ကိုဗစ်ကပ်ကြောင့်ပိတ်ထားရတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကစေတီပုထိုးတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အပိုင်း ၃ပိုင်းခွဲကာ ပြင်ဆင်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန( ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဘီဘီစီကိုပြောပါတယ်။
ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အသွားအလာကန့်သတ်ချက်တွေကို ဒီဇင်ဘာ ၅ ရက်နေ့အထိ တားမြစ်ထားဆဲဖြစ်ပါတယ်။
' ' ဌာနအနေနဲ့ကတော့ ဘယ်ရက်မှာပြန်ဖွင့်မယ်ဆိုတာမျိုးတော့ညွှန်ကြားချက်မရသေးဘူး။ ဒါပေမယ့် ပြန်ဖွင့်မယ်ဆိုရင်အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်နေတာပါ။ ဒီဇင်ဘာ ၅ ရက်နေ့ နောက်ပိုင်းနောက်ဆုံးထားပြီး ဖွင့်နိုင်ဖို့ပြင်နေတာပါ။ အပိုင်း၃ပိုင်းခွဲထားပြင်နေတယ်။
တစ်ပိုင်းကတော့ ဂေါပကရှိတဲ့ဘုရားတွေ အဲဒါကတော့ ခရိုင်ကော်မတီ၊ တိုင်းဒေသကြီးရဲ့လမ်းညွှန်ချက် နဲ့ဆောင်ရွက်မယ်။ နောက်တစ်ခုက နံရံဆေးရေးပန်းချီတွေရှိတဲ့ ဘုရားတွေကိုတော့ online registration နဲ့သွားမယ်။ နောက် open space မှာရှိတဲ့ ပုရဝုဏ်ကျယ်တဲ့ဘုရားတွေကိုတော့ ပုရဝုဏ်ပေါ်မူတည်ပြီး လာရောက်လည်ပတ်နိုင်တဲ့ဦးရေ နဲ့ ကန့်သတ်ချက်နဲ့ ခွင့်ပြုဖို့စီစဉ်နေတာရှိပါတယ်။''
လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန ( ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်ကပြောပါတယ်။
ရှားပါးနံရံဆေးရေးပန်းချီရှိတဲ့ စေတီပုထိုးတွေ၊ လှိုဏ်ပတ်လမ်းရှိတဲ့ ဘုရားပုထိုးတွေကို ဖူးမြော်လိုသူတွေအနေနဲ့အွန်လိုင်းကတဆင့် ကြိုတင်လျှောက်ထားဖို့လိုအပ်မှာဖြစ်ဘုရားဖူးတွေလာရောက်ဖူးမြော်ခွင့်တရားဝင်ခွင့်ပြုချက်ကျပြီဆိုပါက ရှားပါးနံရံဆေးရေးပန်းချီရှိတဲ့ စေတီပုထိုးတွေ၊ လှိုဏ်ပတ်လမ်းရှိတဲ့ ဘုရားပုထိုးတွေကိုတော့ ဖူးမြော်လိုသူတွေအနေနဲ့ လာရောက်မယ့်နေ့ ၊ အချိန်နဲ့ ဖူးမြော်မယ့်လူအရေအတွက်ကို အွန်လိုင်းကတဆင့် လျှောက်လွှာတင်ရမယ့်ပုံစံနဲ့ ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ရှစ်သောင်းခြောက်ထောင်ကျော်နဲ့ သေဆုံးသူက ၁၈၆၅ ဦးရှိသွားပြီဖြစ်ပါတယ်။
ကိုဗစ်ရောဂါဖြစ်ပွားမှုများပြားနေဆဲဖြစ်တာကြောင့် ဒီကာလမှာ ပြန်လည်ဖွင့်လှစ်ပေးမယ်ဆိုရင်တော့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တင်းတင်းကြပ်ကြပ်ကိုင်တွယ်နိုင်ဖို့တော့လိုအပ်မယ်လို့ Nature Dream Travel and Tours ကုမ္ပဏီပိုင်ရှင် ဒေါ်စပယ်အောင်က အကြံပြုပြောဆိုပါတယ်။
' ' ကျွန်မတို့ဆီမှာတော့ ကိုဗစ်ကြောင့် ဘုရားစေတီတွေအားလုံးကို ဘယ်သူမှ သွားခွင့်မပေးဘဲ ပိတ်ထား တာကြာပြီပေါ့နော်။ တချို့နိုင်ငံတွေကတော့ တိုးရစ်ဆိုက်တွေ ဘာသာရေး အဆောက်အအုံတွေကို စည်းနဲ့ကမ်းနဲ့ စနစ်တကျဖွင့်ပေးတာကို ကြုံရတယ်။ အခုလိုမျိုး ပုဂံဘုရားတွေကို စည်းမျဉ်းနဲ့ဖွင့်ပေးမယ်ဆိုတာ ဝမ်းသာစရာသတင်းပါ။
ဒါပေမယ့် မြန်မာမှာက အစဉ်အဆက်က စည်းနဲ့ကမ်းနဲ့ လုပ်တာကိုင်တာအားနည်းခဲ့တယ်။ အလျဉ်း သင့် သလို လူခင်ရင်ခင်သလို မူပြင်တဲ့အလေ့အထတွေကလည်းရှိခဲ့တယ်။ ဒါကြောင့် ထုတ်ပြန်တဲ့ စည်းကမ်း တွေကို စနစ်တကျလိုက်နာဖို့လိုပါတယ်။ ဘုရားဖူးတွေရော ကြီးကြပ်ကွပ်ကဲသူတွေကရော သမာသမတ် ရှိဖို့လိုပါတယ်။ မဟုတ်ရင် အများပြောစရာဖြစ်ပြီး ရောဂါပြန့်ပွားမှုတွေလည်းဖြစ်သွားနိုင်ပါတယ်။''လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယအကျော့ အရှိန်မပြင်းထန်သေးခင်ကာလ ဘုရားပုထိုးတွေ ဖူးမြော်ခွင့် ပိတ်ထားချိန်မှာ ပုဂံဒေသကိုသွားရောက်သူတွေများပြားခဲ့တာကြောင့် ပုဂံယဉ်ကျေးမှု နယ်မြေက စေတီ ပုထိုးအားလုံးကို ဖူးမြော်ခွင့်ပိတ်ထားကြောင်း ထုတ်ပြန်ရတာတွေလည်းရှိခဲ့ပါတယ်။
' ' အခုအသေးစိတ်စီမံချက်ကိုတော့ ရေးဆွဲနေပါတယ်။ အဲဒီမှာ လာတဲ့သူတွေကို ဇုန်အဝင်မှာထဲက မှတ်တမ်းယူထားတာ၊ ကိုဗစ်စည်းကမ်းနဲ့အညီ လာတဲ့သူအားလုံးကတော့ mask တွေ face shield တွေတပ်ထား ရမှာပေါ့။ သတိပေးတဲ့ဗီနိုင်းလ်တွေကိုလည်း ချိတ်ထားမယ်။ လှိုဏ်ပတ်လမ်းရှိတဲ့ဘုရားတွေဆိုလည်း ၆ပေခြားပေါ့ ဝင်ဆံ့ခွင့်ပြုနိုင်မယ့် ဦးရေအလိုက် စိစစ်ဝင်ရောက်ဖူးမြော်ခွင့်ပြုဖို့တွေ စီစဉ်နေပါတယ်'' လို့ ကိုဗစ်စည်းမျဉ်းတွေနဲ့အညီ ခွင့်ပြုသွားမယ့်အခြေအနေတွေကို ဒေါက်တာသန်းထိုက် ကပြောပြပါတယ်။
အခုလိုခွင့်ပြုရာမှာ ကျန်းမာရေးဆိုင်ရာစည်းကမ်းတွေကို သေချာမကိုင်တွယ်ပါက ဗီယက်နမ်နိုင်ငံလို ဥပမာဆိုးကို ကြုံရမှာစိုးတယ်လို့လည်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါ်စပယ်အောင်က ထောက်ပြပါတယ်။
' ' ဗီယက်နမ်မှာလည်း ပြည်တွင်းခရီးသွားတွေအတွက်လေကြောင်းလိုင်းကိုဖွင့်လိုက်တယ်။ Da Nang ကမ်းခြေမှာ ပိုးတွေ့တော့ ပြည်တွင်းခရီးသွား ရှစ်သောင်းကျော်ကို ပြန်လွှတ်ရတာ။ ဒါကြောင့် ဖွင့်ပြီးမှ ပြန်ပိတ်ရတာမျိုး မဖြစ်စေချင်ဘူး။ ထိုင်းလို စည်းနဲ့ကမ်းနဲ့ သေသေချာချာကြီးကြပ်ပြီး လုပ်ကာမှ သာဖြစ်မယ်''လို့ သူကပြောပါတယ်။
BBC Burmese

No comments:
Post a Comment