ရန်ကုန်နဲ့မန္တလေးက ရွေးကောက်ပွဲတာဝန်ထမ်းခဲ့သူ ၉၀ ကျော် ကိုဗစ်ရောဂါကူးစက်

ရွေးကောက်ပွဲမဲထဲ့သည့်မြင်ကွင်း (နိုဝင်ဘာလ ၈၊ ၂ဝ၂ဝ)

ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေထဲ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက ရွေးကောက်ပွဲလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူ ၉ဝ ကျော် ပါဝင်နေပြီး တချို့ကိုတော့ အထူးကြပ်မတ်ကုသပေးထားရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေထဲ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲကျင်းပရာမှာ မဲရုံတာဝန်ကျသူတချို့နဲ့ မိသားစုဝင်တွေလည်း ပါဝင်နေပါတယ်။ ရွေးကောက်ပွဲခရိုင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်ဝန်ထမ်းတွေ၊ မဲရုံအမှုထမ်းတွေနဲ့ မိသားစုဝင်တွေ အားလုံးပေါင်းအယောက် ၈၀ ကျော် ကူးစက်ခံခဲ့ရတာလို့လည်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်ပြောခွင့်ရ ဦးကျော်မိုးကြည်က VOA ကိုပြောပါတယ်။

" ကော်မရှင်ဝန်ထမ်းက ၈ဦး၊ နောက် ဥက္ကဌနဲ့ အဖွဲ့ဝင်ဆိုတာ တိုင်းဥက္ကဌတော့ မပါဘူး။ ဥက္ကဌဆိုတာ မြို့နယ်နဲ့ ခရိုင်ဥက္ကဌတွေရှိတယ်။ ဥက္ကဌ - အဖွဲ့ဝင်က အယောက် ၃၀၊ မဲရုံမှူးနဲ့ မဲရုံတာဝန်ထမ်းဆောင်တဲ့သူတွေထဲက ၃၃ ယောက်၊ သူတို့နဲ့ဆက်စပ်တဲ့ မိသားစုကတော့ ၁၂ ဦး။ အားလုံးပေါင်းက အခု Positive ပဲ။ ICU ထဲကို ရောက်နေတာတွေလည်း ရှိတယ်။ "

ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး၊ ရောဂါသံသယကြောင့် အသွားအလာကန့်သတ်ခံထားရသူကတော့ ၆၅ ဦးရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်နေ့တုန်းက မဲရုံတွေဆီ မဲလာပေးသူပေါင်းက ရန်ကုန်တိုင်းမှာ ၆၁ သိန်းဝန်းကျင် ရှိခဲ့တာပါ။

မန္တလေးတိုင်းမှာတော့ တိုင်းအဆင့်ရွေးကောက်ပွဲကော်မရှင် ရုံးဝန်ထမ်း ၇ဦး ကူးစက်ခံနေရပြီး၊ ကျန်တဲ့အဖွဲ့ခွဲတွေမှာတော့ ကူးစက်သူဦးရေ မရှိခဲ့ဘူးလို့ မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးရှိန်ဝင်းက VOA ကိုပြောပါတယ်။

" ကျနော်တို့ရုံးက ၇ယောက်ပါဗျ။ နောက် အများပြည်သူ ယုံကြည်လေးစားသူ ၃ဦးပါဗျ။ အားလုံးပေါင်း ၁၀ ယောက် ဒါပါပဲ။ ကျန်တာ ကျနော်တို့ကော်မရှင်က မရှိပါဘူး။ "

ကိုဗစ်ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ နောက်ဆက်တွဲ လူစုလူဝေးတာတွေ ရှိခဲ့တာကြောင့် ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ကို ကျန်းမာရေး ပညာရှင်တွေ သတိပေးနေချိန်မှာပဲ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်သူတွေပါ ကူးစက်ခံရတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူတွေထဲက ၆၀ ရာခိုင်နှုန်းလောက်ဟာ လက္ခဏာမပြပဲ ရောဂါပိုးရှိနေခဲ့တာဖြစ်လို့ လူစုလူဝေးမှာပါဝင်ခဲ့သူတွေအနေနဲ့ သီးခြားနေထိုင်ဖို့ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။

" ရောဂါကူးစက်မှုတွေက နည်းနည်းလေးများလာတဲ့ သဘောရှိပါတယ်။ ဒါကလည်း အားလုံးသိကြပြီးတဲ့အတိုင်းပါပဲ၊ အကြောင်းမရှိပဲနဲ့ အကျိုးမဖြစ်ပါဘူး။ ရှေ့မှာ လူစုလူဝေးတွေရှိခဲ့တော့ တယောက်နဲ့တယောက် ကူးစက်မှုများပြီးတော့ ဒီတပတ်လောက်အတွင်းမှာ ရုပ်လုံးပေါ်လာမှာဖြစ်ပါတယ်။ ကူးစက်မှုတွေများလေလေ သေဆုံးမှုတွေများမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအစုအဖွဲ့မှာ ပါဝင်ခဲ့သူတွေအနေနဲ့ကတော့ မိမိစိုက်ပျိုးတာကိုတော့ မိမိရိတ်သိမ်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစုပေါင်းတဲ့ပွဲတွေမှာပါဝင်ခဲ့တဲ့ သူတွေအနေနဲ့ ဘယ်သူသိသိ မသိသိ၊ မိမိကိုယ်ကိုယ် အသိဆုံးဖြစ်ပါတယ်။ အဲတော့ သူတို့တွေအနေနဲ့ ကိုယ့်ရဲ့အိမ်မှာပဲ Self Quarantine ၂ပတ်နေပါ။ မိမိဘာသာ သီးသန့်စားသောက်ပါ၊ ဘယ်သူနဲ့မှ ရောရောနှောနှောမနေပါနဲ့၊ ထပ်ပြီးတော့လည်း လူအုပ်စုထဲ မသွားပါနဲ့။ "

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၆၅၀ ဦးနဲ့ ကူးစက်သူအတည်ပြုလူနာ ၇၃,၃၂၂ ဦးရှိပါတယ်။ ဒေသတွင်း ကပ်ရောဂါကူးစက်မှုကို လျှော့ချနိုင်ဖို့အတွက်လည်း ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးတာနဲ့ အပြင်ထွက်တိုင်း မျက်နှာနဲ့ နှာခေါင်စည်း အကာအကွယ် မဖြစ်မနေ တပ်ဆင်ဖို့ကိုလည်း သတိပေးထားပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/rangoon-mandalay-election-commission-covid-19/5668751.html

ရန်ကုန်နဲ့မန္တလေးက ရွေးကောက်ပွဲတာဝန်ထမ်းခဲ့သူ ၉၀ ကျော် ကိုဗစ်ရောဂါကူးစက် ရန်ကုန်နဲ့မန္တလေးက ရွေးကောက်ပွဲတာဝန်ထမ်းခဲ့သူ ၉၀ ကျော် ကိုဗစ်ရောဂါကူးစက် Reviewed by THITHTOOLWIN on 23:29 Rating: 5

No comments:

Powered by Blogger.