မူဆယ်ကတဆင့်တရုတ်ကိုတင်ပို့ထားတဲ့ ကျပ်သိန်းပေါင်း သောင်းချီရှိတဲ့ မြန်မာကုန်သည်တွေရဲ့ဆန်ဖိုးငွေတွေ မရသေး

တရုတ်က ဈေးကောင်းပေးဝယ်လို့ ဈေးကွက်မှာ ဆန်ဈေးကောင်းနေ

မူဆယ်နယ်စပ်ကတဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချထားတဲ့ ကျပ်သိန်းပေါင်း သောင်းနဲ့ချီ တန်ဖိုးရှိတဲ့ ဆန်ဖိုးငွေတွေကို တရုတ်ကုန်သည်ဘက်က မပေးဘဲလိမ်သွားတဲ့ဖြစ်စဉ်တစ်ခု ရှိနေတယ်လို့ ကုန်သည်အချို့ကြားပြောဆိုနေကြပေမယ့် မူဆယ်အခြေစိုက် ဆန်ကုန်သည်အချို့ကတော့ ငွေပေးချေရမယ့်ရက်ကို ကျော်လွန်တာပဲဖြစ်ပြီး စိတ်ရှည်ရှည်နဲ့စောင့်နေကြတယ်လို့ ဘီဘီစီကိုပြောကြပါတယ်။

ကိုဗစ်ကပ်ကြောင့် ကုန်သွယ်မှုတွေထိခိုက်ခဲ့ရာကနေ အောက်တိုဘာလလောက်ကစပြီး နယ်စပ် ဂိတ်ပေါက်တွေကတဆင့် တရုတ်ကုန်သည်တွေကနေ မြန်မာ့ဆန်ကို ဈေးကောင်းပေးပြီး ပြန်လည်ဝယ်ယူလာခဲ့တာကြောင့် ဆန်ဈေးကွက်မှာ ဈေးအနည်းငယ်ပြန်တက်လာခဲ့တယ်လို့ ဆန်ကုန်သည်တွေထံကသိရပါတယ်။

တရုတ်ဘက်ကဈေးကောင်းပေးဝယ်နေတဲ့အတွက် လက်ရှိမူဆယ်မှာ ဆန်ဈေးအနေနဲ့ ကီလိုငါးဆယ်ဝင် တစ်အိတ်ကို ၁၃၅ ယွမ်နဲ့ ဆန်ကွဲကတော့ တစ်အိတ်ကို ၁၂၈ယွမ် ပေါက်ဈေးရှိနေ တယ်လို့ သိရပါတယ်။

' ' ဖြစ်စဉ်ကိုပြောရမယ်ဆိုရင် တရုတ်နိုင်ငံထဲက တရုတ်အစိုးရအသိအမှတ်ပြုထားတဲ့ ကုမ္ပဏီတစ်ခုက မြန်မာ့ဆန်တွေကိုဈေးကောင်းပေးပြီး အမြောက်အမြားဝယ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီပိုင်ရှင်က အခုချိန်မှာ ခရီးလွန်နေတယ်။ ငွေချပေးရမယ့်အချိန်ထက် တစ်ပတ်ဆယ်ရက်နောက်ကျပြီး ငွေမချပေးနိုင် ဘူးဖြစ်နေတယ်။ အခုချိန်ထိ ရောင်းထားတဲ့သူတွေနဲ့ ခရီးလွန် နေတဲ့သူနဲ့ အဆက်အသွယ်ရပါသေးတယ်။ အခုလိုဖြစ်နေတာက အခိုက်အတန့်ဖြစ်တယ်လို့ပဲ သဘောထားပါတယ်။''လို့ တရုတ်ဘက်က လိမ်လည်သွားတယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုတိယဥက္ကဌဖြစ်သူဦးမင်းသိန်းက ဘီဘီစီကိုပြောပြပါတယ်။

ငွေပေးချေခြင်းမရှိသေးတဲ့ တရုတ်ကုန်သည်ကို မြန်မာကုန်သည်တွေဘက်ကရောင်းချထားတဲ့ဆန်ဖိုးဟာ မြန်မာငွေကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်ဖိုးဝန်းကျင်ရှိတယ်လို့လည်း ဦးမင်းသိန်းက ပြောပြပါတယ်။

အရင်က ဆန်၊ သကြား၊ ပြောင်း စတာတွေ တရုတ်ကို နယ်စပ်ကတဆင့် တင်ပို့ရာမှာ ငွေကြေးလိမ်လည်ခံရတာတွေရှိခဲ့

ယခင်က ဆန်၊ သကြား၊ ပြောအရင်က ဆန်၊ သကြား၊ ပြောင်း စတာတွေ တရုတ်ကိုနယ်စပ်ကတဆင့်တင်ပို့ရောင်းချရာမှာ မြန်မာဘက်က တရားဝင်တင်ပို့တာဖြစ်ပေမယ့် တရုတ်ဘက်က တရားဝင်လက်ခံထားတာမျိုးမရှိတဲ့အတွက် တရုတ်နိုင်ငံဘက်ပို့ဆောင်ပြီးပါက တရုတ်ကုန်သည်တွေဘက်က ဆန်ဖိုးငွေမရှင်းပေးဘဲ လိမ်လည်သွားတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပြီး တရားမဝင် ဖြစ်တဲ့အတွက် ဥပဒေအရတိုင်တန်းတာမျိုးလည်းမလုပ်နိုင်ခဲ့ဘူးလို့ နယ်စပ်အခြေစိုက်ဆန်ကုန်သည်တွေကပြောပြပါတယ်။

လက်ရှိမှာတော့ မြန်မာဘက်က ကုမ္ပဏီ ၄၃ခုကို တရုတ်နိုင်ငံဘက်က တရားဝင်အသိအမှတ်ပြုထားပြီး တရားဝင်လမ်းကြောင်းအနေနဲ့ တင်ပို့နေတာဖြစ်တယ်လို့ ကုန်သွယ်မြှင်တင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမျိုးသူက ဘီဘီစီကိုပြောပြပါတယ်။

' ' တရုတ်ရဲ့ကုန်သွယ်ရေးက ကိုတာစနစ်နဲ့သွားတာ။ အရင်က တရားမဝင်သွားတာဆိုတာက သူတို့ ဘက်က တရုတ်ကုန်သည်က ကိုတာစနစ်ထဲမပါတော့ အခွန်အတုတ်ကြီးကြီး ပေးရမှာ စိုးလို့ တရားမဝင်ပုံစံမျိုးနဲ့ဝယ်ကြတာ။ အခုကတော့ ဒီဘက်က ကုမ္ပဏီ ၄၃ ခုက သူတို့ဘက်က ကိုတာရထားတဲ့ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီးရောင်းရတာ။ ကိုတာရထားတဲ့ ကုမ္ပဏီတွေနဲ့ ရောင်းတာဆိုရင်တော့ လိမ်တာမဖြစ်နိုင်ဘူးပေါ့။ တကယ်လို့ လိမ်ခဲ့ရင်လည်း ဥပဒေကြောင်းအရ တိုင်တန်းအရေးယူလို့ရတယ်။''လို့ ဦးမျိုးသူက ရှင်းပြပါတယ်။

နယ်စပ်လမ်းကြောင်းကတဆင့် တရုတ်နိုင်ငံဘက်ကို ဆန်တင်ပို့ရောင်းချရာမှာ တရုတ်နိုင်ငံထဲကို ဆန်အိတ်တွေရောက်ပြီး တပတ်ခန့်အကြာမှ တရုတ်ကုန်သည်တွေဘက်က ငွေပေးချေလေ့ရှိ တယ်လို့ ကုန်သည်တွေကပြောပါတယ်။

တရုတ်ဘက်က ဝယ်ယူနေတာကြောင့် ဆန်ဈေးကောင်းနေပေမယ့် တရုတ်ဘက်က ငွေမရှင်းဘဲလိမ်လည် တာမျိုးရှိလာခဲ့ရင်တော့ ဆန်အဝယ်ကျသွားပြီး ဈေးနှုန်းပြန်ကျလာတာမျိုးတွေ လည်း ရှိလာနိုင်တယ်လို့ ဆန်ကုန်သည်အချို့က သုံးသပ်ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ကုန်သွယ်မှုအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဒီနှစ်စက်တင် ဘာလအထိ ပို့ကုန်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၅၄၀၁ ဒဿမ ၉၄၃ သန်းနဲ့ သွင်းကုန်က ၆၇၂၄.၃၃၅ အထိ ရှိသွားပြီးလို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုဆိုင်ရာအချက်အလက်များအရ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55100697

မူဆယ်ကတဆင့်တရုတ်ကိုတင်ပို့ထားတဲ့ ကျပ်သိန်းပေါင်း သောင်းချီရှိတဲ့ မြန်မာကုန်သည်တွေရဲ့ဆန်ဖိုးငွေတွေ မရသေး မူဆယ်ကတဆင့်တရုတ်ကိုတင်ပို့ထားတဲ့ ကျပ်သိန်းပေါင်း သောင်းချီရှိတဲ့ မြန်မာကုန်သည်တွေရဲ့ဆန်ဖိုးငွေတွေ မရသေး Reviewed by THITHTOOLWIN on 09:39 Rating: 5

No comments:

Powered by Blogger.