ဇေယျာသီရိမြို့နယ်က တပ်မဲရုံတစ်ခုမှာ ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်တောက်မှုဖြစ်ပွား

အနော်ရထာမှာ ရှိတဲ့ မဲပုံး ၁၂ ပုံလုံးကို အခုလို မဖြစ်အောင် လုံခြုံရေးကြိုးတွေ ထပ်မံချိပ်ပိတ်ပေးခဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စိုက်ရာ၊ တပ်ရင်းတပ်ဖွဲ့ မိသားစုတွေအများစုနေထိုင်ရာ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင်းက အနော်ရထာတပ်မဲရုံမှာ ကြိုတင်မဲပုံတစ်ပုံး လုံခြုံရေးကြိုး အလိုအလျောက်ပြတ်တောက်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ကြားသိရချင်းမှာပဲ ဇေယျာသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးဆောင်ပြီး တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပြီးနောက် လုံခြုံရေးကြိုးအသစ်နဲ့ ပြန်လည်ချိပ်ပိတ်ဆောင်ရွက်ခဲ့တယ်လို့ အဲဒီကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်သူစိုးက ဘီဘီစီကိုပြောပါတယ်။

"လုံခြုံရေးကြိုးရဲ့အရည်အသွေးအားနည်းချက်ကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ ပြတ်သွားတဲ့ကြိုးအစား တခြားကြိုးတစ်ချောင်းကို အများရှေ့မှာပဲ ကျွန်တော်တို့ ချိပ်ပိတ်ပါတယ်။ အနော်ရထာမှာ ရှိတဲ့ မဲပုံး ၁၂ ပုံလုံးကို အခုလို မဖြစ်အောင် တိပ်တွေပတ်ပြီးတော့မှ မဲရုံကိုယ်စားလှယ်တွေလက်မှတ်ထိုးပြီး အခြားကြိုးတွေနဲ့ တည်ငြိမ်ပြီးတော့မှ လုံခြုံမှုရှိအောင် ဆောင်ရွက်ထားခဲ့ပါတယ်။ လုပ်ပေးခဲ့ပါတယ်" လို့ သူက ရှင်းပြပါတယ်။

တခြားမဲပုံးတွေကို စိတ်ချရအောင်စစ်ဆေးပြီး တစ်ပါတည်း လုံခြုံရေးကြိုးတွေ ထပ်မံချိပ်ပိတ်ပေးခဲ့တယ် လို့ ဦးအောင်သူစိုးက ဆက်ပြောပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မဲရုံကိုယ်စားလှယ်တွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေရှေ့မှာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဦးအောင်သူစိုးက ပြောပါတယ်။

အလားတူ လုံခြုံရေးကြိုးပြတ်တောက်တဲ့ ဖြစ်စဉ်တစ်ခု နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ကြည်တောင်ကျေးရွာက အရပ်ဘက်မဲရုံတစ်ရုံမှာ ကြိုတင်မဲပေးနေစဉ်မှာ ဖြစ်ပွားခဲ့ပြီး ဒါကိုလည်း အချိန်နဲ့တပြေးညီ အများရှေ့မှာ ပွင့်လင်းမြင်သာမှုရှိရှိ ပြန်လည်ဆောင်ရွက်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဇေယျာသီရိမြို့နယ်မှာ တပ်မဲရုံ နှစ်ရုံရှိပြီး အနော်ရထာမဲရုံနဲ့ ကျန်စစ်သားမဲရုံ တို့ဖြစ်ကြပါတယ်။ ဒီမဲရုံနှစ်ရုံပေါင်းမှာ မဲပေးခွင့်ရှိသူပေါင်း နှစ်သောင်းတစ်ထောင်ကျော် ရှိပြီး ဇေယျာသီရိတစ်မြို့နယ်လုံးမှာ မဲပေးခွင့်ရှိသူက ရှစ်သောင်းကျော်ရှိတယ်လို့ ကော်မရှင်အဖွဲ့ခွဲအချက်အလက်တွေအရ သိရပါတယ်။

ဇေယျာသီရိမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်ခုလုံးမှာ အနိုင်ရထားတာဖြစ်ပြီး ဒီရွေးကောက်ပွဲမှာတော့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မှာပါ။

NLD ပါတီဘက်က ဒေါက်တာမိုးဆွေနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး NLD ပါတီကတော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ဇေယျာသီရိအပါအဝင် နေပြည်တော်ရှစ်မြို့နယ်လုံး အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။

ဒီလိုလုံခြုံရေးကြိုးပြတ်တောက်မှုဖြစ်စဉ်ဟာ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်က မဲရုံတစ်ရုံမှာလည်း ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့ပြီး ကြိုတင်မဲမပေးခင် မဲစာရွက်တွေမရှိသေးခင်မှာ ဖြစ်ပွားခဲ့တာကြောင့် အငြင်းပွားမှုမရှိဘဲ အများရှေ့မှာ လုံခြုံရေးကြိုးအစားထိုးပြန်လည်တပ်ဆင်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54808010

ဇေယျာသီရိမြို့နယ်က တပ်မဲရုံတစ်ခုမှာ ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်တောက်မှုဖြစ်ပွား  ဇေယျာသီရိမြို့နယ်က တပ်မဲရုံတစ်ခုမှာ ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်တောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:53 Rating: 5

No comments:

Powered by Blogger.