ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့


၄  နိုဝင်ဘာ

ညဘက်ခေါင်းမလျှော်နဲ့နော်။ ရေစိုကြီးနဲ့အိပ်ရင် ဖျားမယ်လို့ မေမေတို့ ဖွားဖွားတို့ဆီက ဆူတာခံရဖူးတာ။ ဆံပင်စိုကြီးနဲ့ အိပ်လို့ ဖျားတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆံပင်စိုကြီးနဲ့ အိပ်ရာမဝင်သင့်တာကတော့ အမှန်ပါပဲ။ ခေါင်းလျှော်ပြီးရင် အိပ်ချင်တာကလည်း အမှန်ပဲနော်။ ဒါပေမယ့် ဆံပင်ခြောက်မှပဲ အိပ်ပါလို့ ပြောပါရစေနော်။ ဘာကြောင့်ဆံပင်ရေစိုနဲ့ မအိပ်ခိုင်းရတာလဲဆိုတာကို ပြောပြပေးပါရစေနော်။

ဆံပင်ရေစိုနဲ့ အိပ်ရာမဝင်သင့်တဲ့အကြောင်းအရင်း

ဆံပင်ရေစိုနေရင် မအိပ်သင့်ပါဘူး။ အိပ်ချင်ရင်တောင်မှာ Dryer သုံးပြီး ဆံပင်ကို အခြောက်ခံပြီးမှာ အိပ်ရာဝင်သင့်ပါတယ်။ ဆံပင်အခြောက်မခံဘဲ အိပ်ရာဝင်တဲ့အခါ ဒါလေးတွေဖြစ်နိုင်ပါတယ်။

ဝက်ခြံတွေဖြစ်နိုင်တယ်

ခေါင်းကစိုနေတဲ့ ခေါင်းအုံးစွပ်နဲ့ထိတွေ့မိပြီး ဘက်တီးရီးယားတွေပေါက်ဖွားမှုကနေတစ်ဆင့် မျက်နှာမှာ ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ဆံပင်ကို ရေခြောက်အောင် သုတ်တာအပြင် ခေါင်းအုံးစွပ်ကိုပါ လဲဖို့ မမေ့ပါနဲ့။

ဘက်တီးရီးယားတွေပေါက်ဖွားနိုင်တယ်

ခေါင်းအုံးစွပ်မှာ ဘက်တီးရီးယားတွေ ရှိနေနိုင်သလို မှိုပိုးတွေလည်း ပေါက်ဖွားနေနိုင်ပါတယ်။ ဒါကြောင့် ရေစိုနေတုန်းမှာ မအိပ်ပါနဲ့။ အစိုဓာတ်က ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားဖြည့်ပေးတာမျိုး ဖြစ်သွားနိုင်တာကြောင့်ပါ။ ဒီလိုကနေတစ်ဆင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။

ဗောက်ထစေနိုင်တယ်

ဘယ်သူကမှတော့ ခေါင်းဦးရေပြားမှာ ဗောက်တွေဖြစ်ချင်မှာ မဟုတ်ပါဘူး။ ခေါင်းလျှော်ရည်နဲ့ ဆံပင်အတွက်သုံးတဲ့ Conditioner အများစုက ဗောက်တွေသက်သာစေဖို့ ထုတ်ထားတာပါ။ တကယ်လို့ သင့်အနေနဲ့ ဆံပင်ရေစိုကြီးနဲ့ အိပ်ရာဝင်လိုက်မယ်ဆိုရင် ဦးရေပြားမှာ ဗောက်တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဗောက်ပြဿနာ ကင်းချင်တယ်ဆိုရင် ဆံပင်ရေစိုနေတုန်း အိပ်ရာမဝင်ပါနဲ့။

ဦးရေပြားမှာ အနာတွေဖြစ်စေနိုင်တယ်

ဦးရေပြားမှာ ဘက်တီးရီးယားတွေဖြစ်စေပြီး ဆံပင်တွေကို အကွက်လိုက်ကျွတ်စေတဲ့ ဦးရေပြားဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဦးရေပြားမှာ အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်မလာစေဖို့ ဆံပင်မခြောက်ခင်မှာ အိပ်ရာမဝင်ပါနဲ့။

ဆံပင်မွဲခြောက်ခြောက်ဖြစ်စေနိုင်တယ်

ဆံသားက ကျန်းမာနေတဲ့အခါ ပျော့ပျောင်းပြီး အရောင်စိုစို တောက်တောက်လေးနဲ့ တော်တော်လေး ကြည့်လို့ကောင်းတာပါ။ တကယ်လို့ သင့်အနေနဲ့ ဆံပင်ရေမခြောက်ဘဲ အိပ်ရာမဝင်မိဖို့ သတိထားပါ။ နောက်ထပ်ဖြစ်နိုင်တာကတော့ ဆံသားတွေကြွပ်ဆတ်ပြီး ခြောက်ဖွာလာနိုင်တာကြောင့်ပါ။

ခေါင်းကိုက်စေနိုင်တယ်

ဆံပင်ရေမခြောက်ခင် အိပ်တာကခေါင်းအုံတာ၊ ခေါင်းကိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဆံပင်နဲ့ ခန္ဓာကိုယ်အပူချိန်တို့ မမျှမတဖြစ်ပြီး ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။

ဦးရေပြားယားစေနိုင်တယ်

ဆံပင်မှာရေမခြောက်ဘဲ အိပ်စက်တဲ့အခါ ဦးရေပြားမှာ မှိုပိုးတွေပေါက်ဖွားမှုဖြစ်ပြီး ဗောက်ဖြစ်တာ အပါအဝင် အခြားသောဦးရေပြားကို ယားယံစေတဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ခေါင်းက အကြောင်းအရင်းမရှိဘဲ ယားယံတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာသန်စွမ်းပြီး လှပကြော့ရှင်းတဲ့ ဆံသားကို ပိုင်ဆိုင်ဖို့ဆိုရင် ညဘက် ခေါင်းလျှော်ပြီးတဲ့ အခါ ဆံပင်မခြောက်ခင်မှာ အိပ်ရာဝင်တာမျိုး မလုပ်ပါနဲ့။ အရမ်းအိပ်ချင်နေရင်လည်း Dryer အကူအညီနဲ့ ဆံပင်ကိုခြောက်အောင်လုပ်ပြီးမှ အိပ်စက်ဖို့ အကြံပြုပါရစေ။


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

Myanmar Digital News

https://www.facebook.com/MyanmarDigitalNews

ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့ ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့ Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.