ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျား(သံသယ)ရောဂါကြောင့် ဝက်ကောင်ရေ(၄၃)ကောင်ခန့်သေဆုံး
ကလေး နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် နိုဝင်ဘာ ၄ ရက်မှ ၂၀ ရက်အတွင်း ဝက်ကောင်ရေ ၄၃ ကောင်ခန့် သေဆုံးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှသိရသည်။
“အင်းစိန်ကျေးရွာထဲမှာရှိတဲ့ ဝက်ကောင်ရေ(၁၅၈)ကောင်ရေရှိတဲ့အထဲမှာ(၄၃)ကောင်သေဆုံးပါတယ်၊သေဆုံးတဲ့အထဲမှာ အကောင်ကြီးတဲ့ဝက်က(၂၁)ကောင်ဖြစ်ပြီးတော့ကျန်တာတော့ ဝက်ပေါက်စလေးတွေပေါ့၊ အခုလိုဝက်တွေသေဆုံးသွားတဲ့အပေါ် ကျွန်တော်တို့ဌာနအနေနဲ့ ကျေးရွာ အထိသွားပြီးကွင်းဆင်းတယ်၊သေဆုံးသွားတဲ့ဝက်တွေထားတဲ့နေရာကို ရောဂါကူးစက်မသွားအောင် ပိုးသတ်ဆေးတွေဖြန်းတယ်၊ နောက်ပြီးတော့သေဆုံးသွားတဲ့ဝက်တွေရဲ့အသားစနမူနာယူပြီးတော့ မန္တလေးမှာရှိတဲ့တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းကိုပို့ထားပါတယ်၊ လက်ရှိအနေအထားထိတော့ ရောဂါအဖြေမသိရသေးပါဘူး”ဟုကလေးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဒေါက်တာမှိန်းထန်းဇီးက ပြောကြားသည်။
“ကလေးမြို့နယ်အတွင်းမှာရှိတဲ့ ဝက်မွေးမြူရေးလုပ်ကိုင်သူများအနေနဲ့ ဝက်တွေဟာ ရာသီဉတု ပြောင်း လဲတဲ့ဒဏ်ကို မခံနိုင်တဲ့အတွက်ကြောင့် အေးတဲ့အချိန်မှာပလက်စတစ်တွေ မိုးကာတွေနဲ့ မိမိတို့ရဲ့ဝက်ခြံကိုနွေးထွေးအောင်ကာထားဖို့လိုအပ်ပါတယ်၊ ကျွေးမဲ့ဝက်စာတွေကိုလည်းနာရီဝက် လောက်အပူပေးရပါမယ်၊ နောက်ပြီးတော့ဝက်ခြံတွေသန့်ရှင်းအောင်ထားဖို့လည်း လိုအပ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကလေးမြို့နယ်အတွင်းရှိ ဝက်များကို ချင်းပြည်နယ်မြောက်ပိုင်းမြို့နယ် (၅)မြို့နယ်၊ တမူးခရိုင်၊ ဟုမ္မလင်း ခရိုင်တို့အပြင် အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်အထိ တင်ပို့ရောင်းချသည့်အတွက်ကြောင့် ဝက်မွေးမြူရေးလုပ်ငန်းသည် ဒေသခံပြည်သူများ၏ စီးပွားရေးကိုအထောက်အကူပြုသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)
Myanmaalinn

No comments:
Post a Comment