ရန်ကုန် စက်ရုံ၊ အလုပ်ရုံတွေမှာ ကိုဗစ်ကူးသူတိုးနေ

ရန်ကုန်မြို့ရှိ စက်ရုံတခုမှာ တွေ့ရတဲ့ အလုပ်သမားတချို့။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းထဲက စက်ရုံအလုပ်ရုံတွေမှာ ရောဂါပိုးကူးစက်သူတွေ တိုးလာနေတာကြောင့် သတိထားဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ရန်ကုန်တိုင်းထဲက စက်ရုံ၊ အလုပ်ရုံ ၁၀၀ ကျော်မှာ အလုပ်သမားတွေ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ ကြုံနေရပြီး၊ အများဆုံးအဖြစ် လှိုင်သာယာမြို့နယ်က စက်ရုံ ၇၀ ကျော်ပါဝင်ကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အလုပ်သမားတွေကြား ကူးစက်မှုတွေ တိုးလာရတာဟာ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာမှု အားနည်းချက်ကြောင့် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဗဟိုကော်မတီအဖွဲ့ဝင် မသင်ဇာထက်က ပြောပါတယ်။

“ကျန်းမာရေး Guideline နဲ့ ကိုက်ညီမှုရှိတဲ့ စက်ရုံတွေက ရာခိုင်နှုန်းအရဆိုရင် ၈၀ ရာခိုင်နှုန်းလောက် ကိုက်ညီမှု မရှိဘူး။ တချို့စက်ရုံတွေဆိုရင် တစ်နေ့ကို နှစ်ယောက် သုံးယောက်၊ တစ်ယောက်၊ နှစ်ယောက် အဲ့လိုမျိုးပုံမှန် တွေ့ရတယ်ပေါ့နော်။ တွေ့ရတဲ့ အခြေအနေမျိုးမှာ နောက်တစ်ချက်က ထိစပ်လူနာတွေကို ကိုယ်ကိုယ်တိုင် Positive တွေ့တဲ့ အလုပ်သမားက ဒီလူတွေသည် ကျမနဲ့ ထိစပ်ထားပါတယ်ဆိုတဲ့ဟာမျိုး ပွင့်ပွင့်လင်းလင်းမပြောရဲတဲ့ ပြသနာတွေ ကျမတို့ ရင်ဆိုင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ အလုပ်သမားတွေက သူတို့ပြောလိုက်ရင် မကြိုက်မှာစိုးလို့ ဆိုတဲ့ဟာမျိုးနဲ့ စက်ရုံထဲမှာ လုပ်ငန်းခွင် တွေမှာ လက်ရှိအလုပ်လုပ်နေတာတွေကို ကျမတို့တွေ့ရတယ်။ အဲ့ဒီအပြင် ကို နောက်ထပ် ကျမတို့ အလုပ်ရှင်တွေအနေနဲ့ကလည်း ဒီအလုပ်သမားနဲ့ အမှန်တကယ်၊ လိုင်းကြီး ကြပ်သူတွေနဲ့ ထိစပ်ထား သူတွေ ဖြစ်နေတယ်ဆိုတာမျိုးကိုလည်း စနစ်တကျကောက်ယူထာားခြင်း မရှိတဲ့အတွက်ကြောင့် ဒီပိုးတွေ့လူနာတွေ တဆင့်ပြီးတဆင့် ထပ်ပွားလာတာတွေ တွေ့နေရတာရှိပါတယ်ရှင်။”

စက်ရုံတွေမှာ အကြိုအပို့လုပ်တဲ့ ကားတွေမှာလည်း လမ်းညွှန်ချက်တွေကို လိုက်နာမှု အားနည်းတာတွေ ရှိသလို လုပ်ငန်းခွင်မှာလည်း သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း အလုပ်လုပ်ဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် ရောဂါကူးစက်မှု အန္တရာယ် ကြုံနေရတာလို့လည်း ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရလည်းဖြစ် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးကတော့ ကျန်းမာရေးအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့လိုတယ်လို့ သတိပေးပါတယ်။

“စက်ရုံတွေက လူစုလူဝေးများတဲ့နေရာဖြစ်တယ်။ နောက်တစ်ခုက တစ်ယောက်နဲ့တစ်ယောက်ကလည်း ၆ ပေခြားမှသာ ဖွင့်ခွင့်ပြုထားတယ်။ သူတို့ရဲ့ Check List ကို Grade Aရမှသာ ဖွင့်ခွင့်ပြု ထားတယ်။ ဒါအပြင့် A အဆင့်နဲ့ ကိုက်ညီလို့ ဖွင့်ခွင့်ပေးလိုက်တဲ့ နောက်ပိုင်းမှာလည်း သူတို့ကို နောက်ကနေပြီးတော့ ပြန် Check လုပ်တဲ့ စနစ် ဒါကလည်းရှိနေရမှာဖြစ်ပါတယ်။ ခုလက်ရှိလည်း တော့ စက်ရုံတွေကို စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ ဒါမျိုး စစ်ဆေးတဲ့ဟာမျိုးတွေလည်း လက်ရှိလည်း ဆောင်ရွက်နေပါတယ်။ ပြောချင်တာကတော့ အချက်တွေ တချို့ တစ်ချက် နှစ်ချက် ဒါမျိုးတွေ မလိုက်နာဘူး၊ လွဲချော်နေတယ်ဆိုရင် ရောဂါပိုးက ကူးစက်နိုင်မယ်။”

အလုပ်ရှင်တွေအနေနဲ့ ကိုယ်ပူချိန်မြင့်နေတဲ့ အလုပ်သမားတွေ၊ ရောဂါလက္ခဏာရှိတဲ့သူတွေနှင့် ပိုးတွေ့သူနဲ့ ထိတွေ့မှုရှိခဲ့တဲ့သူတွေကို လုပ်ခလစာ မဖြတ်တောက်ဘဲ ခွင့်ပေးပြီး အလုပ်ကို မလာစေဖို့ ဆောင်ရွက်ပေးရမှာဖြစ်သလို ရောဂါကူးစက်မှုကို တားဆီးနိုင်ဖို့ဆိုရင် အလုပ်ရှင် အလုပ်သမား ပူးပေါင်းဆောင်ရွက်မှုက အဓိကကျတယ်လို့လည်း ပြောပါတယ်။

လူမှုဖူလုံရေးအဖွဲ့ရဲ့ အမျိုးသားအဆင့် အလုပ်သမားကိုယ်စားလှယ်အဖြစ်လည်း တာဝန်ယူထားတဲ့ မသင်ဇာထက်က စက်ရုံတွေမှာ ကိုဗစ်ကူးစက်ခံရတဲ့အလုပ်သမားတွေနှင့် ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ အလုပ်သမားတွေ အလုပ်မဆင်း နိုင်တဲ့ကာလအတွင်းမှာ စက်ရုံက လုပ်ခလစာဖြတ်တောက်တာ၊ လူမှုဖူလုံကြေး ခံစားခွင့် ၄၀ ရာခိုင်းနှုန်း အပြည့်အဝမရတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“အလုပ်သမားတွေက ဘာတွေ ကျမတို့ဆီလာပြီး သတင်းအချက်အလက်တွေ တိုင်ကြားကြလဲဆို တော့ သူတို့ Positive တွေ့တယ်။ Positive တွေ့တဲ့အလုပ်သမားတွေနဲ့ ထိစပ်တဲ့ Lock down မိတဲ့ အလုပ်သမားတွေကို ခွင့်မပေးဘူး၊ လစာတွေဖြတ်တယ်။ ဖြတ်တောက်ခံရတဲ့ လစာတွေကို ရအောင် ဘယ်လိုဆောင်ရွက်လို့ရသလဲ ဆိုတဲ့ မေးခွန်းတွေ ကျွန်မတို့ ခုချိန်ထိ အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးနေတာတွေ ရှိတယ်ပေါ့နှော်။ နောက်တစ်ခုက လူမှုဖူလုံရေးက ပေးတဲ့ ရာခိုင်နှုန်းတောင်မှာ အလုပ်သမားက အပြည့်အဝမရတဲ့ ကိစ္စမျိုးတွေအထိပါ ကြုံတွေနေရတာရှိတယ်။ ထောက်ပံ့ဖို့နေနေသာသာ ပေါ့နော်။ အပြည့်အဝမရတဲ့ စက်ရုံတွေ အများကြီးရှိတယ်။ များသောအားဖြင့် ကျမတို့ဆီကို တိုင်လာတဲ့ စက်ရုံတွေဆိုလို့ရှိရင် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်တို့ ရွှေပြည်သာမြို့နယ်က အများဆုံး တိုင်ကြားတာတွေ တွေ့ရပါတယ်ရှင်။”

လှိုင်သာယာမြို့နယ်မှာ ကိုဗစ်ရောဂါပိုးတွေ့လူနာက ၃၅,၀၀၀ ကျော်ရှိပြီး အများစုက စက်ရုံအလုပ်သမားတွေဖြစ်ကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်က ၈၀,၀၀၀ နီးပါးရှိနေပြီး သေဆုံးသူက ၂,၀၀၀ နီးပါးရှိနေပါတယ်။ ကပ်ရောဂါကူးစက်မှုတွေကို ကာကွယ်ထိန်းချုပ်ဖို့ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအပါအဝင် နေရာတချို့မှာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ စက်ရုံအလုပ်ရုံတွေကိုတော့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ကိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ 


အိမ့်သန္တာထွန်း/VOA (Burmese)

https://burmese.voanews.com/a/yangon-factory/5673016.html

ရန်ကုန် စက်ရုံ၊ အလုပ်ရုံတွေမှာ ကိုဗစ်ကူးသူတိုးနေ ရန်ကုန် စက်ရုံ၊ အလုပ်ရုံတွေမှာ ကိုဗစ်ကူးသူတိုးနေ Reviewed by THITHTOOLWIN on 01:55 Rating: 5

No comments:

Powered by Blogger.