အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီကို ပြင်ဆင်ဖွဲ့စည်းပေးဖို့ အလုပ်သမားအရေး လှုပ်ရှားသူအချို့ တောင်းဆို

 အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီကို ပြင်ဆင်ဖွဲ့စည်းပေးဖို့ အလုပ်သမားအရေး လှုပ်ရှားသူအချို့ တောင်းဆို

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးတွေမှာ ဆုံးဖြတ်ချက်ပေးတဲ့ ခုံသမာဓိကောင်စီ အဆုံးဖြတ်တွေဟာ အဂတိမကင်းဘူးလို့ ယူဆတဲ့အတွက် ပြင်ဆင်ဖွဲ့စည်းပေးဖို့ကို အလုပ်သမားရေး လှုပ်ရှားတဲ့ အဖွဲ့အချို့က တောင်းဆိုလိုက်ပါတယ်၊

ဒါအပြင် လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ခုံသမာဓိကောင်စီအဖွဲ့ဝင်တွေ နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြမှုတွေ ရန်ကုန်မြို့မှာ ပြုလုပ်သွားမယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ)က ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်တွေမှာ အလုပ်သမားတွေဘက်က ရှုံးနိမ့်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီးတော့ အနိုင်ရရင်လည်း အခွင့်အရေး အပြည့်အဝ ရရှိအောင် လုပ်ဆောင်ပေးခြင်း မရှိတာကြောင့် နစ်နာမှုတွေ ရှိလာတဲ့အတွက် အခုလို တောင်းဆိုမှုတွေ လုပ်ဖို့စီစဥ်ရတာလို့လည်း အလုပ်သမားအရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီလို အလုပ်သမားရေးလှုပ်ရှားတဲ့ အဖွဲ့အချို့ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီက တာဝန်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရန်ကုန်အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား ၅သိန်းခန့်ရှိ

ခုံသမာဓိကောင်စီ ဆိုတာကတော့ အလုပ်ရှင်ဘက်က ကိုယ်စားလှယ်၊အလုပ်သမားဘက် ကိုယ်စားလှယ်နဲ့ အစိုးရဝန်ကြီးဌာနဘက်က ကိုယ်စားလှယ် စုစုပေါင်း ၁၅ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

အလုပ်ရှင် အလုပ်သမားဆိုင်ရာ အငြင်းပွားမှု ဖြစ်စဉ်တွေမှာ ကြားဝင် ဆုံးဖြတ်ပေးရတဲ့ ခုံသမာဓိကောင်စီ အဆင့်မှာ အလုပ်သမားတွေဘက်က အမှုတွေဟာ ရှုံးနိမ့်တာတွေ ရှိလာတဲ့အတွက် ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် အလုပ်သမားရေး လှုပ်ရှားနေတဲ့အဖွဲ့တစ်ချို့က မေးခွန်းထုတ်နေကြပါတယ်။

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေမှာ မြို့နယ်အဆင့်၊တိုင်းအဆင့် စတဲ့ အဆင့်ဆင့် ဖြေရှင်း ညှိနှိုင်းမှုတွေမှာ ဖြေရှင်းနိုင်ခဲ့ပေမဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ခုံသမာဓိကောင်စီရဲ့ အဆင့်မှာတော့ ရှုံးနိမ့်တဲ့ အမှုတွေ များလာတဲ့အတွက် အခုလို အလုပ်သမားအဖွဲ့အစည်းတွေက ခုံသမာဓိကောင်စီကို ပြန်လည် ဖွဲ့စည်းပေးဖို့နဲ့ ဆန္ဒထုတ်ဖော်ဖို့အထိ ဆောင်ရွက်လာကြတာ ဖြစ်ပါတယ်။

ခုံသမာဓိကောင်စီနဲ့ ပတ်သက်လို့ ဥပဒေတွေ မူဝါဒတွေ ပြန်လည်ပြင်ဆင် သုံးသပ်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြတောင်းဆိုတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားများရိုင်းပင်းကူညီရေး အဖွဲ့က အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခက ဘီဘီစီကို ပြောပါတယ်။

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေမှာ အလုပ်သမားတွေဘက် ကကိုယ်စားလှယ်တွေက ညှိနိုင်းမှုတွေမှာပါဝင်

ခုံသမာဓိကောင်စီဟာ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့ပေမယ့် မဲခွဲတဲ့အခါမှာတော့ အလုပ်ရှင်၊အလုပ်သမား၊ အစိုးရဘက်က ကိုယ်စားလှယ် တစ်ဦးစီနဲ့ ပေါင်း၃ဦးကသာ ဆုံးဖြတ်တာဖြစ်တာကြောင့် အချို့ ဆုံးဖြတ်ချက်တွေမှာ အငြင်းပွားဖွယ်ရာတွေ တွေ့နေရတယ်လို့ ဒေါ်မျိုးမျိုးအေးကပြောပါတယ်။

ခုံသမာဓိကောင်စီကို ဆန္ဒပြမယ့် အစီစဥ်မှာ မြန်မာနိုင်ငံ အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပါဝင်မယ်လို့ ပြောပေမဲ့ အခြား အလုပ်သမားရေးလှုပ်ရှားတဲ့ အဖွဲ့အချို့ကတော့ သဘောထားမှတ်ချက်ပေးတာ မတွေ့ရသေးပါဘူး။

ဆန္ဒထုတ်ဖော်မှုကို ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းက ခုံသမာဓိကောင်စီရုံးရှေ့မှာ ပြုလုပ်ဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ ငြိမ်း၊စု၊စီ ခွင့်ပြုချက်တင်ထားပြီး ဆန္ဒထုတ်ဖော်ရာမှာ လူစုလူဝေး မဖြစ်ပေါ်စေရန်နဲ့ သတ်မှတ်ဦးရေထက် စုဝေးမှုများ ရှိလာပါက ဦးဆောင်သူများ အရေးယူခံရမယ်ဆိုတဲ့ ခံဝန် လက်မှတ်ရေး ထိုးထားခဲ့ရတယ်လို့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွေရှိရင် လုပ်ငန်းခွင်အတွင်း အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ရှင်းတာရှိပြီး၊ အဲဒီကနေ မကျေနပ်ရင် မြို့နယ်အဆင့် ၊ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေ အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ရှင်းရပါတယ်။ အဲဒီအဆင့်နဲ့ မပြီးရင်တော့ တိုင်းအဆင့် ခုံကောင်စီကို တက်ရပြီး၊ ခုံသမာဓိကောင်စီကတော့ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။

ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည် နဲ့တိုင်ရီစက်ရုံလုပ်သားများ

ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်တချို့မှာ အလုပ်သမားတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ ရှိပြီး၊ အနိုင်ရရင်လည်း အခွင့်အရေး ပြည့်ပြည့်ဝဝမရတာတွေ၊ လျော်ကြေးမှာလည်း ထိုက်တန်တဲ့ လျော်ကြေးတွေ မရရှိမှု စတဲ့ နစ်နာမှုတွေ ရှိလာတဲ့အတွက် အခုလို အလုပ်သမား သမဂ္ဂတွေ အလုပ်သမား အဖွဲ့ချုပ်တွေက မေးခွန်းထုတ်လာရတာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

လက်ရှိလည်း ကောင်စီမှာ ဆက်လက် အဆုံးဖြတ်ခံရမယ့် အလုပ်သမား အမှုတွေ အငြင်းပွားမှုတွေ ရှိနေတဲ့အတွက် ခုံသမာဓိကောင်စီအနေနဲ့ မိမိတို့ မူဝါဒတွေ ဆုံးဖြတ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ချပြသင့်တယ်လို့ ဒေါ်ခခက ပြောပါတယ်။

ခုံသမာဓိ ကောင်စီမှာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြစ်စဉ်တွေကို အစိုးရက ရွေးချယ်ပေးထားတဲ့ ဌာနဆိုင်ရာက ကိုယ်စားလှယ်တစ်ဦး၊ အလုပ်ရှင်ကိုယ်စားလှယ်တစ်ဦး ၊အလုပ်သမား ကိုယ်စားလှယ်တစ်ဦး၊ စုစုပေါင်း သုံးဦးတို့က အငြင်းပွားတဲ့ပြဿနာတွေကို ဆုံးဖြတ်ပေးရတာဖြစ်ပြီး အခုလက်ရှိကောင်စီမှာ မဲခွဲဆုံးဖြတ်တဲ့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ် နှစ်ဦး သဘောတူရင်နှစ်မဲ တစ်မဲ နဲ့ ရှုံးနိမ့်နေတာ ဖြစ်တာကြောင့် မဲခွဲစနစ်ကိုလည်း ပြင်ဆင်လိုကြတယ်လို့ အလုပ်သမားရေး လှုပ်ရှားနေသူတွေက ပြောခဲ့ပါတယ်


BBC Burmese

https://www.bbc.com/burmese/burma-55121227

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီကို ပြင်ဆင်ဖွဲ့စည်းပေးဖို့ အလုပ်သမားအရေး လှုပ်ရှားသူအချို့ တောင်းဆို  အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီကို ပြင်ဆင်ဖွဲ့စည်းပေးဖို့ အလုပ်သမားအရေး လှုပ်ရှားသူအချို့ တောင်းဆို Reviewed by THITHTOOLWIN on 00:51 Rating: 5

No comments:

Powered by Blogger.