အမေရိကန် သမ္မတရွေးကောက်ပွဲပြီးလို့ တစ်ညတာဖြတ်သန်းပြီးရင် မနက်ခင်းမှာ ဘယ်သူ သမ္မတလဲ ဆိုတာ အဖြေထွက်တတ်ပေမဲ့ ဒီတစ်ခေါက်က ရွေးကောက်ပွဲ သီတင်းပတ်ဖြစ်မဲ့ပုံ ရှိပါတယ်။
နိုင်ငံတစ်ဝန်းမှာ ကောက်ခဲ့ကြတဲ့ လူထုစစ်တမ်းတွေမှာ ဂျိုး ဘိုင်ဒန်က ထိပ်ကပြေးခဲ့တာမို့ သူ သက်သက်သာသာနိုင်သွားမယ်၊ ထရမ့်နိုင်မယ်ဆိုရင်လည်း ပွတ်ကာသီကာနဲ့ နိုင်မှာ စသဖြင့် တွက်ဆချက်တွေ ရှိခဲ့ပါတယ်။
အခု မဲပေးကြပြီး အမေရိကန်မှာ မနက်အစောပိုင်းရောက်လာချိန်အထိ မဲတွေ ရေတွက်ပြီးသလောက် ဘယ်သူနိုင်မလဲဆိုတာကို မပြောနိုင်ကြသေးပါဘူး။
ရွေးကောက်ပွဲမစတင်ခင် တွက်ဆချက်တွေထဲက တစ်ခု ဖြစ်တဲ့ ဂျိုး ဘိုင်ဒန် အေးအေးဆေးဆေး နိုင်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်ကတော့ မမှန်တော့ပါဘူး။ သူနိုင်မယ် ဆိုရင်တောင် အောင်ပွဲက ပွတ်ကာသီကာနဲ့ ရမှာပါ။
ဒေါ်နယ်ထရမ့်ကတော့ သူအောင်ပွဲရပြီလို့ ကြေညာထားပြီး သူ့ပြိုင်ဖက်တွေက ရွေးကောက်ပွဲ လိမ်လည်တာတွေ လုပ်နေတယ်လို့ စွပ်စွဲနေပါတယ်။
ဒါပေမဲ့ တရားဝင် ပေးထားတဲ့ ကြိုတင်မဲတွေက သန်းပေါင်းများစွာရှိပြီး ဒါတွေကို ရေတွက်ရဦးမှာပါ။
အခု အကြိတ်အနယ်ပြိုင်ပွဲက ဘယ်ကိုရောက်လာသလဲဆိုတော့ အရီဇိုးနား၊ ဂျော်ဂျီယာ၊ ဝစ်စ်ကွန်ဆင်၊ မီချီဂန်၊ ပင်ဆယ်ဗေးနီးယား စတဲ့ ပြည်နယ်တွေဆီရောက်လာပါပြီ။
အကြိတ်အနယ် နွှဲရတဲ့ပြည်နယ်တွေမှာ ဘယ်သူနိုင်မလဲ
အရီဇိုးနား(electoral college vote သမ္မတရွေးချယ်ရေးအဖွဲ့ ဝင်မဲ ၁၁)မှာ ကြည့်ရတဲ့ပုံက ဘိုင်ဒန်ဘက်ကအရေးသာနေပုံရပြီး ကော်လာပြာ အလုပ်သမားလူတန်းစားတွေ အနေများတဲ့ ဝစ်စ်ကွန်ဆင်(သမ္မတရွေးချယ်ရေးအဖွဲ့ ဝင်မဲ ၁၀)၊ မီချီဂန်(သမ္မတရွေးချယ်ရေးအဖွဲ့ ဝင်မဲ ၁၆)၊ ပင်ဆယ်ဗေးနီးယား ပြည်နယ်(သမ္မတရွေးချယ်ရေးအဖွဲ့ ဝင်မဲ ၂၀) ၃ ခုထဲက ၂ ခုမှာ အနိုင်ရမယ်ဆိုရင် သူအောင်ပွဲခံဖို့ သေချာသွားပါပြီ။
ဒီ ပြည်နယ် သုံး ခုစလုံးမှာ ၂၀၁၆ တုန်းက ဒေါ်နယ်ထရမ့်က အနိုင်ရခဲ့တာပါ။
ဒီ သုံး ပြည်နယ်စလုံးမှာ ဘိုင်ဒန်က နောက်ကလိုက်နေတာ ဖြစ်ပြီး မရေရသေးတဲ့မဲတွေမှာ ဒီမိုကရက်တစ်ကို ဦးစားပေးတာ များရင် သူ အခြေအနေကောင်းတဲ့ဘက်ကို ပြန်ရောက်လာမှာပါ။
ပင်ဆယ်ဗေးနီးယားဆိုရင် စာတိုက်ကတစ်ဆင့် ကြိုတင်မဲပေးထားတဲ့ မဲက ၁ သန်း ၄ သိန်း ကျော် ရှိပါတယ်။ ဒါတွေကို ပြီးအောင်ရေတွက်ဖို့ ရက်တွေချီကြာနိုင်ပါတယ်။ မီချီဂန်က ဒက်ထရွိုက်မြို့၊ ဝစ်စ်ကွန်ဆင်က မဲလ်ဝေါခ်ကီမြို့တွေဟာ မြို့ကြီးတွေဖြစ်ပြီး ဒီမြို့တွေက မဲတွေက ဒီမိုကရက်တစ် ဘက်ကို ယိမ်းနိုင်ပါတယ်။ အခုအချိန်ထိတော့ အဲဒီက မဲသတင်းအပြည့်အစုံကို မကြားရသေးပါဘူး။
ဂျော်ဂျီယာမှာ မဲရေတဲ့ အစပိုင်းမှာ ထရမ့်က အသာစီးဖြစ်ခဲ့ပေမဲ့ နောက်ဆုံးပိုင်းမှာ အကြိတ်အနယ် ဖြစ်နေပါတယ်။
ဂျော်ဂျီယာမှာသာ ဒီမိုကရက်နိုင်ရင် သမ္မတဖြစ်ဖို့ သေချာတဲ့ သမ္မတရွေးချယ်ရေး အဖွဲ့ ဝင်မဲ ၂၇၀ ပြည့်ဖို့အတွက် အပေါ်က ၃ ပြည်နယ်ထဲမှာ တစ်ပြည်နယ်သာ သူနိုင်ဖို့ ထပ်လိုပါမယ်။
လောလောဆယ်အချိန်မှာ ပြည်နယ် စုစုပေါင်း ၅၀ ထဲက ၄၁ ပြည်နယ်က မဲတွေ ရေတွက်ပြီးစီးထားပြီးမစ္စတာ ဘိုင်ဒန်က သမ္မတရွေးချယ်ရေးအဖွဲ့မဲ ၂၂၄ မဲ၊ မစ္စတာ ထရမ့်က ၂၁၃ မဲရနေပါတယ်။
BBC Burmese

No comments:
Post a Comment