ကျောက်မဲရွေးကော်ဥက္ကဋ္ဌနေအိမ် ပစ်ခတ်ခံရ

ပစ်ခတ်ခံခဲ့ရတဲ့ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နေအိမ်။ (နိုဝင်ဘာ ၁၅၊ ၂၀၂၀။ ဓာတ်ပုံ - MOI)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နေအိမ်ကို နိုဝင်ဘာ ၁၄ ရက်ညက သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။ အပြည့်အစုံကို မမေခ တင်ပြပေးထားပါတယ်။

ပြည်ထောင်စုရွေးကေက်ပွဲကော်မရှင်ကနေ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်တွေ အပြည့်အစုံ ဖော်ပြခဲ့တဲ့နေ့မှာပဲ အခုလို ဒေသ ကော်မရှင်တာဝန်ရှိသူတဦး လက်နက်ခြိမ်းခြောက်ခံရတဲ့ဖြစ်ရပ် ထွက်လာတာပါ။

ရှမ်းပြည်မြောက်ပိုင်း ခရိုင်ကော်မရှင် အတွင်းရေးမှူး ဦးနှစ်ဆန်းဦးကတော့ ဒီဖြစ်ရပ်ဟာ ရွေးကောက်ပွဲနဲ့ ဆက်စပ်မှုရှိမယ်လို့ သုံးသပ်လိုက်ပါတယ်။

“အဲဒါက မနေ့ည ၁၁ နာရီလောက်က ဖြစ်တာပေါ့။ ပစ်တဲ့အဖွဲ့ကိုတော့ မသိဘူး။ ကျည်ဆန်ထိပ်ဖူးကိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိမ်းသွားပါတယ်။ ပစ္စတိုအသေးစားပေါ့နော်၊ အသေးစိတ်ကတော့ ရဲတပ်ဖွဲ့ပဲသိမယ်ဗျ။ ကျနော်တို့ကတော့ ရဲတပ်ဖွဲ့ကတော့ စုံစမ်းဖော်ထုတ်နေတယ်။ မှန်ကွဲတာလောက်ပဲ ဖြစ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီးတော့ မြို့နယ်ဥက္ကဋ္ဌအိမ်ကို လုံခြုံရေးတော့ ချထားပါတယ်။ အဖြေကတော့ ကျနော်ထင်ပါတယ်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်မယ်လို့တော့ ကျနော်ထင်ပါတယ်။”

အမှုဖြစ်ပွားခဲ့တဲ့ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးထွန်းကို ဆက်သွယ်ပေမယ့် ဆက်သွယ်မရခဲ့ပါဘူး။ အမှုဖြစ်ပွားရာနေရာက ကျောက်မဲမြို့နယ်တောင်ပိုင်း ၈ ရပ်ကွက် ဘောလုံးကွင်းနားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဦးစိုးထွန်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနိုင်ရရှိသူလည်းဖြစ်၊ လက်ရှိ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ရဲ့ အစ်ကိုတော်စပ်သူတဦးလည်း ဖြစ်တယ်လို့ ကြားသိရပေမယ့် သွေးသားရင်းချာလား၊ ဆွေနီးမျိုးစပ်လား ဆိုတာကိုတော့ သီးခြားမှတ်ချက်ရယူနိုင်တာ မရှိပါဘူး။

ပစ်ခတ်မှုကြောင့် နေအိမ်ပြတင်းပေါက် အနည်းငယ်ပျက်စီးသွားခဲ့သလို ပစ်ခတ်တာက ၂ ချက်ဖြစ်တယ်လို့ ကျောက်မဲ SNLD အမျိုးသမီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းအိမွန်အောင်က ပြောပါတယ်။ ကျောက်မဲမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်တာကြောင့် အခုလို ပစ်ခတ်မှုအပေါ် စဉ်းစားရခက်တယ်လို့ သူက သုံးသပ်ပါတယ်။

“ခုတော့ ဘာမှ ရှုပ်ရှုပ်ရှက်ရှက်တော့ မရှိဘူး။ ကျနော်တို့က ညမထွက်ရအမိန့် ထုတ်ထားတယ်ဆိုတော့ ခုလိုဖြစ်တာ စဉ်းစားရကြပ်တာပေါ့နော်။ လူကိုမထိဘူး။ အိမ်လောက်ပဲထိတာဆိုတော့ လုံခြုံရေးအရ လှုပ်လှုပ်ရှားရှားတော့ မတွေ့မိဘူး၊ မကြားမိပါဘူး။”

၂၀၂၀ ရွေးကောက်ပွဲမှာ ကျောက်မဲမြို့ပိုင် တချို့ကျေးရွာတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ လက်ရှိအချိန်ထိတော့ ကျည်ဆန်ကို ရဲတပ်ဖွဲ့က သိမ်းယူထားပြီး တရားခံရှာနေတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ခရိုင်ကော်မရှင် အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောပါတယ်။ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် သီးခြားအတည်ပြုချက် မပေးခဲ့ပါဘူး။

ရွေးကောက်ပွဲမတိုင်ခင်ကလည်း နေပြည်တော်ခရိုင် ကော်မရှင်ဥက္ကဋ္ဌ နေအိမ်ကို လက်ပစ်ဗုံး ပစ်ခတ်ခံခဲ့ရတာရှိခဲ့ပြီး ဒါက ဒုတိယမြောက် ကော်မရှင်ဝန်ထမ်းတွေကို ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ နေပြည်တော်ခရိုင် ကော်မရှင်ဥက္ကဋ္ဌ နေအိမ် လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရချိန်မှာ လက်ဗစ်ဗုံး မပေါက်ကွဲခဲ့သလို ထိခိုက်ဒဏ်ရာရရှိတာ မရှိခဲ့ပါဘူး။ လက်သည်တရားခံကိုလည်း ခုချိန်ထိ မဖော်ထုတ်နိုင်သေးပါဘူး။

Generation Tree ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့က ဦးအောင်နိုင်မော်ကတော့ ရွေးကောက်ပွဲအလွန် ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပေါ်လာတာတွေကို ကော်မရှင်ဆီ တိုင်ကြားစာပေးပို့ပြီးနောက်ပိုင်း အဆုံးအဖြတ် ပေးလာတာတွေ ထွက်ပေါ်လာရင် အခုထက်ပိုတဲ့ တရားမဲ့ ပြုကျင့်မှုတွေ ပေါ်လာမလားဆိုပြီး စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ထင်တာကတော့ ဘာထင်လဲဆိုတော့ ရွေးကောက်ပွဲအလွန်ကာလမှာ နည်းနည်းလေး ရွေးကောက်ပွဲကာလအတွင်းက မကျေလည်မှုလေးတွေ နောက်ဆက်တွဲအနေနဲ့ ရှိလာနိုင်တယ်။ အခုကလည်း တိုင်ကြားစာတွေ ပို့ထားတာလည်း သတင်းရထားတာရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့်လည်း ပြောနေကြတယ်။ အဲဒီအပေါ် အဲဒီ စီရင်ဆုံးဖြတ်မှုတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ယူဆတယ်။ ဆုံးဖြတ်ချက်တွေ ထွက်လာရင်လည်း နောက်ဆက်တွဲ သက်ရောက်မှုတွေ ထွက်လာနိုင်တယ်လို့လည်း မြင်ပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေ သတိမထားရင် မရတဲ့ အခြေအနေတခု ဖြစ်နေတယ်လို့ မြင်မိတယ်။”

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားမဲ့ပြုကျင့်မှုတွေ၊ မကျေနပ်တဲ့ တိုင်ကြားလွှာတွေကို ၄၅ ရက်အတွင်း ပေးပို့နိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က အသိပေး ကြေညာထားပါတယ်။

အတိုက်အခံ အင်အားကြီးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက “ရွေးကောက်ပွဲ မဲရလဒ်တွေမှာ အငြင်းပွားဖွယ်ရာတွေ များစွာရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်လို့ အသိအမှတ်မပြုဘူး။ ဒါ့ကြောင့် လွတ်လပ်မျှတပြီး ဘက်လိုက်မှုကင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်က တပ်မတော်နဲ့ ပူးပေါင်းပြီး နောက်ထပ် ရွေးကောက်ပွဲတခု အမြန်ဆုံး ပြန်လည်ကျင်းပပေးဖို့” နိုဝင်ဘာ ၁၁ ရက် မနေ့က ရန်ကုန်မှာ သတင်းစာရှင်းပွဲလုပ်ပြီး တောင်းဆိုထားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူတွေရဲ့ သဘောထားဖြစ်လို့ လေးစားရမှာဖြစ်တယ်လို့ ရွေးကောက်ပွဲနေ့ မဲပေးစဉ်မှာ ပြောခဲ့ဖူးပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ NLD ပါတီက ကိုယ်စားလှယ်အယောက် ၉၂၀၊ ကြံ့ခိုင်ရေးပါတီက ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၅ ဦး အများဆုံး အနိုင်ရရှိခဲ့တယ်လို့ ကော်မရှင်ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။


ေမခ/VOA (Burmese)

https://burmese.voanews.com/a/kyauk-mae-shooting/5663410.html

ကျောက်မဲရွေးကော်ဥက္ကဋ္ဌနေအိမ် ပစ်ခတ်ခံရ ကျောက်မဲရွေးကော်ဥက္ကဋ္ဌနေအိမ် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.