အမ်းက လက်နက်ကြီးထိသူလေးဦး စစ်တွေဆေးရုံရောက်ရှိ

ဒဏ်ရာရသူတွေ

ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်အတွင်းမှာရှိတဲ့ ရှောက်ခြုံကျေးရွာအတွင်းမှာ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ကလေးငယ်တွေအပါအဝင် ရွာသား ၆ ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။

ရှောက်ခြုံကျေးရွာဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နဲ့ မြေပုံမြို့နယ် ကမ်းထောင်းကြီး တိုက်နယ် အကြား ရန်ကုန်-စစ်တွေကားလမ်းမ နံဘေးမှာတည်ရှိပြီး အိမ်ခြေ တစ်ရာကျော်လောက်ရှိတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကို တပ်မတော် တပ်စခန်းတွေဘက်က ပစ်တယ်လို့ ဒေသခံတွေက ဆိုပြီး တပ်မတော်ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်မှာ ရှောက်ခြုံကျေးရွာနဲ့ ၇ မိုင်လောက်အကွာ ကဇူးကိုင်းကျေးရွာအနီးမှာရှိတဲ့ တပ်မတော်တပ်စခန်းတွေကနေ လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပြီး အဲ့ဒီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရကြောင်း အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူတွေကတော့ အသက် ၃နှစ်၊ ၅ နှစ်နဲ့ ၉ နှစ်နဲ့ ၁၃ နှစ်ရွယ် ကလေးတွေနဲ့ အမျိုးသားတစ်ဉီးနဲ့ အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေ

မနက်ပိုင်းမှာတော့ ရှောက်ခြုံကျေးရွာအနီး ကားလမ်းမတစ်လျှောက်မှာ လက်နက်ငယ်သံတွေ ကြားလိုက်ရသလို လက်နက်ကြီးပစ်တာတွေလဲ ရှိခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ယူဆရကြောင်း ရွာသားတွေက ပြောပါတယ်။

ညနေပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးသံ ပထမတစ်ချက် ကြားလိုက်ရပြီး ရွာသားတွေထပ်မံပြီး ဘုန်းကြီးကျောင်းကို ပြေးလာနေကြတဲ့အချိန်မှာ နောက်ထပ် လက်နက်ကြီးတစ်လုံးကျကွဲကာ ရွာသားတွေကို ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့ကြတဲ့ ရွာသား ၆ ဦးကို နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ မှာ မြေပုံမြို့နယ် ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ယာယီကုသမှုတွေလုပ်ပေးကာ အဲ့ဒီထဲက ဒဏ်ရာပြင်းထန်သူတွေကို ၁၁ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေဆေးရုံသို့လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ၁၂ ရက်နေ့မနက်ပိုင်းမှာ ရေကြောင်းကနေတစ်ဆင့် စစ်တွေဆေးရုံကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေ

ဒေသတွင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ် တာတွေကြောင့် အမ်းမြို့နယ် တောင်ပိုင်းဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၁၂ ရွာခန့်က လူဦးရေ ငါးထောင်ကျော်လောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ အမ်းဒေသခံ ကိုမျိုးလွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရခိုင့်တပ်တော်အေအေတို့အကြား နှစ်ခွဲခန့်အကြာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြို့နယ်ပေါင်း ၉ မြို့နယ်ခန့်က ဒေသခံ ၂ သိန်းခွဲနီးပါးခန့်တို့ဟာ နေရပ်စွန့်ခွာထွက်ပြေးနေပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး တစ်နှစ်ကျော်ခန့်အကြာကာလကနေ နှစ်ဖက်တပ်တွေရဲ့ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်မှုတွေရှိနေပေမယ့် စစ်မက်ဖြစ်ပွားရာဒေသတွေမှာတော့ အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်လာနေသလို နေရပ်စွန့်ခွာမှုတွေလဲ ဆက်လက်မြင့်တက်လာနေတာကို တွေ့နေရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54931934

အမ်းက လက်နက်ကြီးထိသူလေးဦး စစ်တွေဆေးရုံရောက်ရှိ အမ်းက လက်နက်ကြီးထိသူလေးဦး စစ်တွေဆေးရုံရောက်ရှိ Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.