အစွမ်းထက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရတော့မည်


မြန်မာနိုင်ငံမှာ covid-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ လူ ၁၅၉၉ ယောက် သေဆုံးရပါတယ်။ မနေ့က လူ ၂၂ ယောက် ထပ်မံသေဆုံးရပြီး ဒီထဲ ရောဂါအခံရှိသူက  ၁၉ ယောက်ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အတည်ပြုလူနာသစ်  ၁၁၆၇ ယောက်ရှိတဲ့အတွက် coronavirus ကူးစက်ခံရသူက ၇၀၁၆၁ ယောက်ရှိသွားပါပြီ။ကမ္ဘာတဝန်းမှာတော့ လူ ၅၄ သန်းခွဲကျော် ကူးစက်ခံရပြီး တသန်းသုံးသိန်းကျော် သေဆုံးရတယ်လို့ အမေရိကန်ပြည်ထောင်စုက  Johns Hopkins  တက္ကသိုလ်စာရင်းက ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု Massachusetts  ပြည်နယ်  Cambridge မြို့ အခြေစိုက် Moderna  ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်တဲ့  covid-19  ကာကွယ်ဆေးဟာ ၉၄ ဒဿမ ၅ ရာခိုင်နှုန်း (၉၄ ရာခိုင်နှုန်းခွဲ) အစွမ်းထက်တယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဒါဟာမျှော်မှန်းထားတာထက် ကျော်လွန်တယ်လို့ ကုမ္ပဏီ ပူးတွဲထူထောင်သူလည်းဖြစ် ဥက္ကဋ္ဌလည်း ဖြစ်တဲ့ Noubar Afeyan က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဂျာမနီ  BioNTech ဆေးဝါးထုတ်လုပ်ရေးနဲ့  ပူးတွဲထုတ်တဲ့  covid-19  ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်း အစွမ်းထက်တယ်လို့ အမေရိကန်က  Pifizer  ဆေးကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ဒီနှစ်ခုအပြင် တခြားကုမ္ပဏီတွေကလည်း  covid-19 ကာကွယ်ဆေးထုတ်လုပ်နေတာပါ။  covid-19 ကို တိုက်ထုတ်ဖို့ သူတို့ထုတ်တဲ့ ဆေးတွေက ထိရောက်တယ်လို့ Moderna ကရော  Pifizer ကပါ ပြောပါတယ်။ ဒီကုမ္ပဏီနှစ်ခုစလုံးက ထုတ်တဲ့ဆေးကို နှစ်ကြိမ်ထိုးဖို့လိုအပ်ပါမယ်။ ဆေးနှစ်မျိုးစလုံး သတ်မှတ်အပူချိန်မှာ ထားရှိရပါမယ်။ 

Moderna က အစွမ်းထက်တဲ့ ကာကွယ်ဆေးထုတ်နိုင်ပြီလို့ ကြေညာလိုက်တာနဲ့ Dow စတော့စျေးကွက်က ၁ ဒဿမ ၂ ရာခိုင်နှုန်း တက်သွားပါတယ်။ Moderna အစုရှယ်ယာထည့်ဝင်ထားတဲ့  Nasdaq စတော့အစုရှယ်ယာစျေးက ၁၁ ရာခိုင်နှုန်း တက်သွားပါတယ်။ 

Moderna က ထုတ်လုပ်တဲ့ ကာကွယ်ဆေးသတင်းထွက်လာပြီးတဲ့နောက်  EU  ဥရောပသမဂ္ဂကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၄၀၅ သန်း ဖြန့်ဖြူးရေးအတွက်  ဂျာမနီအခြေစိုက် CureVac ဇီဝဆေးကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုခွင့်ပြုဖို့ ကြေညာတာပါ။ စာချုပ်အရ  CureVac  က ထုတ်လုပ်တဲ့ထိုးဆေးတွေ ဝယ်ယူခွင့်ရပါမယ်။ ထိုးဆေးက စိတ်ချရပြီး ထိရောက်တယ်ဆိုရင် အီးယူအဖွဲ့ဝင် နိုင်ငံတိုင်း ရရှိပါမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ  Ursula von der Leyen က ပြောပါတယ်။ Pfizer-BioNTech နဲ့ စာချုပ် ချုပ်ဆိုခွင့်ပြုတယ်လို့ အီးယူက ကြေညာပြီး ရက်ပိုင်းလေးမှာ CureVac က ထုတ်တဲ့ဆေး ဝယ်ယူမှာကို ကြေညာတာပါ။ 

ကာကွယ်ဆေး သတင်းကောင်းတွေထွက်လာပေမဲ့ ထိုးဆေးသက်သက်နဲ့တော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရပ်တန့်သွားမှာမဟုတ်ဘူးလို့  WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှုုးချုပ် Tedros Adhanom Ghebreyesus က မနေ့ကပဲ သတိပေးလိုက်ပါတယ်။ ဗိုင်းရပ်စ်တိုက်ဖျက်ရေးလက်နက်အဖြစ် အားဖြည့်ပေးတာပဲဖြစ်ပြီး ထိုးဆေးနဲ့ ဗိုင်းရပ်စ်လုံးဝမရှိတော့အောင် မလုပ်နိုင်ဘူးလို့လည်း သုံးသပ်တာတွေ ရှိပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ဟာ  HIV လို AIDS လို ပပျောက်သွားတော့မှာ မဟုတ်ဘဲ လူသားတွေ ဗိုင်းရပ်စ်နဲ့ အစဉ်အမြဲ ယှဉ်တွဲနေထိုင်သွားရမယ်လို့လည်း ပညာရှင်တွေက သတိပေးထားပါတယ်။ ခု ကာကွယ်ဆေးပေါ်လာပေမဲ့ ကနဦးမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အန္တရာယ်အဆင့်ရောက်နေသူတွေကို  ဦးစားပေးမယ်လို့လည်း  WHO  အကြီးအကဲက ပြောပါတယ်။ ထိုးဆေးပေါ်လာပေမဲ့ လူတိုင်းလက်လှမ်းမမှီသေးခင် အနောက်တိုင်းမှာ မိသားစုတွေ မိတ်ဆွေ အပေါင်းအသင်းတွေ ဆုံဆည်းတဲ့ ပွဲတော်ရက်တွေက တဖြည်းဖြည်းကပ်လာချိန်မှာ ဗိုင်းရပ်စ်ကူးစက်နှုန်းကလည်း ကျဆင်းမသွားပါဘူး။

ဒါကြောင့်လည်း ဆေးဝါးကုမ္ပဏီကောင်းတွေရှိတဲ့ ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နှုန်း ထိန်းဖို့ ဘားတွေ စားသောက်ဆိုင်တွေကို ဒီလထဲ ပိတ်ထားပေမဲ့ ကျောင်းနဲ့ ဆိုင်တွေ ဖွင့်ခွင့်ပေးထားပါတယ်။ ဒါပေမဲ့ ခရစ်စမတ်မတိုင်ခင် ချမှတ်တဲ့ တင်းကျပ်ချက်သစ်အရ အများနဲ့ ကျင်းပတဲ့ ပါတီတွေ လုံးဝရှောင်ဖို့ လူထုကို တိုက်တွန်းပါတယ်။ အများပြည်သူနေရာမှာ ကိုယ်ပိုင်သီးခြားလုပ်တဲ့ ပွဲဆိုရင်လည်း မိသားတစုက ကျင်းပရင် နောက်တအိမ်က လူနှစ်ယောက်ပဲတက်ရပါမယ်။ ဒီလ ၂ ရက်က ထုတ်ပြန်တဲ့ စည်းမျဉ်းအရ မိသားနှစ်စုက လူ ၁၀ ယောက်ထိ ဆုံလို့ ရပါတယ်။ အစီအစဉ်သစ်အရ ကျောင်းသားနည်းနည်းနဲ့ စာသင်ခွင့်ပြုတာနဲ့ မူလတန်းကျောင်းသားတွေ နှာခေါင်းစည်း မလိုဘူး စတဲ့ သတ်မှတ်ချက်တွေ ပယ်ဖျက်ဖို့ရှိတယ်လို့  Reuters  သတင်းက ဖော်ပြပါတယ်။ 

မကြာခင် ကျရောက်တော့မယ့် ပွဲတော်ရက် အားလပ်ရက်တွေမှာ မလိုအပ်ရင် ခရီးမထွက်ကြဘဲ ကိုယ့်အိမ်ကိုယ်နေကြပါလို့ ကျန်းမာရေးနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောကြားတဲ့အကြောင်း  CNN က ဖော်ပြပါတယ်။ Covid-19  စာရင်းဇယားတွေကို  CNN က အလျဉ်းသင့်သလို ထုတ်လွှင့်နေတာမို့ မနေ့က အရှေ့ခြမ်းစံတော်ချိန် မွန်းတည့်မှာတင် အမေရိကန်မှာ လူ  ၂ သိန်းကျော်သေ ၁၁ သန်းကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရပြီလို့ ဖော်ပြပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

အစွမ်းထက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရတော့မည် အစွမ်းထက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရတော့မည် Reviewed by THITHTOOLWIN on 08:04 Rating: 5

No comments:

Powered by Blogger.