ဘာသာရေး၊လူမျိုးရေး၊အကြောင်းပြ မဲဆွယ်မှုနဲ့ မင်းကင်း ဦးမောင်မြင့် အမှုဖွင့်ခံရ

ဦးမောင်မြင့် မင်းကင်းစျေးမှာ နှာခေါင်းစည်းဝေနေစဥ်

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက မင်းကင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ဟာ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးဟောပြောမှုတွေနဲ့ ပတ်သက်ပြီး မင်းကင်းမြို့နယ်မှာ အမှုဖွင့်ခံထားရထားတယ်လို့ သိရပါတယ်၊

မင်းကင်းမြို့နယ်ထဲက ဥယျဉ်မရွာနဲ့ ကျွန်းတော်အရှေ့ရွာတို့မှာ ဟောပြောစဥ် လူမျိုးရေး၊ဘာသာရေးနဲ့ ပတ်သက်လို့ ထိခိုက်စေတဲ့ စကားလုံးတွေနဲ့ ဟောပြောခဲ့တာကို ရွာဘက်က တိုင်ကြားခဲ့တာကြောင့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥပဒေအထောက်အကူပြုကော်မတီ အဖွဲ့ဝင် ဦးကျော်မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ အကြိုမဲဆွယ်ကာလ၊ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲအပြီး တိုင်တန်းမှုတွေမှာ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ဟာ စစ်ကိုင်းတိုင်းထဲ မှာထိပ်ဆုံးက ရပ်တည်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်၊

၂၀၂၀ ရွေးကောက်ပွဲ မင်းကင်းမြို့နယ်က ပြည်သူ့လွှတ်တော်နေရာ အတွက် အကြိတ်အနယ်ပြိုင်ခဲ့ကြ

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ မင်းကင်းမြို့နယ်ဟာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်နဲ့ လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ပြိုင်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း တို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် နေရာအတွက် အကြိတ်အနယ် ပြိုင်ခဲ့ကြတဲ့ နေရာလည်း ဖြစ်ပါတယ်၊

မဲဆွယ်ကာလမှာ ဦးမောင်မြင့်ဟာ လူမျိုးရေး၊ ဘာသာရေးကို ထိပါးပြီး မင်းကင်းမြို့နယ် ဥယျာဉ်မရွာနဲ့ ကျွန်းတော် အရှေ့ရွာတို့မှာ ဟောပြောခဲ့တယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥပဒေအထောက်အကူပြုကော်မတီက နိုဝင်ဘာ ၂၀ ရက်နေ့မှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

"ဗီဒီယိုဖိုင် သက်သေတွေနဲ့ ဦးမောင်မြင့် ပြောခဲ့တာတွေကို သက်သေအနေနဲ့ တင်ထားပါတယ်"လို့ မင်းကင်းမြို့နယ် (NLD) ဥပဒေအထောက်အကူပြုကော်မတီအဖွဲ့ဝင် ဦးကျော်မင်းအောင်က ပြောပါတယ်။

ဗီဒီယိုဖိုင်တွေထဲမှာတော့ ဦးမောင်မြင့်က အောက်တိုဘာ ၂ ရက်နေ့ နဲ့ ၈ ရက်နေ့ မဲဆွယ်ဟောပြောစဥ်မှာ ရွေးကောက်ပွဲမှာ ပြိုင်ဘက် (NLD)ပါတီက မွတ်ဆလင် ကိုယ်စားလှယ်လောင်းတွေ ပါဝင်လာမှုနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မဲဆွယ်ဟောပြောပွဲမှာ ဗီဒီယို မှတ်တမ်းတင်သူတွေကိုလည်း ရိုက်ခွင့်မရှိဘဲ ရိုက်တာကြောင့် တရားစွဲမည်လို့ သူကပြောခဲ့ကြောင်း NLD ပါတီဘက်က သိရပါတယ်။

တရားစွဲခံရသူ ဦးမောင်မြင့်ဘက်ကိုတော့ ဘီဘီစီက ဆက်သွယ်လို့ မရခဲ့ပါဘူး။

မင်းကင်းဦးမောင်မြင့်

ဦးမောင်မြင့်ကို မင်းကင်းမြို့ပေါ်မှာ ရွေးကောက်ပွဲမတိုင်မီ တွေ့ရစဥ်

မင်းကင်းမြို့နယ် ဥယျာဉ်မရွာနဲ့ ကျွန်းတော်အရှေ့ရွာတို့မှာ ဦးမောင်မြင့်ရဲ့ ဟောပြောချက်တွေ နဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ)နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) ဆိုတာက လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းတို့ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မင်းကင်းမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးကို NLDပါတီက အနိုင်ရရှိထားပါတယ်။

မင်းကင်းမြို့နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်နှစ်ဦး ပြည်သူ့လွှတ်တော်နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာ တစ်နေရာ အနိုင်ရခဲ့ပြီးနောက် အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီနှစ်ခုကြား ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ ပါတယ်။

မင်းကင်းမြို့နယ်မှာ ရွေးကောက်ပွဲကြို ကာလအတွင်း ဘာသာရေးလှုံ့ဆော်တဲ့အခွေတွေကို ဆောင်းဘောက်တွေနဲ့ ဖွင့်လို့ ပုဒ်မ ၅၀၅ (ခ )နဲ့ တရားစွဲထားတဲ့ အမှုပေါင်း ၁၂ မှု ရှိတယ်လို့ (NLD) ဥပဒေအထောက်အကူပြုကော်မတီကနေ တစ်ဆင့် သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55034868

ဘာသာရေး၊လူမျိုးရေး၊အကြောင်းပြ မဲဆွယ်မှုနဲ့ မင်းကင်း ဦးမောင်မြင့် အမှုဖွင့်ခံရ  ဘာသာရေး၊လူမျိုးရေး၊အကြောင်းပြ မဲဆွယ်မှုနဲ့ မင်းကင်း ဦးမောင်မြင့် အမှုဖွင့်ခံရ Reviewed by THITHTOOLWIN on 02:42 Rating: 5

No comments:

Powered by Blogger.