ဧရာဝတီတိုင်းနဲ့ မန္တလေးမှာ ပိုးတွေ့လူနာ သိသိသာသာတိုးလာ


ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ လူစုလူဝေးတွေ ဖြစ်ခဲ့တာကြောင့် မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုတွေတိုးလာတာကြောင့် သတိထားဖို့လိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၁၆ ရက်နေ့က ပြည်သူတွေကို မိန့်ခွန်းပြောကြားရာမှာ သတိပေးခဲ့တာပါ။

ကိုဗစ် ၁၉ ရောဂါ ပြန့်ပွားမှုမရှိစေဖို့ နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ပြည်သူတွေ နေအိမ်မှာနေထိုင်ရေး ပန်ကြားချက်ကို အစိုးရက ထုတ်ပြန်သွားမယ်လို့ ဒီကနေ့ထုတ်တဲ့ မြန်မာအလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်းမှာ အရင်က တစ်နေ့ကို ပိုးကူးခံရသူ ၅၀ ဝန်းကျင်သာ တွေ့နေရာကနေ ဒီနေ့ ( နိုဝင်ဘာ ၁၈ ရက်နေ့မှာ) ပိုးတွေ့လူနာ ၁၀၀ အထိတိုးလာခဲ့ပါတယ်။

အခုလို ပိုးတွေ့လူနာတွေ သိသိသာသာ တိုးလာတာက ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်စည်းရုံးတာတွေအပြင် ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဆောင်ရွက်ချက်တွေကြောင့်လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပိုးတွေ့လူနာတွေ နောက်တပတ်အတွင်း ထပ်တိုးလာမယ့် အခြေအနေ ရှိတယ်လို့လည်း ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

"လောလောဆယ်တော့ ဆရာတို့ တိုင်းအနေနဲ့ တစ်တိုင်းလုံးကို တစ်ရာဆိုတော့ နောက်ရက်တွေလည်း ဆက်တက်နိုင်တဲ့ အလားအလာရှိတယ်ပေါ့၊ ဘယ်လောက်တက်မယ်ဆိုတာတော့ ဆရာတို့ မှန်းလို့ မရသေးဘူး။ အရင်ရှိနေတဲ့ နှုန်းထက်တော့ လာမယ့် တစ်ပတ်က အန္တရာယ်ရှိမယ်လို့ မှန်းထားပါတယ်။"

ပိုးတွေ့လူနာတွေ တိုးလာတဲ့အတွက် အရန်ဆေးရုံတွေ ပြင်ထားတယ်လို့လည်း ဒေါက်တာသန်းမင်းထွဋ် ကပြောပါတယ်။

အခုလို ပိုးတွေ့လူနာတွေ တိုးလာနိုင်တာကို သတိထားဖို့ နိုင်ငံတော်အတိုင်ပင်ခံက ညွှန်ကြားတာဖြစ်တယ်လို့ ဒေါက်တာသန်းမင်းထွဋ် က ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ဒီနေ့ (နိုဝင်ဘာ ၁၈ ရက်နေ့အထိ) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာ (၂၀၃၀) ဦး ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီထဲက ရောဂါပျောက်ကင်းသွားသူက ၇၃  ဦးနဲ့ သေဆုံးသူ လေးဦးရှိပါတယ်။

မန္တလေးတိုင်းမှာဆိုရင်လည်း ရွေးကောက်ပွဲပြီး နောက်ရက်တွေကစလို့ ပိုးတွေ့လူနာတွေ ပိုမိုတွေ့ရှိနေရပြီး အရင်က တစ်ရက်ကို ပိုးတွေ့သူ ၅၀ ဝန်းကျင်သာ ရှိပေမယ့် အခုရက်ပိုင်း ပိုးတွေ့သူ ၁၀၀ လောက်အထိ ရှိလာပါတယ်။

မနေ့ကအထိ မန္တလေးတိုင်းအတွင်းမှာ ပိုးတွေ့လူနာ ၃၅၃၀ အထိရှိနေပြီး သေဆုံးသူဟာ ၁၉  ဦးရှိပြီဖြစ်ပါတယ်။ ရောဂါသက်သာပျောက်ကင်းသူက ၂၄၃၈ ဦးရှိပါတယ်။

ကိုဗစ်ကာကွယ်ရေးလုပ်ငန်းမှာ အဓိက ကူညီပါဝင်ဆောင်ရွက်နေကြတာက လူမှုကူညီရေးအသင်းအဖွဲ့တွေပါ။ အဲဒီအသင်းတွေဟာ ပိုးတွေ့လူနာတွေကို တိုက်ရိုက်ထိတွေ့ကြရသလို၊ ဆက်စပ်သူတွေကို ခေါ်ပြီး စင်တာတွေကို  သယ်ယူပို့ဆောင်ပေးကြရတာပါ။

အခုဆိုရင် အဲဒီအသင်းအဖွဲ့တွေဟာလည်း ငွေကြေးလိုအပ်ချက်တွေ ရှိလာနေသလို ကာကွယ်ရေးဝတ်စုံတွေ၊ စက်သုံးဆီ လိုအပ်တာတွေဖြစ်လာပြီလို့ ပရဟိတမင်းခေါင်း လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင်က ပြောပါတယ်။

" ဒီရက်မှာ  ကံကောင်းတော့ တာယာအလှူရှင်လေးတွေပေါ်လို့၊ နေ့စဉ်မနက် ၆ ရက်နာရီကနေ ည  ၃ နာရီလောက်ထိဆိုတော့ အရမ်းပမ်းနေကြပြီ။ ကလေးတွေကို  အားဆေးတိုက်ပြီး မောင်းနေရတယ်။ ၈ ရက်နေ့ နောက်ပိုင်းမှာ ပိုဆိုးလာတာ။ အနံ့ပျောက်တွေက ဆေးရုံရောက်၊ ဆေးရုံကနေထွက်၊ အဲဒီကနေ ပြန်လိုက်၊ ထပ်တွေ့ နဲ့ သံသရာလည်နေတာ"

မန္တလေးမှာဆိုရင် ပရဟိတမင်းခေါင်းအသင်းနဲ့ အခြားအသင်း ၁၈ သင်းပူးပေါင်းပြီး ကား အစီး ၅၀ နဲ့ နေ့စဉ် ကူညီဆောင်ရွက်ပေးနေပြီး PPE ဝတ်စုံတွေ တစ်နေ့ကို ရာဂဏန်း ကုန်နေတယ်လို့ ပြောပါတယ်။

နေအိမ်နေထိုင်ရေး သတ်မှတ်ထားကြပေမယ့် လိုက်နာမှုအားနည်းတယ်လို့ မန္တလေးမြို့ဒေသခံ ကိုနေဇော်လတ်က ပြောပါတယ်။

"ညနေပိုင်းတော့ စက်ဘီးထွက်ဖြစ်တယ်။ တစ်နေကုန်ကတော့ အိမ်မှာပဲနေတာ။ အပြင်ထွက်တဲ့သူတွေ များများလာပြီ၊ StayHome မြို့တွေဖြစ်တဲ့ မဟာအောင်မြေနဲ့ ချမ်းအေးသာစံမှာတောင် အလုပ်လုပ်တဲ့ သူတွေနဲ့ အပြင်ထွက်သူများလာပြီ၊ အိမ်ထဲမနေကြတော့ဘူး။ စာတွေသာထုတ်နေတာ ပြည်သူတွေကလည်း ယဉ်ပါးနေကြပြီ။ ရောဂါကူးစက်မှုတွေပိုများလာပြီထင်တယ်။"

ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ကာလမှာ ပြုလုပ်ခဲ့တာကြောင့် ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ မဲရုံတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီဝင်တွေနဲ့ ကော်မရှင်ရုံးက ဝန်ထမ်းတွေလည်း ကူးစက်ခံခဲ့ရပါတယ်။

ပိုးကူးခံရသူတွေ တိုးလာမယ်ဆိုတာ မှန်းထားပေမဲ့ အရမ်းကြီးတက်မလာဖို့ ဝိုင်းပြီးထိန်းချုပ်ရမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

"အပြင်ထွက်ရင် မတ်စ်တပ်ဖို့၊ ခပ်ခွာခွာနေဖို့ သတိပေးနေတာပါပဲ၊ လုပ်ငန်းအရ စုတာတွေရှိတယ်။ ကိုယ်ယုံကြည်ရာ နိုင်ငံရေးအရ၊ လူမှုရေးအရ စုကြတာတွေရှိတယ်။ ပိုစတာတွေလည်း သန်းပေါင်းများစွာ ထုတ်ပြီး သတိပေးတာတွေလည်း လုပ်ပါတယ်။တက်လာမယ်လို့ မှန်းထားပါတယ်။  တကယ်လည်း တက်လာပါတယ်။"

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ အခုလ ၁၇ ရက်နေ့ ညအထိ ဆိုရင် ၇၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူဟာ ၁၆၀၀ ကျော် ထိရှိလာပါပြီ။


RFA Burmese

https://www.rfa.org/burmese/news/covid-patients-increased-mandalay-ayeyarwady-11182020050546.html

ဧရာဝတီတိုင်းနဲ့ မန္တလေးမှာ ပိုးတွေ့လူနာ သိသိသာသာတိုးလာ ဧရာဝတီတိုင်းနဲ့ မန္တလေးမှာ ပိုးတွေ့လူနာ သိသိသာသာတိုးလာ Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.