တနင်္ဂနွေနေ့တုန်းက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ ကူညီဆောင်ရွက် ပေးခဲ့ကြတဲ့ ကျောင်းဆရာ၊ ဆရာမတွေ ကိုဗစ်ကပ်ရောဂါ ကူးစက်မှာ စိုးရိမ်ရတာကြောင့် စစ်ဆေးဖို့ တိုက်တွန်းနေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မ အိမ့်သန္တာထွန်းပါ က သတင်းပေးပို့ထားပါတယ်။
ရွေးကောက်ပွဲအတွက် မဲရုံတွေမှာ တာဝန်ယူခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေ လူအများနဲ့ ထိတွေ့ဆက်ဆံခဲ့ရတာကြောင့် ကပ်ရောဂါ ကူးစက်မှု ရှိမရှိစစ်ဆေးပေးဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
မဲရုံတာဝန် အဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ အခြားတာဝန်ရှိသူတွေ အားလုံးကို ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှုရှိစေဖို့ အာခေါင်တို့ဖတ်နမူနာယူစစ်ဆေးတဲ့ အစီအစဉ်တွေလုပ်ပေးဖို့ ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့တာပါ။
ရောဂါကူးစက်မှု အန္တရာယ် ရှိတဲ့အတွက် မဲရုံမှာတာဝန်ယူခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတွေကို စစ်ဆေးဖို့ တိုက်တွန်းခဲ့ရတာလို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောပါတယ်။
“ကာလကလည်း ဒါ ခါတိုင်းကနဲ့ မတူတဲ့ ကိုဗစ်ကာလ ဖြစ်တယ်။ ကိုဗစ်ကာလ ဖြစ်နေတော့ ကျွန်တော်တို့ ဝန်ကြီးဌာနကနေ တစ်ဆင့်၊ ပညာရေးဝန်ကြီးဌာနပေါ့၊ လုပ်ပေးဖို့တော့ ကျွန်တော်တို့ အကြောင်းကြားထားတာတော့ ရှိပါတယ်။ ဒါပေမယ့် အခြေအနေကတော့ ကျွန်တော်တို့ တောင်းဆို တာကလည်း နောက်ကျတယ်။ ဖြစ်သင့်တာကတော့ အစကတည်းက ကော်မရှင် အဆင့်ဆင့် ကလည်း ကြိုပြီးတော့ ဒါကို စီစဉ်ပေးသင့်တယ်ပေါ့နှော်။ အဲ့တော့ အဲဒီအခြေအနေကြောင့်၊ အားလုံးကတော့ ဆရာ ဆရာမ အများစုက အိမ်ပြန်ရောက်ကုန်ကြပြီ။ ခုချိန်မှာ စစ်မယ်ဆိုရင်လည်း စစ်လို့ရပါ သေး တယ်။ သို့သော်လည်း ထိတွေ့မှုကတော့ အိမ်က မိသားစုတွေနဲ့ ထိတွေ့မှုကတော့ ဖြစ်သွားပြီပေါ့နှော်၊ အနေအထားကတော့။ ကျွန်တော်တို့ကလည်း တိုက်ရိုက် ကျန်းမာရေးဌာနကိုတောင်းဆိုတာထက် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ဆက်သွယ်ရေး လမ်းကြောင်းကနေ တစ်ဆင့်ပဲ တောင်းဆိုရတာ ဆိုတော့ ဘာမှတော့ ပြန်ကြားစာလည်း မရပါဘူး။”
ရွေးကောက်ပွဲကာလ တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်သွားခဲ့တဲ့ ပညာရေးဝန်ထမ်းတစ်ဦးကို သေဆုံးပြီးနောက် စစ်ဆေးရာမှာ ကိုဗစ်ရောဂါ ကူးစက်နေကြောင်း အတည်ပြုခဲ့တာ ရှိခဲ့တဲ့ အတွက်လည်း စိုးရိမ်နေတဲ့အကြောင်း ဒေါက်တာ ဇော်မျိုးလှိုင်က ပြောပါတယ်။
ဒါပေမဲ့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရလည်းဖြစ်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဒေါက်တခင်ခင်ကြီးကတော့ ရွေးကောက်ပွဲကာလ ကြိုတင်ကာကွယ်တဲ့ အစီအမံတွေ ရှိခဲ့တာကြောင့် စိုးရိမ်စရာ မလိုကြောင်း ပြောပါတယ်။
“တစ်ယောက်စီ တစ်ယောက်စီတိုင်းကို အန္တရာယ်ကင်းစွာနဲ့ မဲပေးနိုင်ဖို့ ရောဂါကူးစက်မှု မရှိစေဖို့အတွက် ကြိုတင် အစီအမံတွေ အတားအဆီးတွေနဲ့ ကြိုတင် ဆောင်ရွက်ထားတဲ့ အတွက်ကြောင့်မို့ ဒီဟာက နေပြီးတော့ ရောဂါကူးစက်ဖို့ ဆိုတဲ့ အခွင့်အလမ်းကတော့ အရမ်းကို နည်းပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ ဖြစ်စဉ်ကြောင့် ထူးခြားပြီးတော့ ထပ်ပြီးတော့ ရောဂါဖြစ်ပွားမှုတွေ ထောင်တက်လာတယ် ဘာညာကတော့ နိုင်ငံတကာ အနေနဲ့လည်း မကြားမိပါဘူး။ အဲ့လိုပဲ ကျွန်မတို့ ဒါတွေကို အတုယူပါတယ်။ နည်းယူပါတယ်၊ CDC Guideline၊ WHO Guideline အကုန်လုံးက ကောင်းတဲ့ အချက်တွေကို ကိုယ်နိုင်ငံရဲ့ အခြေအနေတွေအပေါ် မူတည်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်တဲ့ အတွက်ကြောင့်မို့ ဒီလို ရွေးကောက်ပွဲ ဖြစ်စဉ်ကြောင့် မဲပေးသူရော မဲရုံမှာ တာဝန်ကျနေတဲ့ သူတွေရော အန္တရာယ်အကင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ဒါကတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားတဲ့ အတွက်ကြောင့်မို့ အတိုင်းအတာတစ်ခုထိ စိတ်ချရတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်ပါတယ်။”
ကိုဗစ်ကာလမှာ လူစုလူဝေးဖြစ်ခဲ့တာတွေရှိသလို ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲရလဒ်တွေ ကြေညာတဲ့ အခါမှာ လူစုလူဝေးမလုပ်ဖို့ မေတ္ထာရပ်ခံခဲ့တာကို လိုက်လျောပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နိုင်ငံအတွင်းကိုဗစ် ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“လူစုလူဝေးကတော့ ဖြစ်ခဲ့တာလေးတွေလည်းရှိပါတယ်။ ဒါကတော့ မလွဲမရှောင်သာဘူးလို့ ကျွန်မတို့ ဒီလိုပဲ ကြည့်ရမှာပဲ။ ရွေးကောက်ပွဲ ကာလမှာ ဒီလောက်ဖြစ်တယ်ဆိုတာကတော့ သိပ်ပြီးတော့ အံ့အားသင့်စရာ အကြောင်းမရှိပါဘူး။”
ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပေမဲ့လည်း အနိုင်ရတဲ့ နိုင်ငံရေးပါတီက လူစုလူဝေးနဲ့ အောင်ပွဲခံတာမျိုးတွေကို သတိထားဆင်ခြင်ကြဖို့လည်း နိုင်ငံတော် အတိုင်ပင်ခံနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ အင်္ဂါနေ့ မွန်းလွဲပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁၄၀၀ ကျော်၊ ကူးစက်သူ ၆ သောင်း ၁ ထောင်ကျော် ရှိနေပါတယ်။
အိမ့်သန္တာထွန်း/VOA (Burmese)
https://burmese.voanews.com/a/myanmar-election-poll-offiicer-teachers-to-test-covid-/5655739.html

No comments:
Post a Comment