက် ပြည်နယ်နဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေရဲ့ မဲရလဒ်အဖြေကိုလည်း စောင့်နေဆဲပါ။

ဒါပေမဲ့ အဲဒီပြည်နယ်တွေဟာ မစ္စတာ ထရမ့်လက်အောက်က ပြည်နယ်တွေ ဖြစ်လာဖွယ် ရှိပါတယ်။

ဘာကြောင့် မဲရေတွက်မှုတွေ နောက်ကျတာလဲ

ပြည်နယ်တစ်ဝက်ကျော်ဟာ ရွေးကောက်ပွဲနေ့နောက်ပိုင်း နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲ တံဆိပ် ကပ်နှိပ်ထားတဲ့ စာတိုက်မဲတွေကို လက်ခံမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲပြီး နောက်ပိုင်း ရက်ပိုင်းတွေအထိ တချို့မဲတွေကို ရေတွက်လို့ ရဦးမှာ မဟုတ်ပါဘူး။

စာတိုက်ကနေ မဲထည့်ဖို့ တောင်းဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ လူကိုယ်တိုင် မဲလာထည့်ခဲ့ကြတဲ့သူတွေရဲ့ မဲအရေအတွက်ကလည်း တိုးလာဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

လူတယောက်ကို နှစ်ခါ မဲပေးတာမျိုး မဖြစ်စေဖို့ လိုအပ်တဲ့ စိစစ်မှုတွေ လုပ်နေတာကြောင့် ကနဦး မဲရေတွက်မှုတွေမှာ အဲဒီမဲတွေ ပါဝင်မှာ မဟုတ်ပါဘူး။

မဲဘယ်လို ရေတွက်သလဲ

စာရွက်နဲ့ပဲဖြစ်ဖြစ်၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ပဲ ဖြစ်ဖြစ် မဲထည့်ခဲ့ကြတဲ့ မဲအရေအတွက် အများစုကို စက်တွေနဲ့ ရေတွက်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မဲရုံ တာဝန်ရှိသူတွေဟာ မဲရေတွက်မယ့်စက်တွေကို ချို့ယွင်းစေနိုင်တဲ့ မဲစာရွက်တိုင်းကို စစ်ဆေးဖို့ လိုပါတယ်။

မဲရုံတွေ ပိတ်ပြီးနောက်ပိုင်း မဲအရေအတွက် အချက်အလက်တွေကို ရွေးကောက်ပွဲဆိုင်ရာ ရုံးချုပ်တွေကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

အဲဒီနေရာတွေဟာ မြို့တော်ခန်းမလည်း ဖြစ်နိုင်သလို လက်ရှိ မဲရုံတည်ဆောက်ထားတဲ့ နေရာလည်း ဖြစ်နိုင်ပါတယ်။

ကယ်လီဖိုးနီးယားမှာ အသုံးပြုတဲ့ မဲပေးတဲ့စက်

တစ်ခါတလေမှာတော့ ဒီလုပ်ငန်းရပ်တွေဟာ အီလက်ထရောနစ် စနစ်နဲ့ပဲ ပြီးစီးသွားပါတယ်။

ဒါပေမဲ့ တချို့နေရာတွေမှာ မဲအရေအတွက် အချက်အလက်တွေ ထည့်ထားတဲ့ စက်ကလေးတွေကို လူကိုယ်တိုင် သွားပို့ပေးရတာ ဒါမှမဟုတ် ဖုန်းနဲ့ မဲရလဒ် ကြေညာပေးရတာတွေ လုပ်ရပါတယ်။

အဲဒီလို လုပ်ပြီးရင်တော့ မဲရလဒ် အချက်အလက်တွေကို ပြည်နယ် တရားဝင် ဝက်ဆိုဒ်မှာ တင်ဖို့ လုပ်ရပါတယ်။

တချို့နေရာတွေမှာတော့ ရွေးကောက်ပွဲရလဒ်ကို ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်တွေက သတင်းထောက်တွေကို သတင်းပေးပြီး အဲဒီမဲရလဒ်တွေကို သတင်းထောက်တွေက သတင်းရေးလေ့ရှိပါတယ်။

ပြည်နယ် တစ်ပြည်နယ်မှာ လိုအပ်တဲ့ မဲအရေအတွက် ရရှိပြီး အပြတ်အသတ်အနိုင်ရတာ သေချာပြီဆိုရင် သတင်းအဖွဲ့အစည်းတွေက အဲဒီပြည်နယ်အတွက် အနိုင်ရတဲ့ သမ္မတလောင်းကို ကြေညာပါတယ်။

တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးတဲ့ အဲဒီမဲရလဒ်တွေ မှန်ကန်တယ်ဆိုတဲ့အကြောင်း သက်ဆိုင်ရာ ပြည်နယ်တာဝန်ရှိသူတွေဘက်က အတည်ပြုမှုဟာ သတင်းပတ်တွေနဲ့ချီ ကြာတတ်ပါတယ်။

နောက်ဆုံး မဲရလဒ် စာရင်းဟာ ပထမဆုံး ရေတွက်ခဲ့တဲ့ မဲရလဒ်နဲ့ အတည်ပြုထားတဲ့ မဲရလဒ်တွေကြား အပြောင်းအလဲ တချို့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အကြီးအကျယ် ပြောင်းလဲမှုမျိုးတော့ မရှိပါဘူး။

ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းပွားရင် ဘာဆက်ဖြစ်မလဲ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်တလွှား ပြည်နယ် ၄၄ ပြည်နယ်မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအမှုပေါင်း ၃၀၀ ကျော် ရှိတယ်လို့ စတန်းဖို့ဒ် တက္ကသိုလ်နဲ့ MIT နည်းပညာအဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်တဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

ဒီနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ စာတိုက်မဲတွေအတွက် လိုအပ်တဲ့အချက်အလက်တွေ စိစစ်ဆောင်ရွက်တာက စလို့ ကိုဗစ်-၁၉ ကြောင့် မဲပေးမှု စနစ် ပြောင်းလဲမှုတွေထိ ကိစ္စရပ်တိုင်းမှာ ဥပဒေကြောင်းဆိုင်ရာ တိုင်ကြားချက်တွေ ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ မဲရလဒ်တွေဟာ အမေရိကန် တရားရုံးချုပ်မှာ အဆုံးသတ်နိုင်တယ်လို့လည်း သမ္မတ ထရမ့်က ပြောနေပါတယ်။

၂၀၀၀ ခုနှစ်မှာ ဒီမိုကရက် ကိုယ်စားလှယ် အဲဘတ် ဂိုးလ် ဖလော်ရီဒါပြည်နယ်မှာ ရှုံးနိမ့်ခဲ့ပြီး အဲဒီတုန်းက အနိုင်ရခဲ့တဲ့ သမ္မတကလည်း မဲအရေအတွက် ၆ သန်းလောက်မှာ ၅၃၇ မဲပဲ အနိုင်ရခဲ့ပါတယ်။

အဲဒီတုန်းက အငြင်းပွားဖွယ် အကြီးအကျယ်ရှိခဲ့တဲ့ မဲရလဒ် ပြန်လည်ရေတွက်မှုဟာ တစ်လကျော်ကြာ ကြာခဲ့ပြီး အမေရိကန် တရားရုံးချုပ်ဟာ ရီပတ်ဘလီကန် သမ္မတလောင်း ဂျော့ ဒဗလျူ ဘွတ့်ရှ် ကို အနိုင်ပေးခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54813214

အမေရိကန် ရွေးကောက်ပွဲရလဒ် ဘယ်တော့သိရမလဲ  အမေရိကန် ရွေးကောက်ပွဲရလဒ် ဘယ်တော့သိရမလဲ Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.