နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲခံထားရတဲ့ ဆရာတော် ဦးဝီရသူကို တရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်းပြီးမှသာ ဓမ္မစက်နဲ့ဆောင်ရွက်မယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဦးဝီရသူဟာ ဖမ်းဝရမ်းအမိန့် ချခံထားရပြီး တစ်နှစ်ကျော်ကြာတဲ့အထိ လာရောက် အဖမ်းခံခြင်းမရှိသလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ငါးရက်ပဲလိုတော့တဲ့အချိန်ကျမှ ခုလို လာရောက်ခဲ့ တာဖြစ်တယ်လို့လည်း နိုဝင်ဘာ ၃ ရက်နေ့လယ်ပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။
ဦးဝိစိတ္တာဘိဝံသ(ခ) ဦးဝီရသူနဲ့စပ်လျဉ်းပြီး အများပြည်သူသိရှိစေရန် ရှင်းလင်းဖော်ပြချက်ဆိုပြီး သာသနာရေးက ခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက မဟာဗန္ဓုလပန်းခြံ၊ ကားပါကင်မှာပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ဟောပြောခဲ့တဲ့ ဦးဝီရသူကို ၂၀၁၉ ခုနှစ် မေ ၂၈ ရက်မှာ ရန်ကုန်အနောက်ပိုင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ပုဒ်မ ၁၂၄ က နဲ့ အရေးယူပေးဖို့ တရားရုံးကိုဦးတိုက်လျှောက်ထား ခဲ့တာဖြစ်ပါတယ်။
ပုဒ်မ ၅၉(စ) ဆိုတာ သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်ပြီး သမ္မတ ဖြစ်မယ့်သူဟာ မိမိ ဇနီး၊ခင်ပွန်း၊ သားသမီး၊ သားသမီးတစ်ဦးဦး ရဲ့ဇနီးခင်ပွန်းတို့ဟာ နိုင်ငံခြားသားမဖြစ်ရ၊ နိုင်ငံခြားသြဇာခံမဖြစ်စေရ ဆိုတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။
ဒီအချက်ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။
ပုဒ်မ ၂၆၁ ကတော့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်ရာကနေ သက်ဆိုင်ရာလွှတ်တော်တွေက ခန်အပ်ခွင့်ပြုဖို့ ပြင်ဆင်ချက်ဖြစ်ပါတယ်။
ဦးဝီရသူဟာ တစ်နှစ်ကျော်ကြာ တိမ်းရှောင်နေရာမှ နိုဝင်ဘာ ၂ ရက်မှာ သံဃာ ၂၅ ပါးခန့်နဲ့ လူပုဂ္ဂိုလ်တချို့တို့နဲ့ အတူ ကမ္ဘာအေး ကုန်းမြေ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ကိုရောက်ရှိလာပြီး သံဃမဟာနာယက ဆရာတော်ကြီးတွေကို ဖူးမြော်ခွင့်တောင်းခံခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဂိတ်တာဝန်ရှိသူက ဝါကျွတ်ကာလဖြစ်လို့ ဆရာတော်ကြီးတွေ သက်ဆိုင်ရာဒေသတွေကိုပြန်လည်ကြွရောက်သွားပြီဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့ ဆိုပါ တယ်။
ဦးဝီရသူက အဲဒီအချိန်မှာ အနီးမှာရှိတဲ့ မီဒီယာတွေ၊ လာရောက်ကြည့်ရှုသူတွေကို တွေ့ဆုံပြီး 'NLD အစိုးရက သူ့ကို ပုဒ်မ ၁၂၄ နဲ့ တရားစွဲပြီး ဝရမ်းထုတ်ထားကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း သူ့အနေနဲ့တာဝန်ကျေခဲ့ပြီဖြစ်ကြောင်း' ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုဒ်မ ၁၂၄ က ဟာ ပြစ်မှုထင်ရှားရင် ထောင်အနှစ် ၂၀ ထိ ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။အဲဒီနောက် ဒဂုံမြို့နယ်ကအနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးကိုထွက်ခွာပြီး သွားရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။
ဦးဝီရသူအမှုကိစ္စနဲ့ပတ်သက်လို့ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ နိုင်ငံတော်က တရားလိုပြုလုပ်တရားစွဲဆိုရမယ့် ဥပဒေပုဒ်မတစ်ခုခုနဲ့ သက်ဆိုင်နေရင် တရားရုံးများမှာ စစ်ဆေးဆုံးဖြတ်ဆောင်ရွက်မှုပြီးပြတ်မှသာ သံဃ/ဝိနိစ္ဆယ အဖွဲ့နဲ့ စစ်ဆေးဆုံးဖြတ်ရမယ်လို့ ဖော်ပြထားကြောင်း သာသနာရေးထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်တဲ့ ရဟန်းသာမဏေတွေကို ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်ပြီးနောက် ပြစ်ဒဏ်ချမှတ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ တရားရုံးဆုံးဖြတ်ချက်ရပြီးမှသာလျှင် သက်ဆိုင်ရာ သံဃနာယကအဖွဲ့က ဝိနည်းတရားတော်နဲ့အညီ လိုအပ်သလို စစ်ဆေးဆောင်ရွက်ရမယ်လို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ ဦးဝီရသူကို ချုပ်ရမန် နှစ်ပတ်နဲ့ ထိန်းသိမ်းထားပါတယ်။ဒါကြောင့် ဦးဝီရသူကို အရပ်ဘက်တရားရုံးက ပြစ်ဒဏ်ချမှတ်ဆောင်ရွက်ပြီးမှသာ ဝိနိစ္ဆယလက်စွဲ၊ ဝိနိစ္ဆယလုပ်ထုံးညွှန်ကြားလွှာတွေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ဖော်ပြထားပါတယ်။
ဦးဝီရသူကို နိုဝင်ဘာ ၃ ရက်မနက်ပိုင်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ အွန်လိုင်းကနေ ရုံးထုတ်ပြီး ချုပ်ရမန် နှစ်ပတ်ယူခဲ့တဲ့နောက် လာမယ့် နိုဝင်ဘာ ၁၇ ရက်ကို ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။
BBC Burmese

No comments:
Post a Comment