ရွေးကောက်ပွဲအောင်ပွဲခံလူအုပ်ထဲ ကိုဗစ်ရောဂါပိုးတွေ့

ရန်ကုန်မြို့က NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ တွေ့ရတဲ့ အောင်ပွဲခံ NLD ပါတီ ထောက်ခံသူများ။(နိုဝင်ဘာ ၀၉၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲ နောက်ဆက်တွဲ မဲရလဒ်တွေအပေါ် အောင်ပွဲခံစုဝေးခဲ့သူတွေထဲ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် လူစုလူဝေးမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံသတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲအပြီး အောင်ပွဲခံတဲ့ အနေနဲ့ ရန်ကုန်မြို့က NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ စုဝေးသူတွေထဲမှာ ရောဂါပိုးကူးစက်သူ တွေ့ရှိခဲ့တာကြောင့် ကူးစက်မှု မဖြစ်အောင် သတိပေးနေတာပါ။ ရွေးကောက်ပွဲ အောင်ပွဲခံစုဝေးသူတွေထဲက ထိခိုက်ဒဏ်ရာရသူတချို့ ရန်ကုန်ဆေးရုံကြီးကို ရောက်လာချိန်မှာ စစ်ဆေးကြည့်ရာက ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် နောက်ဆက်တွဲ ကူးစက်မှုမဖြစ်အောင် သတိထားဖို့လည်း လိုအပ်နေတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကဆိုရင် ထိခိုက် ဒဏ်ရာရတဲ့သူတွေကို ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုပေးတယ်။ အဲ့ဒီမှာ စစ်ကြည့်လိုက်တယ်။ သုံး ယောက်လောက်က Positive ဖြစ်တယ်။ ဒါဆိုလို့ရှိရင် အဲ့ဒီ သုံး ယောက် Positive ဖြစ်တာမျိုး နောက်လူတွေမှာလည်း အများကြီးဖြစ်နိုင်တယ်။ အဲ့ဒီ သုံး ယောက်ကနေ ဘယ်နှစ်ယောက် ကူးသွားပြီလဲ။ လူအုပ်စုထဲမှာ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ကူးစက်စေတာက အဲ့ဒီ လူဦးရေထဲက ၅ ရာခိုင်နှုန်းလောက်က ကူးစက်စေတာဖြစ်တယ်။ ဒါလေးတွေကို သိထားရမှာဖြစ်တယ်။ အဲ့ဒီလိုဆိုတဲ့ အခါမှာ ကိုယ်ကတော့ ပျော်ရွှင်တယ်၊ ဝမ်းမြောက်တယ်၊ ကိုယ့်ရဲ့ ဝမ်းမြောက်ခြင်းကို ဖော်ပြတယ်ဆိုပေမဲ့ ဖော်ပြနေတာ မမှန်တဲ့ အတွက်ကြောင့်မို့ ကိုယ့်မှာ ရောဂါကူးစက်စေနိုင်တဲ့ အခွင့်အလမ်းကတော့ ရရှိသွားပြီ။ အဲ့ဒီကနေမှ ကိုယ့်ရဲ့ မိသားစုဝင်တွေ အသက်ကြီးတဲ့ သူတွေ၊ ‌နောက်ခံရောဂါရှိတဲ့သူတွေမှာ ရောဂါကူးစက်လို့ရှိရင် ဆိုးဆိုးဝါးဝါးဖြစ်နိုင်တဲ့ အတွက်ကြောင့်မို့ ဒီပုဂ္ဂိုလ်တွေအနေနဲ့ကတော့ ဒီရက်ကာလမှာ အနည်းဆုံး ၁၀ ရက်လောက်ကတော့ မိသားစုနဲ့ လုံးဝ ထိတွေ့မှုမရှိအောင်နေဖို့က အထူးအရေးကြီးနေပြီဆိုတာကို ပြောလိုပါတယ်။”

ရွေးကောက်ပွဲကာလမှာ လူအများအပြား ထိတွေ့ဆက်ဆံတာတွေ ရှိခဲ့သလို၊ ရွေးကောက်ပွဲနောက်ပိုင်း လူစုလူဝေးကြောင့် ရောဂါကူးစက်မှုတွေ တိုးလာမှာကိုလည်း ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေပါတယ်။ ရောဂါကူးစက်မှုတွေ လျှော့ချဖို့ ကြိုးစားနေရချိန်မှာ နောက်ထပ် ကူးစက်မှုတွေနဲ့ အသေအပျောက်တွေ ကြုံရမှာ စိုးရိမ်ရတယ်လို့လည်း ‌ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အခု အခြေအနေပုံစံနဲ့ဆိုရင် ကျမတို့ ၉ ရက်နေ့ကနေ စပြီးလို့ရှိရင် နောက် ၅ ရက်ကနေ ၇ ရက်ပေါ့နော်။ အဲ့ဒီလောက်မှာ ဆိုလို့ရှိရင်တော့ ထိတွေ့မှု ရှိတဲ့သူတွေထဲကနေ ကူးစက်ခံရပြီးတော့ ရောဂါဖြစ်ပွားမှုတွေ၊ အသက်ကြီးတဲ့သူတွေမှာ ဖြစ်မယ်ဆိုရင် သေဆုံးမှုတွေ ဒါတွေကလည်း မလွဲမသွေ ကြုံရမယ်လို့ ကျမတို့ကတော့ ကြိုတင်ပြင်ဆင်ထားရမှာပေါ့နေ်။ ပြီးတော့ ကျမတို့ရဲ့ လက်ရှိလုပ်ဆောင်ပေးနေတဲ့ အတိုင်းအတာကလည်း နိုင်နိုင်နင်းနင်းရှိနေတဲ့ အခြေအနေကနေ တကယ်လို့သာ နေ့စဉ်ဖြစ်ပွားမှုတွေ သိပ်များလာပြီဆိုလို့ရှိရင် တော်တော်လေးကို အခက်အခဲတွေ့မယ့် သဘောမျိုးကတော့ ရှိနိုင်ပါတယ်။ တိုးတက်ပြီး နိုင်ငံတွေမှာတောင်မှ ဒီလိုမျိုး အခက်အခဲရှိကြတယ်ဆိုတော့လေ။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန်များလာရာက လူ ၃၀ ထက်ပိုပြီးမစုဝေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ပေမဲ့ ရွေးကောက်ပွဲ ကာလမှာတော့ လူ ၅၀ အထိ ခွင့်ပြုခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ရွေးကောက်ပွဲကာလမှာ လူစုလူဝေး ဖြစ်ခဲ့တာတွေ ရှိခဲ့ပေမဲ့ သိပ်အံ့အားသင့်စရာ မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ရွေးကောက်ပွဲ နောက်ပိုင်း လူစုလူဝေးလုပ်တာတွေကို ရှောင်ဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့လည်း မနေ့တုန်းကပဲ သတိပေးထားပါတယ်။ 


အိမ့်သန္တာထွန်း/VOA (Burmese)

https://burmese.voanews.com/a/covid-situation-after-myanmar-election/5656454.html

ရွေးကောက်ပွဲအောင်ပွဲခံလူအုပ်ထဲ ကိုဗစ်ရောဂါပိုးတွေ့ ရွေးကောက်ပွဲအောင်ပွဲခံလူအုပ်ထဲ ကိုဗစ်ရောဂါပိုးတွေ့ Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.