အမေရိကန်ကိုဗစ် ကာကွယ်ဆေးသစ် ၉၅ ရာခိုင်နှုန်း နီးပါး ထိရောက်မှု ရှိတယ်လို့ ဖော်ပြ

 အမေရိကန်ကိုဗစ် ကာကွယ်ဆေးသစ် ၉၅ ရာခိုင်နှုန်း နီးပါး ထိရောက်မှု ရှိတယ်လို့ ဖော်ပြ

အမေရိကန် ဆေးကုမ္မဏီ မိုဒါးနား ရဲ့ အစောပိုင်းအချက်အလက်တွေအရ ကိုဗစ် ၁၉ ကိုတိုက်ဖျက်ပေး နိုင်တဲ့ ကာကွယ်ဆေးသစ် ဟာ ၉၅ ရာခိုင်နှုန်း နီးပါး ထိရောက်မှု ရှိတယ်လို့ ဖော်ပြနေပါတယ်။

ဖိုင်ဇာ ဆေးကုမ္ပဏီရဲ့ ရလဒ်တွေနဲ့ အတူတူ ဖြစ်တဲ့ ဒီကာကွယ်ဆေးကြောင့် ကပ်ရောဂါကြီးကို တိုက်ဖျက်နိုင်တော့မယ်ဆိုတဲ့ ယုံကြည်မှုတွေကြောင့် လူတွေ ဝမ်းပန်းတသာ ဖြစ်နေကြပါတယ်။

ဖိုင်ဇာရော မိုဒါးနား ပါ ထူးခြားတဲ့ တီထွင်မှုတွေနဲ့ ကာကွယ်ဆေးရဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ကာကွယ်ဆေး အသုံးပြုရေး အတည်ပြုချက် ရယူဖို့ လုပ်ဆောင်သွားမယ်လို့လည်း မိုဒါးနား ဘက်က ပြောပါတယ်။

သို့သော် အစောပိုင်း ထုတ်ပြန်ချက်တွေအရ အရေးကြီးမေးခွန်း တချို့ရဲ့ အဖြေကတော့ မရသေးပါဘူး။

ဘယ်လောက်ကောင်းလဲ

ကာကွယ်ဆေး စမ်းသပ်မှုမှာ အမေရိကန် က လူ ၃သောင်း ပါဝင်ခဲ့ကြပြီး၊ အဲဒီလူတွေကို ၄ ပတ်ခြားကာ ဆေးနှစ်ကြိမ် စမ်းသပ် ထိုးပေးခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ရောဂါ လက္ခဏာတွေ ဖြစ်အောင်ဖန်တီးခဲ့တဲ့ လူ ၉၅ယောက်ပေါ်မှာ အခြေခံပြီး ရလဒ်တွေကို စမ်းစစ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီထဲက ကိုဗစ်ဖြစ်ပွားမှု ၅ခုကိုပဲ ကာကွယ်ဆေးပေးခဲ့တာဖြစ်ပြီး ကျန် ၉၀ ကိုတော့ ကုသမှုပဲ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေ အရ ဆေးဟာ ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေး နိုင်တယ်လို့ ကုမ္ပဏီ ဘက်ကပြောပါတယ်။ စမ်းသပ်မှု အတွင်းမှာ ၁၁ဦးဟာ ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး ခံနိုင်အားကောင်းတဲ့လူတွေ ဆီမှာ ဘာမှ မဖြစ်ဘူးလို့ ဖော်ပြထားပါတယ်။

အလုံးစုံ ထိရောက်မှုက အံ့မခန်း ဖြစ်တာကြောင့် ထူးခြားတဲ့ နေ့တစ်နေ့ပဲလို့ မိုဒါးနားရဲ့ ဆေးစမ်းသပ်မှု ထိပ်တန်း အရာရှိ ဖြစ်သူ တဲလ် ဇက်က ဘီဘီစီကို ပြောပါတယ်။

ဒီရလဒ်ကြောင့် ပျော်ရွှင်မိတယ်လို့လည်း ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ စတီဖင် ဟော့ချ်က ဆိုပါတယ်။

ကာကွယ်ဆေးဟာ ၉၄ ရာခိုင်နှုန်းအထိ ထိရောက်မှု ရှိမယ်လို့ ဘယ်သူကမှ မထင်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ဘယ်အချိန်မှာကာကွယ်ဆေး ရနိုင်မလဲ

ဘယ်နေရာ၊ ဘယ်နိုင်ငံမှာနေသလဲ ဆိုတာနဲ့ အသက်အရွယ် အတိုင်းအတာအပေါ်မှာ မူတည်ပါတယ်။

ဆေးထုတ်ဖို့ လာမယ့်ရက်တွေမှာ အတည်ပြုချက် ရယူသွားမယ်လို့ မိုဒါးနားဘက်က ပြောပါတယ်။ အမေရိကန်မှာ ကာကွယ်ဆေး သန်း ၂၀လောက် ရဖိုကိုလည်း မျှော်လင့်နေပါတယ်။

ကမ္ဘာအရပ်ရပ် မှာ ကာကွယ်ဆေး ၁ ဘီလီယံလောက် ရောက်သွားဖို့ ကုမ္ပဏီက ရည်မှန်း ထားပြီး တခြားနိုင်ငံတွေမှာလည်း အတည်ပြုချက်ရယူဖို့ စီမံလုပ်ဆောင်နေပါတယ်။

ဗြိတိန် အစိုးရကတော့ ကာကွယ်ဆေး မှာယူထားတဲ့ ဆေး ကုမ္ပဏီ ၆ခုထဲမှာ မိုဒါးနားမပါတဲ့အတွက် ထပ်မံ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

လာမယ့်နှစ် နွေဦးရာသီမတိုင်ခင် အထိ မိုးဒါးနားရဲ့ဆေးကို ရနိုင်ဦးမှာ မဟုတ်ဘူးလို့ ဗြိတိန် အစိုးရက ပြောပါတယ်။

ဗြိတိန်မှာတော့ သက်ကြီးရွယ်အိုတွေကို အရင်ဆုံး ကာကွယ်ဆေးပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဘာတွေမသိရသေးဘူးလဲ

ကာကွယ်မှု ဘယ်လောက်ကြာရှည်ခံမလဲဆိုတာ မသိရသေးပါဘူး။ ဒီမေးခွန်းကို ဖြေဖို့ ဆေးစမ်းသပ်မှုမှာ ပါဝင်တဲ့ လူတွေကို အချိန်အတော်ကြာ စောင့်ကြည့်ရဦးမှာပါ။

ကိုဗစ်ကြောင့် အသက်ဆုံးနိုင်ခြေများတဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ပေးနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက် အရိပ်အယောင်တွေ ရှိပေမဲ့ အချက်အလက်အပြည့်အစုံ မရရှိသေးပါဘူး။

အသက်အရွယ်ကြောင့် ဆေးအာနိသင် မထိရောက်တာမျိုးတော့ မရှိသေးဘူးလို့ မစ္စတာ ဇက် ဘီဘီစီကိုပြောပါတယ်။

ဒီဆေးဟာ ကိုဗစ်ဝေဒနာ ပြင်းထန်လာမှုတွေကို ရပ်တန့်သွားစေတာလား ဒါမှမဟုတ် ကူးစက်မှုကို ရပ်တန်စေနိုင်တာလား ဆိုတာလည်း မသိရသေးပါဘူး။ ကာကွယ်ဆေး ဘယ်လိုအသုံးပြုသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ဒီအချက်တွေကို လေ့လာဆန်းစစ်ရမှာဖြစ်ပါတယ်။

အန္တရာယ်ကင်းရဲ့လား

ဘေးဥပဒ် ဖြစ်စေတဲ့ ရလဒ်ကို ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ပါရာစီတမော လို အကိုက်အခဲပျောက်ဆေးတောင် ၁၀၀ရာခိုင်နှုန်း အန္တရာယ် ကင်းတာမျိုး မဟုတ်ပါဘူး။

ဆေးစမ်းသပ်မှုမှာပါဝင်တဲ့ တချို့လူနာတွေမှာ မောပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ ခန္ဓာကိုယ်နာကျင်တာ စတဲ့ ဝေဒနာတွေခံစားရမှုတော့ရှိပါတယ်။

ဒါကလည်း ကာကွယ်ဆေးရဲ့ အကျိုးအာနိသင်နဲ့ တုံ့ပြန်မှုတွေ ဖြစ်တယ်လို့ လန်ဒန် အင်ပရီးရဲလ် ကောလိပ်က ပါမောက္ခ ပီတာ အိုပင်းရှော က ဆိုပါတယ်။

မိုဒါးနားကဆေးသိပ္ပံပညာရှင် တွေက ထူးခြားတဲ့ တီထွင်မှုတွေနဲ့ ကာကွယ်ဆေးရဖို့ လုပ်ဆောင်ခဲ့ကြ

ဖိုင်ဇာ ကာကွယ်ဆေးနဲ့ ဘယ်လိုနှိုင်းယှဥ်မလဲ

ကာကွယ်ဆေး ၂မျိုးစလုံးဟာ ကိုယ်ခံအားက တုံ့ပြန်ဖို့ အတွက် ဗိုင်းရပ်စ် ရဲ့ မျိုးဗီဇ ကုဒ် တစ်မျိုးကို ခန္ဓာကိုယ်တွင်း ထိုးသွင်းပေးကြတာ ဖြစ်ပါတယ်။

ကနဦးရလဒ်တွေ အရ ဖိုင်ဇာ နဲ့ ဘီယွန်တက်ခ် ရဲ့ ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး၊ မိုဒါးနားရဲ့ ဆေးကတော့ ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ဆေးစမ်းသပ်မှုတွေ ဆက်လုပ်နေဆဲ ဖြစ်တာကြောင့် ကာကွယ်နိုင်မှု ရလဒ် ကိန်းဂဏန်းတွေ အပြောင်းအလဲ ရှိနိုင်ပါတယ်။ မိုဒါးနားရဲ့ ကာကွယ်ဆေးကတော့ သိုလှောင်ဖို့ ပိုလွယ်ကူ နိုင်မယ့်ပုံမှာ ရှိပြီး အနုတ် ၂၀ ဒီဂရီအောက်မှာ ၆လ အထိ ပုံမှန်အနေအထားအတိုင်းပဲရှိနေနိုင်ပါတယ်။ ဒါကြောင့် သာမာန် ရေခဲသေတ္တာထဲမှာ သိုလှောင် နိုင်ပါတယ်။ ဖိုင်ဇာရဲ့ ဆေးကတော့ အနုတ် ၇၅ ဒီဂရီအောက်မှာ ၅ ရက်အထိပဲ သိုလှောင် ထား နိုင်မှာ ဖြစ်ပါတယ်။

စပတ်နစ် ဗီ လို့ ခေါ်တဲ့ ရုရှားက စမ်းသပ်နေတဲ့ ကာကွယ်ဆေး ဟာလည်း ကနဦးရလဒ်တွေမှာ ၉၂ ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြနေပါတယ်။

ဘယ်လို အလုပ်လုပ်သလဲ။

မိုဒါးနား ကုမ္ပဏီဟာ RNA ကာကွယ်ဆေးကို ဖန်တီးနေတာဖြစ်ပါတယ်။ သူက ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇ ကုဒ် တစ်မျိုးကို လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းပေးတာ ဖြစ်ပါတယ်။ အဲဒီ မျိုးဗီဇက အရေးကြီးတဲ့ ပရိုတိန်း တစ်မျိုးကို ကြီးထွားလာစေတာပါ။ ဒါပေမဲ့ ဗိုင်းရပ်စ်တစ်ခုလုံးတော့ မဟုတ်ပါဘူး။ အဲဒီမျိုးဗီဇက ဗိုင်းရပ်စ် တိုက်ဖျက်ဖို့ အတွက် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို နိုးဆွ ပေးတာ ဖြစ်ပါတယ်။ အဲဒီကနေမှတစ်ဆင့် ခုခံစွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ တီဆဲလ် တွေက ဗိုင်းရပ်စ် ကို တိုက်ဖျက်ဖို့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54963763

အမေရိကန်ကိုဗစ် ကာကွယ်ဆေးသစ် ၉၅ ရာခိုင်နှုန်း နီးပါး ထိရောက်မှု ရှိတယ်လို့ ဖော်ပြ  အမေရိကန်ကိုဗစ် ကာကွယ်ဆေးသစ် ၉၅ ရာခိုင်နှုန်း နီးပါး ထိရောက်မှု ရှိတယ်လို့ ဖော်ပြ Reviewed by THITHTOOLWIN on 08:15 Rating: 5

No comments:

Powered by Blogger.