ရွေးကောက်ခံ ဒုသမ္မတ ကာမလာဟဲရစ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါ သမိုင်းသစ်တရပ် တင်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘိုင်ဒန်နဲ့ ဟဲရစ်တို့နှစ်ဦး ရွေးကောက်ပွဲမှာ အနိုင်ရပြီး အိမ်ဖြူတော်ထိရောက်အောင် ပံပိုးပေးခဲ့ပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့တဲ့ နောက်ထပ် လူမည်းအမျိုးတဦးလည်း ရှိပါတယ်။
အမေရိကန် ရွေးကောက်ပွဲ အနိုင်ရမှုကို ဂျိုးဘိုင်ဒန်နဲ့အတူ သူ အောင်ပွဲခံနေချိန်မှာ ရွေးကောက်ခံ ဒုသမ္မတ ဖြစ်လာတဲ့ ပထမဆုံး လူမည်း အာရှနွယ်ဖွား အမေရိကန် အမျိုးသမီး ကာမလာဟဲရစ်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လူနည်းစု အမျိုးသမီးတွေကို အထူးအလေးပေး အသိအမှတ်ပြုခဲ့ပါတယ်။
အထက်လွှတ်တော်အမတ် ဟဲရစ်ဟာ လူနည်းစု အမျိုးသမီး အထူးသဖြင့် လူမည်း အမျိုးသမီးတွေကို အသိအမှတ်ပြုခဲ့တာပါ။
"လူမည်း အမျိုးသမီးတွေဟာ များသောအားဖြင့် လျစ်လျူရှုခံထားရပေမယ့် သူတို့တွေဟာ ကျွန်မတို့ ဒီမိုကရေစီရဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်တယ်ဆိုတာ မကြာခဏ သက်သေပြလေ့ရှိတယ်" လို့ ကာမလာ ဟဲရစ်က ပြောခဲ့ပါတယ်။
ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ အပြင်က သူတို့အိမ်မှာ မစ္စ ဟဲရစ်ရဲ့ မိန့်ခွန်းကို ကြည့်ရင်း ဟန့်ဒ်မိသားစုဝင်တွေ ငိုကြွေးခဲ့ကြပါတယ်။
"ဂျော်ဂျီယာပြည်နယ်ဟာ အခုတော့ ဒီမိုကရက်ကြီးစိုးတဲ့ နယ်မြေဖြစ်နေပါပြီ၊ ဒါဟာ ပြည်နယ်အတွက်သာမက ဒီမှာနေထိုင်ကြသူတွေ အထူးသဖြင့် လူမည်းအမျိုးသမီးတွေအတွက် အပြောင်းအလဲ အကြီးကြီးတခုပါ" လို့ အသက် ၂၇ နှစ်အရွယ် ခရစ်စတင် ဟန့်ဒ်က ပြောပါတယ်။
"ဒါဟာ စတေစီ အေဘရမ်စ်ကြောင့် ဖြစ်ပြီး အောက်ခြေအဖွဲ့အစည်းတွေမှာ ရှိတဲ့ လူမည်းအမျိုးအသီးအတော်များများကလည်း လူတွေ မဲပေးဖို့ မှတ်ပုံတင်ပေးတာနဲ့ ကျွန်မတို့ရဲ့ မဲဟာ ဘာကြောင့် အရေးပါလဲဆိုတာ သက်သေပြခဲ့ကြတယ်" လို့လည်း ဆိုပါတယ်။
အာဖရိကန် အမေရိကန် လူမျိုးတွေရဲ့ ထောက်ခံမှုနဲ့ အိမ်ဖြူတော်ကို တက်လှမ်းမယ့် ဂျိုးဘိုင်ဒန်ရဲ့ ခရီးလမ်း အထမြောက်ခဲ့တာ ဖြစ်ပါတယ်။
လူမည်း မဲဆန္ဒရှင်တွေကြောင့် မစ္စတာ ဘိုင်ဒန်ကို တောင်ကယ်လီဖိုးနီးယားပြည်နယ် ပဏာမရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
ဒါဟာ ပါတီတွင်း သမ္မတလောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံရဖို့ ကနဦး ခြေလှမ်းလည်း ဖြစ်ပါတယ်။
ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ဆက်အနိုင်ရပြီးတဲ့နောက် နောက်ဆုံးတော့ ဒီရွေးကောက်ပွဲမှာ မစ္စတာ ဘိုင်ဒန် အနိုင်ရသွားခဲ့ပါတယ်။
ဖိလစ်ဒေးဖီးယား နဲ့ ပစ်စ်ဘတ်ဂ်မြို့တွေလို မြို့ ကြီးတွေမှာ လူမည်း မဲဆန္ဒရှင် ပြည်သူတွေရဲ့ ထောက်ခံမဲ အများစု ရတာကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲနဲ့စာရင် လူမည်းတွေရဲ့ ထောက်ခံမဲ တိုးရခဲ့တယ်ဆိုပေမယ့် လူမည်း မဲဆန္ဒရှင် ၁၀ ယောက်မှာ ၉ ယောက်နီးပါးဟာ ဒီမိုကရက်တွေကို ထောက်ခံအားပေးကြတယ်လို့ မဲပေးခဲ့ကြသူတွေကို မေးမြန်းချက်အရ သိရပါတယ်။
ရွေးကောက်ပွဲမှာ ဘိုင်ဒန်အနိုင်ရအောင် အဓိက ကူညီခဲ့ကြတဲ့ ဒီမြို့တွေက လူတွေကို မေးရင် အများစုကတော့ သူတို့အသိုင်းအဝိုင်းအတွင်းက လူမည်းအမျိုးသမီးတွေကို အသိအမှတ်ပြုကြပါတယ်။
ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗဲလ်မှာ မဲဆွယ်စည်းရုံးရေးမှူးဖြစ်တဲ့ ခရုရှန်ဒါ စကော့ဒ်လိုမျိုး အမျိုးသမီးတွေကတော့ ခြိမ်းခြောက်စာတွေ သူတို့ရခဲ့ကြတယ်လို့ ဆိုပါတယ်။
လူမည်းအသိုင်းအဝိုင်းအတွင်းက မဲဆန္ဒရှင်တွေ မဲထွက်ပေးကြဖို့ သူကြိုးပမ်းခဲ့တဲ့ ရွေးကောက်ပွဲမကျင်းပခင် နောက်ဆုံး သီတင်းပတ်တွေမှာ လုံခြုံရေးအင်အား တိုးယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။
Kruzshander Scott (left) organised multiple voter registration drives and rallies in her predominately black neighborhood in Jacksonville, Florida. Brittany Smalls (right) led the Philadelphia chapter of the nonprofit Black Voters Matter, to educate voters and increase turnout.
ခရုရှန်ဒါ စကော့ဒ် (ဘယ် ) နဲ့ ဘရစ်နီ စမောစ်(ညာ)ဖိလစ်ဒေးဖီးယားမြို့က မဲပေးခွင့်ရရှိရေး တက်ကြွလှုပ်ရှားသူ ဘရစ်နီ စမောစ်ကတော့ ပညာရေးနဲ့ သူ့ပတ်ဝန်းကျင်က မဲဆန္ဒရှင်ပြည်သူတွေကို အားပေးထောက်ခံဖို့အတွက် သူ့ဘဝတလျှောက်လုံး ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဆန္ဒမဲဟာ အရေးပါတယ်ဆိုတာ သူသိတဲ့အတွက်ကြောင့်လို့လည်း ဆိုပါတယ်။
ဂျော်ဂျီယာပြည်နယ်မှာတော့ စတေစီ အေဘရမ်စ်ကို ဒီမိုကရက်တွေ အားလုံးနီးပါးက ချီးကျူးဂုဏ်ပြုနေကြပါတယ်။
ဒီအရာအားလုံးကို ပြီးစီးအောင် လုပ်နိုင်ခဲ့တဲ့အတွက်ကြောင့် မစ္စ အေဘရမ်စ်ရဲ့ နာမည်ကို မကြာခဏ တိုင်တည်ပြောဆိုနေကြတယ်လို့ ဒီနှစ်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီအတွက် မဲရုံစောင့်ကြည့်ရေးတာဝန်ယူခဲ့တဲ့ လင်ဒါ ဂရမ့်က ပြောပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်တုန်းကပဲ ဂျော်ဂျီယာပြည်နယ်က ဒီမိုကရက်တွေဟာ မစ္စ အေဘရမ်စ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ခေါ်ယူဖို့ မျှော်လင့်ခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ပထမဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံး အာဖရိကန် အမေရိကန် အမျိုးသမီးတဦးအဖြစ်လည်း ၂၀၁၈ ခုနှစ်မှာ သမိုင်းသစ်တင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ ရီပတ်ဘလီကန် ပြိုင်ဘက်ကတော့ ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ပွဲကြီးကြပ်ရေးအရာရှိချုပ်အဖြစ် အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘရိုက်ယန် ကမ့် ဖြစ်ပါတယ်။
သူ့ရဲ့ ၆ နှစ်တာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း မစ္စတာ ကမ့်ဟာ ဂျော်ဂျီယာ ဒေသခံတသန်းကျော်အတွက် မဲဆန္ဒရှင် မှတ်ပုံတင်မှုတွေကို ဖျက်သိမ်းခဲ့ပါတယ်။
သက်ဝင်လှုပ်ရှားမှုမရှိတာ ဒါမှမဟုတ် မှားယွင်းမှုတွေကြောင့်လို့ သူက ဆိုပေမယ့် သူ့ရုံးကတော့ မဲပေးမှု စံချိန်တွေကို ထိန်းထားချင်တာကြောင့်လို့ ယူဆပါတယ်။
မစ္စ အေဘရမ်စ် အပါအဝင် တခြားသူတွေကကတော့ ဒါဟာ မဲပေးခွင့်ရှုပ်သိမ်းတာ ဖြစ်တယ်လို့ ဝေဖန်ရှုတ်ချပါတယ်။
မစ္စတာ ကမ့်ဟာ မဲအရေအတွက် ၅၀,၀၀၀ ကျော်နဲ့သာ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ် စတေဆီလို့ ဆိုတဲ့ ဆိုင်းဘုတ်သူအနိုင်ရခဲ့ပြီးတဲ့နောက် မစ္စ အေဘရမ်စ် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ မဲဆန္ဒရှင်တွေကို ဖယ်ရှားသန့်စင်မှုကြောင့် ဒီရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တယ်လို့ ယူဆပြီး ဒါကို ပြန်လည်တုံ့ပြန်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ စစ်ဆင်ရေး အသစ်တခုကိုလည်း သူက ကြေညာခဲ့ပါတယ်။
၂ နှစ်အကြာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ မစ္စ အေဘရမ်စ်နဲ့ သူနဲ့အတူလုပ်ဆောင်တဲ့ အဖွဲ့စည်းတွေဟာ ဂျော်ဂျီယာပြည်နယ် တပြည်နယ်ထဲမှာတင် မဲဆန္ဒရှင် ပြည်သူ ၈၀၀,၀၀၀ ကျော်ကို မှတ်ပုံပေးတင်ပေးခဲ့ကြပါတယ်။
အဲဒီမှာ မဲပြန်လည်ရေတွက်မယ်ဆိုပေမယ့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ ဂျော်ဂျီယာပြည်နယ်တွင်း သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေဘက်က အနည်းငယ် အသာရအောင် ပံ့ပိုးကူညီပေးခဲ့တဲ့အတွက် မစ္စ အေဘရမ်စ်နဲ့ သူ့ရဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေကို အများက ချီးကျူးခဲ့ကြပါတယ်။
ဇန်နဝါရီလကျရင်လည်း အဲဒီမဲဆန္ဒရှင်တွေဟာ အရေးပါတယ်ဆိုတာ နောက်တကြိမ်ထပ်ပြီး သက်သေပြနိုင်မှာ ဖြစ်ပါတယ်။
ဂျော်ဂျီယာပြည်နယ်တွင်း အထက်လွှတ်တော်နေရာနှစ်နေရာလုံးအတွက် နောက်တကြိမ် ရွေးကောက်ပွဲ ထပ်ကျင်းပရမှာ ကြောင့် အခုလို ပြောရတာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲရလဒ်ဟာလည်း အမေရိကန် အထက်လွှတ်တော်မှာ ဘယ်ပါတီက ကြီးစိုးထားနိုင်မလဲဆိုတာ အဆုံးအဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။
ဂျော်ဂျီယာပြည်နယ်မှာလည်း ဂျိုးဘိုင်ဒန် အနိုင်ရခဲ့မယ်ဆိုရင် ရွေးကောက်ခံ သမ္မတ ဘိုင်ဒန်ဟာ မစ္စ အေဘရမ်စ်နဲ့ သူ့ရဲ့ စေတနာ့ဝန်ထမ်းတွေအပေါ် ကျေးဇူးကြွေးတင်သွားနိုင်ပါတယ်။
"သူ အေးအေးဆေးဆေး သက်တောင့်သက်သာလောက်ပဲလုပ်ပြီး ရှုံးသွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ နေနိုင်ပါတယ်။ ဒါပေမဲ့ အနိုင်ရအောင် သူ ပြောင်းလဲခဲ့ပြီး သူ့ကိုယ်သူအတွက် သာမက ကျွန်မတို့အသိုင်းအဝိုင်းအတွက် ပိုမိုကောင်းမွန်အောင် ကြိုးစားနေတယ်၊ တွန်းအားပေး လုပ်ဆောင်နေတယ်" လို့ မစ္စ ဟန့်က ပြောပါတယ်။
ခရစ်စတင်ရဲ့ အဒေါ် ထရီဆာ ဝဲလ်ဆင်ကလည်း ဒါကို သဘောတူသလို မစ္စ အေဘရမ်စ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပြည်နယ်အတွင်းမှာရှိတဲ့ လူမည်း မဲဆန္ဒရှင်တွေ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာအပေါ် ရှုမြင်ပုံတွေလည်း အမြဲတမ်း ပြောင်းလဲသွားလိမ့်မယ်လို့ ဆိုပါတယ်။
"အပြင်ကိုထွက်ပြီး အဲဒီနေရာမှာ ရှိတဲ့ လူတွေ အားလုံး မဲထည့်ဖို့အတွက် မှတ်ပုံတင်ပေးတာဟာ ဂျော်ဂျီယာပြည်နယ်အတွက်သာမက နိုင်ငံအတွက်ပါ အပြောင်းအလဲကြီးကြီးမားမားတခု ဖြစ်စေခဲ့တယ်" လို့လည်း ဆိုပါတယ်။
"ရွေးကောက်ပွဲတိုင်းဟာ ထုံးစံအတိုင်း အပြောင်းအလဲသိပ်ရှိမှာ မဟုတ်ဘူးလို့ ထင်မိခဲ့တယ်။ အခုတော့ ကျွန်မတို့ ဆန္ဒမဲတွေဟာ အရေးပါတယ်ဆိုတာ အမေရိကန်ပြည်ထောင်စုရော တကမ္ဘာလုံးကပါ တွေ့ မြင်ခဲ့ကြတယ်။"
BBC Burmese

No comments:
Post a Comment