ကျောက်မဲခရိုင် အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ပစ်သတ်ခံရ


နန်းဆိုင်နွမ်/ သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ယနေ့  နိုဝင်ဘာ ၂၁ ရက် ည ၆နာရီဝန်းကျင် တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ က လာရောက်ပစ်သတ်သွားကြောင်းစုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေ  ၆ နာရီ ၁၅ မိနစ်ခန့်တွင်က  ဦးထိုက်ဇော်သည် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု၊ ပင်တိန်ကျေးရွာရှိ နေအိမ်၌ ဘုရားရှိခိုးပြီး နေအိမ်ဈေးဆိုင်အတွင်း ကွမ်းယာနေစဉ် အမည်မသိ လူနှစ်ဦး  ဆိုင်ကယ်တစီးဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ကျောက်မဲမြို့ မရဲစခန်းမှ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။



“ ဆိုင်ကယ်တစီးနဲ့ လူနှစ်ယောက် လာတယ်။ လက်နက်ငယ်နဲ့ လာပစ်သွားတယ်။ ဦးထိုက်ဇော်ရဲ့ ညာဘက်နို့အုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရတယ်” ဟု ရဲစခန်းမှ တာဝန်ရှိသူ က ဆိုသည်။

ဦးထိုက်ဇော် သေနတ်ပစ်ခံရပြီး၊ ကျောက်မဲဆေးရုံ အရောက်တွင် သေဆုံးသွားကြောင်းသိရသည်။

လက်ရှိအချိန်ထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ တရားခံကို ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

ဦးထိုက်ဇော်သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်( NLD) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ကျောက်မဲခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိထားသည့် သူတဦးဖြစ်သည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၁၄ ရက် ည ၁၁ နာရီကျော်ကလည်း  ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစိုးထွန်း၏ နေအိမ်လည်း သေနတ်ပစ်ခတ်ခံ ခဲ့ရသေးသည်။

ကျောက်မဲမြို့နယ်အတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ အစိုးရ တပ်မတော်များ လှုပ်ရှားသည့်နေရာတခုဖြစ်ပြီး၊ ၂၀၁၅ ခုနစ်နောက်ပိုင်း စစ်ရေး ပဋိပက္ခ မကြာခဏဖြစ်ပွားသည့်နေရာဖြစ်သကဲ့သို့ အရပ်သားမကြာခဏ သေနတ်ပစ်သတ်ခံရပြီး သေဆုံးခဲ့သည့်နေရာဖြစ်ကာ တရားခံကို တကြိမ်တခါမျှ ဖမ်းဆီးရရှိခြင်းမရှိခဲ့ပေ။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ကျောက်မဲခရိုင် အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ပစ်သတ်ခံရ ကျောက်မဲခရိုင် အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.