၂၀၂၀ မြန်မာရွေးကောက်ပွဲ- ဘယ်သူတွေ မဲပေးခွင့် ရှိပြီး၊ ဘယ်သူတွေ မဲပေးခွင့် မရှိဘူးလဲ

၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးသူ တစ်ဦး

၂၀၂၀ နိုဝင်ဘာ ၈ ရက် မြန်မာရွေးကောက်ပွဲမှာ ဘယ်သူတွေ မဲပေးခွင့် ရှိပြီး၊ ဘယ်သူတွေ မဲပေးခွင့် မရှိဘူးလဲ။ ဥပဒေအရ မဲပေးခွင့် မရမယ့် သာသနာ့ဝန်ထမ်း တွေ အပါအဝင် မဲပေးခွင့် မရှိသူတွေ အကြောင်း၊ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့် ဆုံးရှုံးကြတဲ့သူတွေ အကြောင်းကို ရှင်းပြထားပါတယ်။

ဘယ်သူတွေမဲပေးခွင့်ရှိလဲ

မဲပေးခွင့်ရှိသူ

ဒါကတော့ ရိုးရှင်း လွယ်ကူပါတယ်။ ရွေးကောက်ပွဲ ဥပဒေတွေအရ ရွေးကောက်ပွဲစတင်ကျင်းပတဲ့နေ့မှာ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ နိုင်ငံသားတွေမဲပေးခွင့်ရှိပါတယ်။ ဒါ့အပြင် ဧည့်နိုင်ငံသားတွေ နဲ့ နိုင်ငံသား ပြုခွင့်ရသူတွေလည်း မဲပေးခွင့်ရမှာပါ။

ဒါပေမဲ့ အရေးကြီးတာတစ်ခုက သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ မဲစာရင်း ပါဝင်သူတွေသာ မဲပေးခွင့်ရှိမှာဖြစ်လို့ မဲစာရင်းမှာ ကိုယ့်နာမည်တွေပါဖို့နဲ့ အချက်အလက်တွေ မှန်မမှန် သွားစစ်ဆေးဖို့ လိုမှာ ဖြစ်ပါတယ်။ အခု အချိန်မှာတော့ အားလုံး စစ်ဆေးပြီးကြပြီ ဖြစ်မယ် မျှော်လင့်ပါတယ်။ မဲသွားပေးမယ့်ရက် ကျရင် ကိုယ်ဘယ်သူ ဖြစ်ကြောင်း အထောက် အထား တခုခု တော့ ယူသွားဖို့လည်း မမေ့ကြပါနဲ့။

ဥပဒေ အရ မဲပေးခွင့် မရမယ့် သူတွေ


မဲပေးခွင့်မရသူ

သာသနာ့ဝန်ထမ်းတွေလည်း မဲပေးခွင့် မရသူတွေထဲမှာ ပါပါတယ်။

သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ်ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသူ၊ လူမွဲအဖြစ်ကြေညာခံထားရသူ၊ ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူ နဲ့ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ်ခံယူထားသူတွေပဲဖြစ်ပါတယ်။

ဥပဒေအရ သာသနာ့ဝန်ထမ်းအဖြစ် သတ်မှတ်ခံထားရသူတွေကို အသေးစိတ်ရှင်းပြရရင်တော့ ဗုဒ္ဓဘာသာမှာဆိုရင် သာသနာ့ဝန် ထမ်းရွက်နေတဲ့ ရဟန်း၊ သာမဏေ၊ ဖိုးသူတော် နဲ့ မယ်သီလရှင်တွေပါ ပါဝင်ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေအတွက်ဆိုရင်တော့ ခရစ်ယာန် သာသနာ့ဝန်ကို ထမ်းဆောင်ဖို့ အဓိကအားဖြင့် ကိုယ့်ကိုကိုယ်ဆက်ကပ်ပြီးတဲ့ ပုဂ္ဂိုလ်လို့ သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီး Churches တွေက အသိအမှတ်ပြု သိက္ခာပေးထားခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် တာဝန်ပေးထားခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ကိုးကွယ်ရာဘာသာအရ ဂိုဏ်းချုပ်ရဲ့အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက်လက်ခံပြီး ဘာသာရေးစည်းမျဉ်း ဒါမှမဟုတ် အဓိဋ္ဌာန်ပြုချက်နဲ့ စည်းရုံးထားတဲ့ ပုဂ္ဂိုလ်တစ်စုဒါမှမဟုတ် အဖွဲ့အစည်းမှာပါဝင်တဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။

ဟိန္ဒူဘာသာဝင်ဖြစ်ရင်တော့ မဟန့် ဒါမှမဟုတ် ဟိန္ဒူဘုန်းတော်ကြီးတွေ ပါဝင်ပါတယ်။

သာသနာ့ဝန်ထမ်းလို့ ဆိုရာတဲ့နေရာမှာ သာသနာ့ဝန်ထမ်းအဖြစ် ခေတ္တခံယူထားသူတွေလည်း သက်ဆိုင်ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲ သိသင့်တဲ့ ၅ ချက် 

ထောင်ဒဏ်ကျခံနေရသူဆိုတဲ့နေရာမှာလည်း တရားရုံးစီရင်ချက်ကို မကျေနပ်လို့ အယူခံလျှောက်ထားရင်း ထောင်ကျနေသူနဲ့ ပြင်ဆင်မှုတက်နေရင်း ထောင်ကျနေသူတွေလည်း မဲပေးခွင့်ရှိမှာ မဟုတ်ပါဘူး။

ထောင်ဒဏ်ကျခံရေရသူ

ဒါပေမယ့် တရားရုံးက စီရင်ချက် မချရသေးတဲ့ အမှုရင်ဆိုင်ဆဲ အကျဉ်းသားတွေက မဲပေးခွင့်ရှိပါတယ်။

မြန်မာနိုင်ငံမြေပုံ

ရွေးကောက်ပွဲ မှာ အကြောင်းအမျိုးမျိုး ကြောင့် မဲပေးခွင့် မရတော့မယ့် လူတွေ လည်း သန်းနဲ့ချီ ရှိနေပါသေးတယ်။ အဲဒါကတော့...

ဒေသ အခြေအနေ မတည်ငြိမ်တာ အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ပြည်ထောင်စု ရွေးကောက်မရှင်က ရွေးကောက်ပွဲ ပယ်ဖျက်ကြောင်း ကြေညာထားတဲ့ မြို့နယ်၊ နယ်မြေ ဒေသ က လူတွေလည်း မဲပေးခွင့် မရကြပါဘူး။ ဥပမာ - ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးထဲက တချို့ မြို့နယ်ဒေသတွေ ဖြစ်ပါတယ်။

    နိုင်ငံသား ဖြစ်မှု စိစစ်ဆဲ နှစ်ရှည်လများ အငြင်းပွားဖွယ် ဖြစ်နေဆဲ ဖြစ်တဲ့ ရခိုင်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ကို ထွက်ပြေး ရောက်နေကြ တဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် သိန်းနဲ့ချီ ဟာလည်း မဲပေးခွင့် မရကြပါဘူး။

    ဟိုးအရင် စစ်အစိုးရ လက်ထက်ကတည်း အိမ်နီးချင်း နဲ့ ဒေသတွင်း နိုင်ငံတွေ ကို ထွက်ပြေး ခိုလှုံ ရောက်ရှိနေကြပြီး အခု အချိန်အထိ နေရပ် မပြန်နိုင်ကြသေးတဲ့ နယ်စပ်နဲ့ တိုင်းရင်းသားဒေသတွေက စစ်ဘေး ဒုက္ခသည်တွေဟာလည်း အခု ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54853971

၂၀၂၀ မြန်မာရွေးကောက်ပွဲ- ဘယ်သူတွေ မဲပေးခွင့် ရှိပြီး၊ ဘယ်သူတွေ မဲပေးခွင့် မရှိဘူးလဲ  ၂၀၂၀ မြန်မာရွေးကောက်ပွဲ- ဘယ်သူတွေ မဲပေးခွင့် ရှိပြီး၊ ဘယ်သူတွေ မဲပေးခွင့် မရှိဘူးလဲ Reviewed by THITHTOOLWIN on 23:02 Rating: 5

No comments:

Powered by Blogger.