မနက်ဖြန် နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး နိုင်ငံတဝန်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီတော့ မနက်ဖြန်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ မဲဆန္ဒရှင်ပြည်သူတွေ ဘာတွေ ကြိုတင်ပြင်ဆင်ထားကြသလဲ၊ ဘယ်လိုအချက်တွေ အဓိကထား စောင့်ကြည့်လေ့လာကြမှာပါလဲဆိုတာ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
မနက်ဖြန် တနင်္ဂနွေနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ မြန်မာနိုင်ငံမှာ အစိုးရ အုပ်ချုပ်သူ လွှတ်တော် အပြောင်းအလဲအတွက် ဆန္ဒမဲပေးခွင့်ရှိတဲ့ အသက် ၁၈ နှစ်နဲ့အထက် နိုင်ငံသူ နိုင်ငံသားတွေက မိမိတို့ကြိုက်နှစ်သက်တဲ့ ပါတီနဲ့ လွှတ်တော်အသီးသီးက ကိုယ်စားလှယ်လောင်းတွေကို မဲပေးရွေးချယ်ကြမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာပါ။ တိုင်းရင်းဒေသတွေ အပါအဝင် နိုင်ငံတဝန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကျင်းပခွင့်ပြုထားတဲ့ မဲဆန္ဒနယ်တွေက မဲရုံတွေမှာ မနက် ၆ နာရီကစလို့ မဲရုံဖွင့်လှစ်မှာဖြစ်ပြီး ညနေ ၄ နာရီအထိ မဲဆန္ဒရှင်ပြည်သူတွေ လာရောက်မဲပေးခွင့် ရှိပါတယ်။
ဒီနှစ် ရွေးကောက်ပွဲအတွက် ထူးခြားချက်ကတော့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေချိန်မို့ မဲဆန္ဒရှင် ပြည်သူတွေဟာ ကူးစက်မြန်ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ မဲပေးကြပါလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေး ကြေညာထားတာပါ။
မနက်ဖြန် ရွေးကောက်ပွဲကျင်းပချိန်မှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဝိုင်းမော်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုLum Zawng က မဲရုံတွေကို ကိုယ်တိုင် သွားရောက်လေ့လာ စောင့်ကြည့်မယ်လို့ ဆိုပါတယ်။
"မနက်ဖြန်ကတော့ ကျနော်တို့ ပထမဆုံးအနေနဲ့ လိုက်ကြည့်ရှုစစ်ဆေးတဲ့ Observation လုပ်ပြီး လိုက်ပတ်ကြည့်ရှုဖို့ ပြင်ဆင်ထားပါတယ်။ အဓိကအနေနဲ့ကတော့ မဲရုံမှာရှိတဲ့ စနစ်တွေပေါ့နော်၊ ဘယ်ပုံဘယ်နည်းတွေ ဖြစ်နေသလဲ။ ပြီးရင် မဲစာရင်းတွေက ဘယ်လောက်အထိ ခိုင်မာတိကျမှု ရှိသလဲ။ ပြီးရင် မဲစာရင်းလက်မှတ်တွေ၊ အခု ကြိုတင်မဲပေးတဲ့အချိန် ကျနော်တို့ကြည့်တော့ တကတ်မှာ ၅၀ ပါတယ်၊ အဲ့ဒါ ၅၀ မပါတာ ရှိနေတယ်။ ပြီးရင် ရွေးကောက်ပွဲကော်မရှင်တွေရဲ့ လက်မှတ်မပါ တံဆိပ်တုံးမပါတဲ့ဟာတွေ ရှိနေတယ်ဆိုတော့ အဓိက ကျနော်တို့ မိဘပြည်သူတွေ မဲပေးတဲ့အချိန်မှာ ဘယ်လောက်အထိ ‘Free and Fair’ လွတ်လပ်ပြီးမှ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်သလဲ။ ပြီးရင် ဒေသ အသက် ၁၈ နှစ်နဲ့အထက် မဲဆန္ဒရှင်ပြည်သူတွေ Free Consent လို့ပြောတဲ့ ဘယ်လောက်အထိ သူတို့ရဲ့ သဘောဆန္ဒနဲ့အညီ မဲထည့်နိုင်ကြသလား။ နောက် ဒီ ရပ်ကျေးမှာ မဲပေးမယ့်စနစ်တွေကရော တကယ်လက်ခံနိုင်ဖွယ် ရှိသလား။ နောက်ပြီး ဘယ်ပါတီကနေ ဘယ်လိုမျိုး မသမာမှုတွေ လုပ်သလဲဆိုတာကို အဓိကထား ကြည့်ရှု စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။"
မနက်ဖြန် တတိုင်းလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကို အထူးလေ့လာစောင့်ကြည့်ဖို့အတွက် မန္တလေးတိုင်းတွင်းက လူငယ်အများစု ပါဝင်တဲ့ ကနောင်အင်စတီကျု အနေနဲ့လည်း ပြင်ဆင်နေပါတယ်။ အဓိက တပ်မတော်မဲရုံတွေကို စောင့်ကြည့်ပြီး ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနဲ့ မဲမသမာမှုတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားဖို့ ပြင်ဆင်ထားပါတယ်လို့ ကနောင်အင်စတီကျုရဲ့ ဒါရိုက်တာ ကိုသန်းမြတ်စိုးက ဗွီအိုအေကို ပြောပြပါတယ်။
"စောင့်ကြည့်မယ့်ပုံစံကတော့ ကျနော်တို့က မန္တလေးတိုင်း ၂၈ မြို့နယ်ကို စောင့်ကြည့်လေ့လာဖို့ ပြင်ဆင်ထားတယ်။ ကာလရှည် လေ့လာစောင့်ကြည့်သူကတော့ ၁၇ ယောက်ပါတယ်။ ကာလတို လေ့လာစောင့်ကြည့်သူကတော့ တမြို့နယ် ၄ ယောက်နှုန်းနဲ့ ၂၈ မြို့နယ်ပါ။ အဲ့ဒါအပြင် ကျနော်တို့က ဒီရွေးကောက်ပွဲကနေ တွေ့ရှိလာတဲ့ တွေ့ရှိချက်တွေကို နေ့လယ်ခင်းမှာ တကြိမ်၊ ညနေခင်းမှာ တကြိမ် ကျနော်တို့ရဲ့ ကနောင် Facebook Page ကနေ ထုတ်ပြန်ပေးသွားဖို့ ရှိပါတယ်။ ဘာတွေကို အထူးအလေးပေး စောင့်ကြည့်ကြမလဲဆိုတော့ ကျနော်တို့က မန္တလေးတိုင်း တတိုင်းလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲကြီးမှာ လူငယ်ပါဝင်မှုကို အဓိက အထူးအလေးပေးပြီးတော့ စောင့်ကြည့်ပါတယ်။ မနက်ဖြန် စောင့်ကြည့်မှာက အပိုင်း ၃ ပိုင်း ပြောလို့ရပါတယ်။ အဓိကစောင့်ကြည့်မှာက တပ်မတော်မဲရုံတွေပေါ့နော်၊ အဲ့မဲရုံတွေကို ကျနော်တို့ စောင့်ကြည့်မယ့်ဟာ ပါမယ်။ အဲ့ဒါက အထူးအလေးပေး လုပ်မယ့်ဟာပါ။ နောက်တခုကတော့ ရွေးကောက်ပွဲမသမာမှု၊ နောက်တခုကတော့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို အဓိက အလေးပေး စောင့်ကြည့်တာမျိုးရှိမယ်။ ပြီးရင် လူငယ်ပါဝင်မှုကိုလည်း စောင့်ကြည့်မယ်။ အဲ့ဒီ့အထဲမှာမှ ဒီလို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်တွေကို ဘယ်လောက်အထိ ခွင့်ပြုလဲ၊ ခွင့်မပြုသလဲ အဲ့လိုမျိုးတွေအထိ ထည့်သွင်းပြီးတော့ စောင့်ကြည့်သွားမှာမျိုးတွေ ရှိပါမယ်။"
မနက်ဖြန် ရွေးကောက်ပွဲကျင်းပချိန်မှာ အထက်ဗမာပြည်က ဆရာ၊ ဆရာမတွေဘက်ကလည်း ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာမယ့် အဖွဲ့တွေ ခွဲပြီးတော့ မဲရုံတွေကို သွားရောက်လေ့လာကြဖို့ ပြင်ဆင်ထားတဲ့ အခြေအနေကို အထက်ဗမာပြည် တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးသုတက ပြောပြပါတယ်။
"အထက်ဗမာပြည် တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂက ဆရာ၊ ဆရာမတွေက စောင့်ကြည့်မယ်။ ကြည့်တဲ့အခါမှာ ဒီရွေးကောက်ပွဲကြီးမှာ ဥပဒေနဲ့အညီ ရွေးကောက်ပွဲကြီး လွတ်လွတ်လပ်လပ် မဲပေးခွင့်ရဖို့၊ နောက် အနှောင့်အယှက် ကင်းကင်းနဲ့ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ မဲပေးခွင့်ရအောင်လို့ ကျနော်တို့ လေ့လာစောင့်ကြည့်ရေး လုပ်မှာပါခင်ဗျ။ ကျနော်တို့က မနက်ခင်း ၇ နာရီကနေစပြီး အဖွဲ့တွေ ခွဲထားတယ်ခင်ဗျ။ ၅ ယောက်တဖွဲ့၊ ၃ ယောက်တဖွဲ့တို့ပေါ့။ ကျနော်တို့ နယ်တွေကို လိုအပ်လို့ရှိရင် သွားနိုင်ဖို့ အဆင်သင့်လုပ်ထားပါတယ်ခင်ဗျ လောလောဆယ်တော့။ ကျနော်တို့ဘက်က ရက်ပေါင်း ၉၀ အတွင်းမှာ ရွေးကောက်ပွဲကော်မရှင်ကိုပေါ့နော် လေ့လာတွေ့ရှိချက်ကို အစီရင်ခံစာပေးပို့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အားနည်းချက် အားသာချက်တွေ၊ ရွေးကောက်ပွဲမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ အကုန်လုံးကို ပြန်ပြီး ခြုံငုံသုံးသပ်ပြီးတော့မှ အထက်ဗမာပြည် တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂကနေ အစီရင်ခံစာ တင်ပြမှာပါခင်ဗျ။"
မနက်ဖြန် ရွေးကောက်ပွဲ မဲလာပေးမယ့် ပြည်သူတွေအနေနဲ့ ရပ်ကွက် ကျေးရွာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားတဲ့ မဲရုံအမှတ်၊ မဲစာရင်းနံပါတ်နဲ့ မိမိရဲ့အမည်၊ မှတ်ပုံတင်နံပါတ်ပါ မဲဆန္ဒရှင် သက်သေခံကတ်ပြားကို ကိုင်ဆောင်လာရမှာဖြစ်ပြီး မဲရုံရောက်ချိန် တဦးနဲ့တဦး Social Distancing ခပ်ခွာခွာနေရမယ့် စည်းကမ်းချက်ကို လိုက်နာရမှာ ဖြစ်ပါတယ်။ Mask မျက်နှာဖုံး နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့၊ လက်သန့်စင်ဆေးရည်တွေနဲ့ သန့်စင်ကြဖို့ အပါအဝင် ကိုဗစ်ရောဂါ မကူးစက်စေရေး ကျန်းမာရေးလမ်းညွှန်ချက် စည်းကမ်းချက်တွေကို လိုက်နာကြဖို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက အထူးသတိပေးနေပါတယ်။
မနက်ဖြန် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပြည်နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် ၁,၁၅၇ နယ်မြေအတွက် ပါတီပေါင်း ၉၁ ပါတီက ပါတီကိုယ်စားပြုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၅,၈၃၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲရုံပေါင်း ၄၁,၀၀၀ ဝန်းကျင်အတွက်ကတော့ မဲရုံဝန်ထမ်းက ၄၁၀,၀၀၀ တာဝန်ယူမှာဖြစ်ပြီး မဲလာပေးမယ့်သူပေါင်းကတော့ ၃၇ သန်းကျော် ရှိနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
မဆုမွန်/VOA (Burmese)

No comments:
Post a Comment