ထိုင်းပို့ကုန်တွေကို မြန်မာကုန်သွယ်ရေးဂိတ်အတွင်းက ဂိုဒေါင်တွေအထိ ပို့လို့ရပြီ

ထိုင်းဘက် က အသီးအနှံနဲ့ သားငါးတွေမြန်မာဘက် ကိုတင်ပို့

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်က ပိတ်ထားခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေး ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မြန်မာဘက်က ပြန်ဖွင့်လိုက်ပြီ ဖြစ်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ထိုင်းပို့ကုန်တွေကို မြန်မာကုန်သွယ်ရေးဂိတ်အတွင်းက ဂိုဒေါင်တွေအထိ ပို့ဆောင်ပေးဖို့ ကရင်ပြည်နယ် အစိုးရက ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြန်လည် ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို ခွင့်ပြုလိုက်တာကြောင့် ထိုင်းကနေ ဝင်နေတဲ့ ကုန်ပစ္စည်းအချို့ ယခင်စျေးနှုန်းတွေအတိုင်း ပြန်လည် စီးဆင်းနိုင်တယ်လို့လည်း ပြောဆိုနေကြတာ ရှိပါတယ်။

"ထိုင်းဘက်ကိုတော့ သွားလို့ မရသေးဘူး၊ ဒါပေမဲ့ ထိုင်းကုန်တွေတော့ မြန်မာဘက်ကို ဝင်လာလို့ရနေပြီ"လို့လည်း မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ် (၁ )ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက ဘီဘီစီကို ပြောပါတယ်။

ထိုင်းပို့ကုန်တွေကို မြန်မာကုန်သွယ်ရေးဂိတ်အတွင်းက ဂိုဒေါင်တွေအထိ ပို့လို့ရပြီ

အခု မြန်မာဘက်က ပြန်ဖွင့်ပေမဲ့ ထိုင်းဘက်ကတော့ အဲဒီလို ဖြေလျှော့တာမျိုး မရှိသေးပါဘူး။

ဒါကလည်း မြန်မာနိုင်ငံအတွင်း နေ့စဉ်မြင့်နေတဲ့ ကိုဗစ်ကူးစက်မှုနှုန်းကြောင့်လို့လည်း ကုန်သည်တွေထံက သိရပါတယ်။

အရင်က ကိုဗစ်ကြောင့် ပိတ်ထားချိန်မှာဆိုရင် ထိုင်းနဲ့ မြန်မာကုန်သည်တွေ၊ အာဏာပိုင်တွေအကြား သဘောတူထား တဲ့နေရာတစ်ခုမှာ ကုန်စည်တွေလဲရတာ၊ ကုန်သွယ်ရတာကြောင့် အဲဒီနေရာမှာ လူထောင်ချီ အစုအဝေးဖြစ်တာ အပါအဝင် သယ်ယူပို့ဆောင်စရိတ် ထပ်မံကုန်ကျတာကြောင့် ကုန်စျေးနှုန်း အနည်းငယ် တက်တာအပြင် ကုန်သွယ်မှု အဆင်မပြေတာတွေလည်း ရှိတယ်လို့ မြဝတီကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် ကုန်သွယ်မှုတန်ဖိုးက ၂၀၁၉ အောက်တိုဘာလကနေ ၂၀၂၀ မေလအထိဆိုရင် အမေရိကန်ဒေါ်လာ ၁.၄ဘီလီယံအထိရှိခဲ့ပါတယ်။

ထိုင်းကားသမားတွေ ပစ္စည်းတင်ပေးနေစဥ်

ကိုဗစ်- ၁၉ ရောဂါဟာ မဲဆောက်နဲ့ မြဝတီနယ်စပ်မှာ ကူးစက်ဖြစ်ပွားမှု ရှိခဲ့တာကြောင့်၊ ယာယီပိတ်ထားခဲ့တဲ့ မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေးကို အောက်တိုဘာလ ၂၆ ရက်နေ့က ကုန်ဖလှယ်တဲ့ ပုံစံနဲ့ သတ်မှတ်တဲ့နေရာမှာ လဲလှယ်တဲ့စနစ်နဲ့ ပြန်ဖွင့်ခဲ့ပါတယ်။

ကိုဗစ် ရှိမရှိ အစစ်ခံပြီး မြန်မာကားမောင်းသမားတွေကလည်း ဆုံချက်နေရာကို သွားပြီး၊ထိုင်းကားတွေဆီက ကုန်တွေကို လှမ်းယူပြီးနောက် ကျသင့်ငွေပေးချေပြီး၊ကားသမားတွေဟာ၊ကုန်ပစ္စည်း နှစ်ဖက်လွှဲပေးခဲ့ကြတဲ့ စနစ်ဖြစ်ပါတယ်။

ကုန်စည်တွေ အခုလို လဲလှယ်ရတာကြောင့် ကုန်ပစ္စည်းတစ်ခု ကို ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ်လောက်ထိစျေးတက်ခဲ့ တာတွေရှိတယ်လို့ လည်း ဒေါ်သင်းသင်းမြတ်က ဘီဘီစီကိုပြောပါတယ်။

အခုလို ကုန်ပို့‌နေရတာကြောင့် ထိုင်းကုန်စည်တွေတင်သွင်းရမှာ စရိတ်တွေ တက်နေတဲ့ အတွက် မြန်မာ ထိုင်းနယ်စပ်ကုန်သည်တွေက ကရင်ပြည်နယ်အစိုးရကို တင်ပြတောင်းဆိုတာကြောင့် အခုလို မြန်မာဘက်က ဂိုဒေါင်တွေအထိ ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာဘက်ကို ထိုင်းက တင်ပို့တဲ့ကုန်တွေက၊သခွားသီး၊သံပုရာသီး၊မုန်လာဥ၊ကျောက်ဖရုံသီးစတဲ့ ဟင်းသီးဟင်းရွက်တွေ၊ထိုင်းမွေးမြူရေးငါးတွေ၊ပုဇွန်တွေ၊မုန့်မျိုးစုံ၊အချိုရည်မျိုးစုံတွေအပြင်၊လူသုံးကုန်၊အိမ်သုံးကုန် စတဲ့ကုန်တွေ ဖြစ်ပါတယ်။

ထိုင်းဘက်ကို အရင်က မြန်မာဘက်က တင်ပို့တဲ့ကုန်တွေကတော့ ပဲမျိုးစုံ ၊ငရုတ်၊ကြက်သွန်နီ၊ ပြောင်းဆန်၊ပေါ်ဆန်းမွှေး၊ပေါ်ကျွှဲ၊ ဇီယာရှယ် ဆန်တွေ ၊အာလူး၊ ပဲတီစိမ်း၊ကျွဲ၊ နွား ၊သိုး၊ဆိတ် ဓာတ်သတ္တု ကုန်ကြမ်းစတာတွေကို တင်ပို့လေ့ရှိတယ်လို့ နယ်စပ်ကုန်သည်တွေဆီကနေ တစ်ဆင့် သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55045236

ထိုင်းပို့ကုန်တွေကို မြန်မာကုန်သွယ်ရေးဂိတ်အတွင်းက ဂိုဒေါင်တွေအထိ ပို့လို့ရပြီ  ထိုင်းပို့ကုန်တွေကို မြန်မာကုန်သွယ်ရေးဂိတ်အတွင်းက ဂိုဒေါင်တွေအထိ ပို့လို့ရပြီ Reviewed by THITHTOOLWIN on 01:28 Rating: 5

No comments:

Powered by Blogger.