တပ်မတော်က အငြိမ်းစားဗိုလ်ချုပ်ဟောင်းတွေနဲ့ အရင်အစိုးရ အဖွဲ့ဝင်ဟောင်းတွေဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်ခဲ့လို့ဆိုပြီး ၂၀၂၀ နိုဝင်ဘာ(၈)ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြောလိုက်ပါတယ်။
ဘက်လိုက်မူကင်းပြီး မတရားနည်းနဲ့ မဲဆွယ်တာမရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တပ်မတော်နဲ့ ပူးပေါင်းပြီး စည်းကမ်းကျတဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက် ၃၂၂ နေရာထက်ကို ကျော်လွန်ပြီး အနိုင်ရထားတယ်လို့ ပါတီဘက်ကပြောထားပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်း၊ ကချင် နဲ့ ကယားပြည်နယ်တွေမှာ အနိုင်ရခဲ့သလို နေပြည်တော်က ဇေယျာသီရိ၊ ရန်ကုန်တိုင်းက ကိုးကိုးကျွန်းမဲဆန္ဒနယ်တွေမှာ အနိုင်ရခဲ့ပေမဲ့ ၂၀၁၅ လောက် အနိုင်မရခဲ့ဘူးလို့ အခုထိ သိရပြီးသမျှ ရလဒ်တွေကို လေ့လာအကဲခတ်သူတွေကပြောပါတယ်။
တိုင်းဒေသကြီးတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အမာခံမဲဆန္ဒနယ်တွေမှာလည်း အာဏာရပါတီက ကိုယ်စားလှယ်တွေက အနိုင်ရသွားခဲ့ပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ ရန်ကုန်မြို့က ကြံ့ခိုင်ရေးပါတီ ဌာနချုပ် ရုံးခွဲမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင် ပူးပေါင်းပြီး ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး မှာဆန္ဒပြသတင်းစာရှင်းလင်းပွဲမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲရုံတွေမှာ ဆရာ ဆရာမတွေ အင်အားမလုံလောက်လို့ လုပ်အားပေးလူငယ်တွေခေါ်တဲ့နေရာမှာ NLD လူငယ်တွေ ဖြစ်နေတာ၊ ကြိုတင်မဲပေးတဲ့ရက်ကို အောက်တိုဘာ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်လို့ သတ်မှတ်ထားပေမဲ့ နိုဝင်ဘာ ၇ရက်အထိ ကြိုတင်မဲပေးခိုင်းတာ အပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရွေးကောက်ပွဲရက်နီးချိန်မှာ ဆန်ဆီတွေပေးတာ၊ NLD ကိုမဲထည့်ရင် ငွေလေးသောင်းပေးမယ်ဆိုတာနဲ့ မဲဆန္ဒရှင် စလစ်တွေပေးခဲ့တာဟာ မဲနှစ်ခါပေးတဲ့ဖြစ်စဉ်တွေ ဖြစ်စေခဲ့တယ်ဆိုပြီးလည်း ပြောကြားခဲ့ပါတယ်။
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့မှာ နိုဝင်ဘာ ၁၁ ရက် နေ့လယ်က လူ၂၀ လောက်က ဆန္ဒပြခဲ့ကြပြီး ကြံ့ခိုင်ဖွံဖြိုးရေးပါတီနဲ့ အခြားပါတီတွေက အဖွဲ့ဝင်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကလည်း ဒီနေ့မှာပဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တရားမျှတမှုအပြည့်အ၀မရှိဘူးလို့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ စွပ်စွဲချက်က ယေဘုယျစွပ်စွဲတာဖြစ်လို့ ဘာမှတုံ့ပြန်စရာမရှိကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေတွေ့ရင် လွှတ်တော်ရွေးကောက်ပွဲဥပဒေများအတိုင်း အမှုဖွင့်ဖို့နဲ့ ရွေးကောက်ပွဲကို နောက်တစ်ကြိမ် ပြုလုပ်ပေးဖို့ ဆိုတာစဥ်းစားစရာ မလိုကြောင်းလည်း ဒီနေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ဦးသန်းဌေးဖေ့စ်ဘွတ်မဲပေးခြင်းပြီးဆုံးသွားပေမဲ့ အနိုင်ရကိုယ်စားလှယ်၊ ရှုံးနိမ့်တဲ့ ကိုယ်စားလှယ် ကြေညာခြင်းတွေမပြီးဆုံးသေးဘဲ အငြင်းပွားဖွယ်ရာတွေနဲ့ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး ဒီနေ့ထွက်နေတဲ့ ရလဒ်တွေဟာလည်း နောက်ဆုံးရလဒ် အပြီးအပြတ်မဟုတ်သေးဘူးလို့ ကြိုတင်ပြောချင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောခဲ့ပါတယ်။
နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဗီဒီယိုဖိုင်နဲ့ အမှာစကားပြောကြားချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်ခဲ့ပြီး ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်အတွက် တာဝန်ယူရမှာဖြစ်ပြီး မျှော်မှန်းထားတဲ့ ရလဒ်ရခြင်းမရခြင်းအပေါ်မှာ တာဝန်ယူရမယ်လို့ ခံယူကြောင်း ဦးသန်းဌေးက ပြောခဲ့ပါတယ်။
ဒါပေမဲ့ မဲပေးခြင်းလုပ်ငန်းစဉ်ပြီးဆုံးသွားတဲ့ဖြစ်စဉ်မှာ ဥပဒေနဲ့အညီ ဖြစ်မဖြစ်၊ အငြင်းပွားဖွယ်ရာမြောက်မြားစွာ ရှိခဲ့ရှိနေဆဲ၊ အထောက်အထားတွေ ထွက်ပေါ်နေဆဲဖြစ်ပြီး ခရီးက မပြီးဆုံးသေးဘူးလို့ ဆိုပါတယ်။
ဥပဒေနဲ့ညီတဲ့ မျှတတဲ့ရွေးကောက်ပွဲအဖြေဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း သူကပြောခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပခဲ့တဲ့နေရာ အချို့မှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့အဝင်အချို့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက် အချို့ကြောင့် အငြင်းပွားဖွယ် တစ်စုံတစ်ရာရှိခဲ့ပေမဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ နိုင်ငံရေးပါတီတွေ သတင်းမီဒီယာတွေပြောဆိုချက် အရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ခဲ့တာ မဟုတ်ကြောင်း ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အနေနဲ့ အငြင်းပွားတဲ့ နယ်မြေတချို့ကိုဘဲ ရွေးကောက်ပွဲဥပဒေနဲ့ အညီကန့်ကွတ်တာလုပ်သင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကပြောပါတယ်။
ရွေးကောက်ပွဲကြီးတစ်ခုလုံးကို ငြင်းပယ်လိုက်မယ်ဆိုရင်တော့ ဒီပါတီဟာ အရှုံးကို လက်မခံတဲ့ပါတီ၊ကန့်လန့်တိုက်တဲ့ပါတီ ၊ပြည်သူ့ဆန္ဒကို အလေးမထားတဲ့ပါတီလို့ ထင်ပြီးတော့ မဲရှုံးတာတင်မကဘဲ နိုင်ငံရေးအရ ရှုံးနိုင်တယ်လို့လည်းသူကပြောပါတယ်။
ဒါ့အပြင် တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင် ပေါင်းပြီးရွေးကောက်ပွဲကျင်းပဖို့ပြောတာဟာ လက်ရှိ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေရဲ့ မူဝါဒ မဟုတ်ပါစေနဲ့လို့ မျှော်လင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွတ်လို့မှ လက်မခံနိုင်လို့ရှိရင်တော့ ပါတီအနေနဲ့ အနိုင်ရထားတဲ့နေရာတွေမှာ တာဝန်မထမ်းဆောင်ဘဲ နုတ်ထွက်လိုက်တာက ပိုပြီးရှင်းတယ်လို့ သူကပြောခဲ့ပါတယ်။
ရွေးကောက်ပွဲကို ကော်မရှင်နဲ့ တပ်မတော် ပေါင်းပြီး ကျင်းပဖို့ တောင်းဆိုတာဟာ အခြေခံဥပဒေမှာ မပါတဲ့နည်းနဲ့ လုပ်ခိုင်းတာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က ပြည်သူ့ဆန္ဒ အဆုံးအဖြတ်ကို လက်ခံမယ်လို့ပြောထားတဲ့ အတွက် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အကြံပြုချက်ကို လက်ခံမှာ မဟုတ်ကြောင်း ဦးရဲထွဋ်ကသုံးသပ်ပါတယ်။
BBC Burmese

No comments:
Post a Comment