စည်ပင်ရွေးကောက်ပွဲတွေဖြစ်လာဖို့ မွန်လူထုလိုလား


စည်ပင်သာယာရေးဥပဒေ ပြဋ္ဌာန်းပြီးတာ ကြာနေပြီဖြစ်ပေမယ့် ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့ စည်းရမယ့် စည်ပင်သာယာရေးကော်မတီကို လက်ရှိအချိန်အထိ မဖွဲ့စည်းနိုင်သေးဘဲ အစိုးရဝန်ထမ်းတွေနဲ့ ဖွဲ့ထားတဲ့ စည်ပင်သာယာရေးအဖွဲ့နဲ့သာ ရပ်ကွက်၊ မြို့နယ်နဲ့ ပြည်နယ်က စည်ပင်သာယာနဲ့ သက်ဆိုင်တဲ့ကိစ္စအဝဝကို ဖြေရှင်းဆောင်ရွက်နေတာပါ။

လက်ရှိမှာ မော်လမြိုင်မြို့မှာ အမှိုက်ပြဿနာ၊ ရေပြဿနာတွေရှိနေပြီး ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ကော်မတီဝင်တွေရှိလာရင် ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်မြင်ကြောင်း မော်လမြိုင်မြို့ခံ မိမိုင်လေး က ပြောပါတယ်။

“အခုမြင်တွေ့နေရတဲ့အခက်အခဲက ကျွန်မတို့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင် ပထမဦးဆုံးမြင်တွေ့ရတာကတော့ အမှိုက်ပေါ့နော်၊ အမှိုက်နဲ့ပတ်သက်တဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ အမှိုက်သိမ်းတဲ့ စနစ်တွေ လုပ်ထားတယ်။ ဒါပေမဲ့ ကျွန်မတို့ပတ်ဝန်းကျင်က အမှိုက်သိမ်းတဲ့ကားက လာချင်တဲ့ရက်က လာတယ်။ လာရင်လည်း ခဏပဲလာတာမျိုး နောက်ပြီး ဘေးပတ်ဝန်းကျင်မှာ အမှိုက်ပုံတွေ ဖြစ်နေတာမျိုး အဲလိုမျိုး အမှိုက်သိမ်းတဲ့စနစ်တွေ တော်တော်အားနည်းတယ်။ သူတို့က အခွန်တွေသာ ကောက်တယ်။ အမှိုက်တွေက ဖြစ်သလိုပဲ သိမ်းဆည်းသွားတယ်။ နောက်တစ်ခုက ရေပေးဝေရေးစနစ်ပေါ့နော်၊ ရေအခွန်တွေ သူတို့ ကောက်တာမျိုးတွေရှိတယ်။ ရေဆိုလည်း လာချင်တဲ့ရက်ဆိုလာတယ်။ လာရင်လည်း နည်းနည်းလေးပဲ လာတာမျိုး ပြည်သူတွေ လုံလုံလောက်လောက်မရတာမျိုး အဲလိုမျိုးတွေ အခက်အခဲတွေ အများကြီး ရှိနေတာပေါ့နော်၊ ပြည်သူက ရွေးကောက်တင်မြောက်တဲ့ ကော်မတီတွေဖြစ်လာရင်တော့ ပိုပြီးတော့ ကောင်းလာမှာပေါ့၊ အားကောင်းလာမယ်လို့ ကျွန်မတို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေ ကိုယ်တိုင်က ရွေးချယ်ထားတဲ့သူတွေဖြစ်တယ်၊ ပြည်သူတွေရဲ့အခက်အခဲကို သိတဲ့သူတွေ ရွေးထားတဲ့ အတွက်ကြောင့် စည်ပင်ရဲ့ဆောင်တာတွေ လုပ်လာနိုင်မယ်။ ဒေသဖွံ့ဖြိုးဖို့ ပိုပြီးလုပ်ဆောင်လာနိုင်မယ်၊ ထင်ပါတယ်ရှင့် ”

ဥပဒေအရ မြို့နယ်အသီးသီးက ဒေသခံတွေက စည်ပင်သာယာရေးကော်မတီ မြို့နယ်ဥက္ကဋ္ဌတွေကို မဲပေး ရွေးချယ်ရတာပါ။

ပြည်နယ်အဆင့်ကိုတော့ ရွေးကောက်ပွဲထပ်မလုပ်ဘဲ မြို့နယ် ၁၀ မြို့နယ်က ရွေးကောက်တင်မြောက်ထားတဲ့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတွေကို ပြည်နယ်စည်ပင်သာယာရေးကော်မတီမှာ ထည့်သွင်းဖွဲ့စည်းတာ ဖြစ်ပါတယ်။

စည်ပင်သာယာရေးကော်မတီရဲ့ သက်တမ်းက အစိုးရအဖွဲ့သက်တမ်းနဲ့အညီဖြစ်တယ်လို့လည်း မွန်ပြည်နယ် စည်ပင်သာယာရေဥပဒေမှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်လွှတ်တော် ပထမသက်တမ်းကတည်းက စည်ပင်သာယာရေးဥပဒေကို  ၂၀၁၂ မှာအတည်ပြုခဲ့ပြီး ၂၀၁၅ မှာလည်း ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ ဒီမိုကရေစီအစိုးရလက်ထပ်အတွင်း မွန်ပြည်နယ်မှာပြုခဲ့တဲ့ ဥပဒေအားလုံးထဲက အစောဆုံးဥပဒေတစ်ခုလည်းဖြစ်တယ်။

ဥပဒေကို အတည်ပြုပြဌာန်းပြီးနောက်မှာ စည်ပင်သာယာရေးကော်မတီကို ရွေးချယ်ဖွဲ့စည်းဖို့ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးတာမရှိသေးဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

“စည်ပင်သာယာရေးကော်မတီကို ရွေးချယ်တင်မြောက်ခြင်းလုပ်မယ်ဆိုရင် နှစ်အလိုက်ကို သာမာန် အသုံးစရိတ်ထဲမှာ ထည့်ထားပြီးသားပဲ၊ စည်ပင်သာယာရေးအဖွဲ့က ဝန်ထမ်းတွေက ပြောလာတယ်။ ရွေးမယ်ဆိုတော့ရတာပေါ့နော်၊ ငွေက ရှိပြီးသားပဲ။ အဲတာတော့ ကျွန်တော်တို့က ဘာလို့မရွေးတာလဲ စောဒကအကြိမ်ကြိမ်တက်တာပေါ့နော်၊ ဒါပေမဲ့ ဘယ်လိုပဲပြောပြောပေါ့ နောက်ဆုံးတော့ မလုပ်ခဲ့ဘူး။ အဲဒီတော့ ဒီဥပဒေက ရေးသာရေးခဲ့ရတယ်။ အချိန်ယူပြီးတော့ တော်တော်လေးအားစိုက်ပြီးရေးခဲ့ပေမယ့် အကောင်အထည်ဖော်တဲ့ ဒီအစိုးရအဖွဲ့အစည်းက လက်တွေ့ကျကျအကောင်အထည်မဖော်နိုင်ခဲ့ဘူး။ မဖော်တာထက်ကို မဖော်တဲ့အနေအထားမျိုးကို တွေ့နေရတယ်”

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းတွေ အဆိုတွေနဲ့ ကော်မတီဖွဲ့စည်းဖို့ ဖိအားပေးတိုက်တွန်းတာတွေရှိခဲ့ပါတယ်။

လက်ရှိအစိုးရသက်တမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဒီတောင်းဆိုချက် အကောင်အထည် မပေါ်ခဲ့ပေမယ့် လာမယ့် အစိုးရသစ်သက်တမ်းမှာ အကောင်အထည်ဖော်နိုင်မယ်လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဒေါ်တင်အိက ဆိုပါတယ်။

“အခုကျန်ရှိတဲ့သက်တမ်းဆိုလို့ ဘာမှမကျန်တော့ဘူး။ လွှတ်တော်ကတော့ သက်တမ်းအားဖြင့် ၃၁ ရက် ဇန်နဝါရီ ၂၀၂၁ မှာ ပြီးဆုံးမှာဖြစ်တယ်။ အစိုးရသက်တမ်းကတော့ ၂၀၂၁ မတ်လမှာ ပြီးဆုံးမှာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းမေးခြင်းဖြစ် အမြဲတမ်းတိုက်တွန်းတယ်။ ဒါပေမဲ့ သူတို့တွေက မဆောင်ရွက်ရသေးတဲ့အတွက်ကြောင့်မို့လို့ အန်တီအနေနဲ့က လာမယ့် တတိယအကြိမ်သက်တမ်းမှာကျတော့ သူတို့အစိုးရအဖွဲ့နဲ့ မဖြစ်မနေ ပြည်သူ့အကျိုးငှာ ပြည်သူတွေကို ရှေ့ရှူပြီးတော့ ပြည်သူတွေကို အဓိက ထားပြီးတော့မှ ၁၀ မြို့နယ်လုံး စည်ပင်ကော်မတီကို ဖွဲ့မယ်လို့ သုံးသပ်ပါတယ်”

စည်ပင်သာယာရေးလုပ်ငန်းတွေအတွက် ရရှိထားတဲ့ဘတ်ဂျက်ဟာ ၁၀ ဘီလီယံသာရှိပြီး အဲဒီအထဲကမှ ၃၀ ရာခိုင်နှုန်းသာ အသုံးပြုခွင့်ရှိတဲ့အတွက် ဝန်ထမ်းတိုးကိစ္စ၊ အခွန်းတိုးကိစ္စ၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စ အပါအဝင်  လစာစရိတ်တွေအတွက်သုံးနေရလို့  ကော်မတီဖွဲ့စည်းပြီး ရွေးကောက်ပွဲလုပ်ဖို့ကို ဆိုင်းငံ့ထားရတာလို့ စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ပြောထားတာရှိပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စည်ပင်ကော်မတီတွေ ဖွဲ့စည်းပြီးဖြစ်ပေမယ့် မွန်ပြည်နယ်မှာ မဖွဲ့နိုင်တာဟာ ပြောစရာဖြစ်နေပြီး ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူးလို့ သံဖြူဇရပ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌဟောင်း နိုင်မင်းလတ်က ထောက်ပြပါတယ်။

“အခုဆိုရင် ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုလုံးမှာ မွန်ပြည်နယ်တစ်ခုတည်း စည်ပင်သာယာရေးကော်မတီ မရှိဘဲနဲ့ လည်ပတ်နေတဲ့ပြည်နယ်ဖြစ်နေတာပေါ့။ အဲတော့ Rule of Law, Rule by Law ဆိုတာဘာလဲ။ အစိုးကလည်း လွှတ်တော်က ပြဌာန်းထားတဲ့ဥပဒေကို ဆက်ပြီးအကောင်အထည်မဖော်တာ၊ ဘယ်လိုကြီးလဲ ပေါ့နော်၊ မေးခွန်းထုတ်စရာတွေဖြစ်လာတယ်။ ဒီမိုကရက်တစ်စံနှုန်း လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူး ဖြစ်နေတယ်”

စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းနိုင်မယ်ဆိုရင် ပြည်သူက ကိုယ်စိတ်ကြိုက်ကော်မတီဝင်တွေကို တိုက်ရိုက်ရွေးကောက်တင်မြောက်ခွင့်ရမှာဖြစ်လို့  မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလည်း ပိုအားကောင်းလာနိုင်ပြီး ကောင်းကျိုးများမယ်လို့ သူကယူဆပါတယ်။

လက်ရှိအချိန်မှာ စည်ပင်သာယာရေးကော်မတီ မဖွဲ့စည်းနိုင်တဲ့အတွက် စည်ပင်သာယာရေးအဖွဲ့နဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနကသာ စည်ပင်သာယာရေးလုပ်ငန်းနဲ့ ဘဏ္ဍာငွေတွေကို စီမံဆောင်ရွက်နေတာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mon-municipal-election-11202020022423.html

စည်ပင်ရွေးကောက်ပွဲတွေဖြစ်လာဖို့ မွန်လူထုလိုလား  စည်ပင်ရွေးကောက်ပွဲတွေဖြစ်လာဖို့ မွန်လူထုလိုလား Reviewed by THITHTOOLWIN on 00:40 Rating: 5

No comments:

Powered by Blogger.