မကွေးမြို့ အစိုးရဌာနဝင်းတွေအတွင်းက နေအိမ်နဲ့ဆိုင်ခန်းတွေ စတင်ဖယ်ရှား


တချိန်က ဝန်ထမ်းသက်သာအတွက် အစိုးရဌာနဝန်းအတွင်းမှာ မြေနေရာပေးပြီး အဆောက်အဦးနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို အငှားချထားတာတွေ ရှိပါတယ်။ အခုအခါမှာတော့ ဌာနဆိုင်ရာ မျက်နှာစာဥပ‌ဒေနဲ့ ဖယ်ရှားတာတွေ မကွေးတိုင်း၊ မကွေးမြို့မှာ စတင်ဆောင်ရွက်လာတာ တွေ့ရပါတယ်။

မကွေးတိုင်း ဆီထွက်သီးနှံ ဗဟိုသုတေသန စိုက်ပျိုးရေးခြံဝန်းအတွင်းက ဆိုင်ခန်း ၁၄ ခန်းနဲ့ နေအိမ် ၂၆ လုံးခန့်ကို နိုင်ဝင်ဘာလ ၂၀ ရက်နေ့မနက်မှာ အင်အားသုံးပြီး စတင်ဖယ်ရှားခဲ့ပါတယ်။ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ (၃) ပုဒ်မခွဲ(၁)အရ အခွင့်အာဏာပိုင်ကနေ နှင်ထုတ်ခဲ့တာဖြစ်သလို ဝန်းအတွင်းက ထွက်ခွာပေးဖို့ နိုတစ်စာပေးပို့ပြီး ဖြစ်တယ်လို့ လက်ထောက်သုတေသနအရာရှိ ဒေါ်ဝင်းဝင်းမာ က ပြောပါတယ်။

“သူတို့ရဲ့ နေစရာအခက်အခဲရော၊ နောက်ကလေးတွေရဲ့ ပညာရေးရောပေါ့နော်။ အဲဒီအတွက်ကြောင့်မို့ ၃၀၊ ၄၊ ၂၀၁၉ မှာ အပြီးရွှေ့ပေးတဲ့အခါကျတော့ အဲဒီအထိ နေခွင့်ပေးပါ အဲဒီ ၃၀ ရက် နေ့မှာတော့ သူတို့ အပြီးရွှေ့ပြောင်းပေးရမယ်လို့ ကတိခံဝန်ချက် သဘောတူလက်မှတ်ရေးထိုးပီးသားပါရှင့်။ နောက်မှာလည်း အဲဒီနောက်မှာလည်းပဲ ကျမတို့က ဒီအဆင့်ဆင့်သက်ဆိုင်ရာ ကျမတို့ရဲ့ လည်ဆည်ဝန်ကြီးရော ဒီမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှာရော ဒီသက်ဆိုင်ရာဌာတွေကို အကျိုးအကြောင်းတွေကို တင်ပြပြီးတော့ခါကျမှ လုပ်ထုံးလုပ်နည်းအတိုင်း နို့တစ်စာတွေလည်းပေးတယ်၊ ခြံအတွင်းမှာလည်း သူတို့ကိုခေါ်ယူပြီးတော့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပီးတော့မှ ကျမတို့ ဒီနေ့အဆင့်ကို ရောက်ရှိလာတာပါ”

မကွေးတိုင်းအတွင်း ၁၉၉၀ နောက်ပိုင်း အစိုးရဌာနဝန်းတွေမှာ ဝန်ထမ်းသက်သာဆိုတဲ့ ခေါင်းစဉ်နဲ့ မြေနေရာ အငှားချထားတာတွေ၊ ဆိုင်ခန်း အဆောက်အဦးတွေ ရှိခဲ့ပါတယ်။ပြည်သူတွေအနေနဲ့ နှစ် ၃၀ ကြာ အမှီသဟဲပြုပြီး နေထိုင်လုပ်ကိုင် ရှာဖွေစားသောက်လာခဲ့ရတာဖြစ်လို့ တခြားနေရာကို ပြောင်းရွှေ့ လုပ်ကိုင်နိုင်ဖို့ ဆိုရာမှာ အခက်အခဲတွေ များစွာရှိခဲ့တယ်လို့ ပြောပါတယ်။

အခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေချိန်မှာ ပြောင်းရွှေ့ရမှာဖြစ်လို့ ပိုလို့ အခက်တွေ့ရတယ်လို့ ဖျက်သိမ်းခံရတဲ့အထဲမှာပါတဲ့ ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ခင်မြင့်ကြည်က ပြောပါတယ်။

“ဒီမှာနေပြီးတော့ ဒီမှာပဲ လက်လုပ်လက်စား လုပ်ငန်းရှင်တွေပေါ့နော်။ လက်လုပ်လက်စားလုပ်နေတဲ့ လုပ်သားတွေ ဝန်ထမ်းတွေရှိတယ်။ အဲဒီလုပ်သားတွေက အခုဆိုရင် အိမ်ထောင်စုတစ်စုမှာ အနည်းဆုံး ၅ ဦး လောက်ရှိတယ်။ နောက်လုပ်သားအင်အားများတဲ့သူတွေဆိုရင် ၁၀ ယောက် ၁၅ ယောက်လောက်ရှိတယ်။ ဒီဘက်က ၁၄ ဦး ဟိုဘက်က ၂၆ ဦးဆိုရင် အိမ်ထောင်စုပေါင်း ၄၀အဲဒီ ၄၀ က မှီခိုနေတဲ့ သားသမီး၊ လုပ်ငန်းဝန်ထမ်းဘာညာဆိုရင် ၂၀၀ ကျော်လောက် ရှိတယ်။ အဲဒါတွေက အခုလောလောဆယ် ကိုဗစ်ကာလကြီးမှာ အခုလိုချမ်းအေးနေတဲ့ ရာသီဥတုကြီးမှာ အခုလို ချက်ချင်းအမိန့်ထုတ် ချက်ချင်းဆွဲထုတ် ၁၅ မိနစ်ဆိုတဲ့ အချိန်က ဘာမှလုပ်မရဘူး။ ဒါပေမယ့် ကြိုပြီးတော့ ပေးထားတာတော့ ရှိတာပေါ့။ ဒါပေမယ့် အများသူငါ သိထားတဲ့အသိက တစ်နိုင်ငံလုံး ဒီရောဂါကပ်ဘေးကြီး ဖြစ်နေတော့၊ စားဖို့တောင် တစ်နေ့စာတစ်နေ့တောင် ခက်ခဲနေကြတာ ဆိုတော့ ဒီလိုတော့ ချက်ချင်းကြီး ဖြစ်ပေါ်လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားကြဘူး။ အခုတော့ မမျှော်လင့်တဲ့ အနေအထားကြီးနဲ့ ချက်ချင်းကြီးဖြစ်သွားတာ”

ဝန်းအတွင်းကနေ ထွက်ခွာဖို့ ၂၀၂ဝ၊ ၄ လပိုင်း ၂၂ ရက်နေ့ကို သတ်မှတ်ခဲ့ပေမဲ့ ရောဂါကပ်ဘေး ကျရောက်လာတာကြောင့် ငဲ့ကွက်တဲ့အနေနဲ့ ရက်ကို နောက်ဆုတ်ခဲ့တယ်လို့  တာဝန်ရှိသူတဦး က ပြောပါတယ်။ ခြံဝန်းကို အုတ်တံတိုင်းခတ်ဖို့ လိုအပ်လာတဲ့အတွက်  နှင်ထုတ်ခဲ့ရတာလို့လည်းဆိုပါတယ်။

မကွေးတိုင်း လယ်ဆည်ဝန်ကြီး ဦးဝင်းမော်ဌေးကတော့ မကွေးတိုင်းဒေသကြီးအစိုးရအနေနဲ့ မကွေးမြို့ပေါ်မှာရှိတဲ့ ကျူးကျော်နေအိမ်တွေကိုလည်း ဖယ်ရှားဖို့ရှိသလို ပြန်နေရာချ ထားပေးနိုင်ဖို့ကိုလည်း မြေနေရာတိုင်းထွာမှုတွေ ရှင်းလင်းတာတွေ ဆောင်ရွက်နေတယ်လို့ပြောပါတယ်။

“ဒီနေရာတင် မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ အခုဟိုဘက်မှာ မြင်းခင်းဘက်မှာ နှင်နေတဲ့ဟာတွေရော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နှင်နေတဲ့ဟာတွေရော အကုန်လုံး ကျွန်တော်တို့ ပေးဖို့ ကျူးကျော်တွေကို နေရာချပေးဖို့ဆိုပြီးတော့ ကျွန်တော်တို့ တင့်ကားတပ်ကနေ စွန့်လွှတ်တယ်။ ကျွန်တော်တို့ အဲဒီမှာ မနေ့ကလည်း ဝန်ကြီးချုပ်ကြီးနဲ့ ကျွန်တော်တို့ ထပ်သွားကြည့်ပါတယ်။ အဲဒီမှာတော့ နေရာချထားပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒီလူတွေရယ် မဟုတ်ဘူးပေါ့နော်။ ကျူးကျော်တွေချည်းအတွက်ပေ့ါ။ အဓိကက‌တော့ ကျူးကျော်တွေအတွက် ဒီလူတွေကတော့ ကျွန်တော်တို့ ပထမဦးဆုံးနှင်တဲ့သူတွေ ဖြစ်သွားတာပေါ့နော်။ ဒါပြီးရင်လည်း ကျွန်တော်တို့ဆက်ပြီးတော့ လုပ်သွားမှာပေါ့နော်”

တခြား ဌာနမြေနေရာတွေပေါ်မှာလည်း ဖယ်ရှားစရာတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။ နို့တစ်စာ အပေးခံထားရပြီး ဆိုင်ခန်းမြေနေရာခ မကောက်ခံတော့တဲ့ ဌာနတွင်းနေထိုင် အလုပ်လုပ် နေကြရသူတွေကတော့ မိမိတို့အလှည့် ဘယ်နေ့ရောက်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဖြစ်နေရတယ်လို့ ပြောကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news

မကွေးမြို့ အစိုးရဌာနဝင်းတွေအတွင်းက နေအိမ်နဲ့ဆိုင်ခန်းတွေ စတင်ဖယ်ရှား မကွေးမြို့ အစိုးရဌာနဝင်းတွေအတွင်းက နေအိမ်နဲ့ဆိုင်ခန်းတွေ စတင်ဖယ်ရှား Reviewed by THITHTOOLWIN on 23:12 Rating: 5

No comments:

Powered by Blogger.