2020 ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတချို့ကို တွေ့ရစဉ်
Photo: RFA
၂၀၂၀ အထွေထွေရွေးကောက်ပွဲမီအောင် ၂၀၁၈ နှစ်ကုန်ပိုင်းကနေ ၂၀၂၀ နှစ်ဆန်းပိုင်း အထိ အသစ်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီ ၂၀ နီးပါးမှာ ပြည်မအခြေစိုက် နိုင်ငံရေးပါတီ တွေက ရွေးကောက်ပွဲမှာ နေရာတစ်နေရာမှ အနိုင်မရခဲ့ပေမယ့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတော်တော်များများက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နေရာတွေ ရှိခဲ့ပါတယ်။
၁။ ပြည်သူ့ပါတီ (PP)
၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှာ ပါတီမှတ်ပုံတင်ကျခဲ့တာဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ( ၁၄၀)ကျော် နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့ မဲဆန္ဒနယ် မရှိခဲ့ပါဘူး။
ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကိုယ်တိုင် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
၂။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ဖူးသူ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဟာလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအမီ တည်ထောင်ခဲ့တဲ့ ပြည်မအခြေစိုက် ပါတီတစ်ခုပါ။
ပါတီဟာ ၂၀၁၉ ခုနှစ် ဧပြီလမှာ ပါတီမှတ်ပုံတင်ခွင့်ရခဲ့ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကိုယ်စားလှယ်လောင်း (၉၂၀) ကျော်နဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် မဲဆန္ဒနယ် တစ်နေရာမျှ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ခြင်း မရှိပါဘူး။
၃။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)
NLD ပါတီကနေ ထွက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာသက်သက်ခိုင်ဟာ ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ပါတီမှတ်ပုံတင်ကျခဲ့တဲ့ ပါတီသစ် တစ်ခု ဖြစ်ပါတယ်။
ကိုယ်စားလှယ် ၂၃၀ ကျော်နဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ကိုယ်တိုင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
၄။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ( UNDP)
၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီကနေ ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့ NLD ပါတီဝင်ဟောင်း ဦးဒေးဗစ်လှမြင့်ကလည်း ၂၀၂၀ ရွေးကောက်ပွဲအမီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီကို တည်ထောင်ခဲ့ပါတယ်။
ပါတီဥက္ကဋ္ဌ ဖြစ်တဲ့ သူဟာ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ကိုယ်စားလှယ်လောင်း ၃၈ ဦးနဲ့ ဝင်ပြိုင်ခဲ့တဲ့ UNDP ဟာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့ မဲဆန္ဒနယ်မရှိခဲ့ပါဘူး။
ပါတီသစ်တွေထဲ ပြည်မအခြေစိုက်ပါတီတွေက ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် တစ်နေရာမှ အောင်နိုင်မှု မရှိခဲ့ပေမယ့် ပြည်နယ်တွေက တိုင်းရင်းသားပါတီတွေထဲမှာတော့ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့ ပါတီတွေရှိခဲ့ပါတယ်။
၅။ ရခိုင့်ဦးဆောင်ပါတီ (AFP)
ရခိုင်အမျိုးသားပါတီကနေ ခွဲထွက်ပြီး တည်ထောင်ခဲ့တဲ့ပါတီပါ။
AFP ပါတီကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင် တည်ထောင်ခဲ့ တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ပါတီမှတ်ပုံတင်ခွင့်ရခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီကတော့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် (၁) နေရာနဲ့ ပြည်နယ် လွှတ်တော် (၂) နေရာမှာ ရွေးကောက်ပွဲ နိုင်ခဲ့ပါတယ်။
၆။ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)
ကချင်နိုင်ငံရေးပါတီတချို့ ပူးပေါင်းထားတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီဟာလည်း ၂၀၁၉ ခုနှစ် ဇွန်လမှာ ပါတီမှတ်ပုံတင်ခွင့်ကျတဲ့ ပါတီသစ်တစ်ခုဖြစ်ပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီကတော့ ပြည်သူ့လွှတ်တော် (၁) နေရာနဲ့ ပြည်နယ် လွှတ်တော် (၃) နေရာမှာ ရွေးကောက်ပွဲအောင်နိုင်ခဲ့တာဖြစ်ပါတယ်။
၇။ ဒီမိုကရေစီပါတီသစ် (ကချင်) (NDP-Kachin)
၂၀၁၉ ခုနှစ် သြဂုတ်လမှာ ပါတီမှတ်ပုံတင်ခွင့်ကြခဲ့တဲ့ ဒီမိုကရေစီပါတီသစ် (ကချင်) ဟာလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် (၁) နေရာနဲ့ ပြည်နယ်လွှတ်တော် (၁) နေရာမှာ ရွေးကောက်ပွဲအောင်နိုင်ခဲ့ပါတယ်။
၈။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( CNLD)
ချင်းပါတီ ၃ ခုကိုပူးပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တည်ထောင် ထားတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဇူလိုင်လမှာ CNLD က ပါတီမှတ်ပုံတင်ခွင့်ရခဲ့တာပါ။ CNLD ဟာ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် (၁) နေရာမှာ ရွေးကောက်ပွဲ အောင်နိုင် ခဲ့ပါတယ်။
၉။မွန်ညီညွတ်ရေးပါတီ (MUP)
မွန်ပါတီနှစ်ခုကို ပေါင်းစည်းလိုက်တဲ့ မွန်ညီညွတ်ရေးပါတီဟာလည်း ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ မှတ်ပုံတင်ခွင့် ရခဲ့တဲ့ ပါတီတစ်ခုပါ။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ MUP ဟာ ပြည်သူ့လွှတ်တော် (၂) နေရာ၊ အမျိုးသားလွှတ်တော် (၃) နေရာ၊ ပြည်နယ်လွှတ်တော် (၆) နေရာ၊ တိုင်းရင်းသား ရေးရာဝန်ကြီး (၁) နေရာနဲ့ စုစုပေါင်း (၁၂) နေရာ ရွေးကောက်ပွဲအောင်နိုင်ခဲ့ပါတယ်။
တိုင်းရင်းသား ပါတီအသစ်တွေထဲ နေရာအများဆုံးနိုင်တဲ့ ပါတီလည်း ဖြစ်ပါတယ်။
၁၀။ ဝ အမျိုးသားပါတီ ( WNP)
ရွေးကောက်ပွဲကျင်းပမယ့် ၂၀၂၀ ခုနှစ် ဧပြီလမှာမှ ပါတီမှတ်ပုံတင်ခွင့်ရခဲ့တဲ့ ဝအမျိုးသားပါတီဟာလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့တဲ့ မဲဆန္ဒနယ် (၃ ) နေရာရှိခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် (၁) နေရာနဲ့ ပြည်နယ်လွှတ်တော် (၂) နေရာမှာ ရွေးကောက်ပွဲ နိုင်ခဲ့တာပါ။
RFA Burmese
https://www.rfa.org/burmese/news/2020-election-parties-11162020053858.html

No comments:
Post a Comment