အင်္ဂါဂြိုဟ်ပေါ် ပထမဆုံးပျံမယ့်ယာဉ်ရဲ့ ပဲ့ကိုင် မြန်မာ အမျိုးသမီး အာကာသ သိပ္ပံပညာရှင်

သူ ဦးဆောင်တဲ့ အာကာသ စူးစမ်းလေ့လာရေး စီမံကိန်းရဲ့ အာကာသလေ့လာရေး ခရီးစဉ်ကို အမေရိကန် နာဆာ အာကာသ စခန်းကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။

ငယ်ငယ်က ကောင်းကင်ကြီးကို မော့ကြည့်ပြီး ကိုယ်နေတဲ့ ကမ္ဘာကြီးမှာပဲ သက်ရှိတွေ နေတာလား၊ ဟိုးအဝေးကြီးမှာ မြင်နေရတဲ့ တခြား ဂြိုဟ်တွေမှာရော သက်ရှိတွေ များ ရှိနိုင်မလား ဆိုတဲ့ မေးခွန်းရင်ထဲမှာ အမြဲရှိခဲ့သူ၊ အဲဒီ စူးစမ်းချင်တဲ့ အတွေးစိတ်ကူးကို ကြိုးစားမှုတွေ၊ တီထွင် ဖန်တီးမှုတွေနဲ့ အကောင်အထည် ဖော်နိုင်သူကတော့ မြန်မာ အမျိုးသမီး အာကာသ သိပ္ပံပညာရှင် ဒေါ်မီမီအောင် ဖြစ်ပါတယ်။

သူ ဦးဆောင်တဲ့ အာကာသ စူးစမ်းလေ့လာရေး စီမံကိန်းအရ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေများ ရှိခဲ့လေသလားဆိုတဲ့ အထောက်အထားတွေ ရှာဖွေမယ့် အာကာသလေ့လာရေး ခရီးစဉ်ကို အမေရိကန် နာဆာ အာကာသ စခန်းကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါပြီ။

အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံး ပျံသန်းလေ့လာစူးစမ်းမယ့် Ingenuity ရဟတ်ယာဉ်လေးကို တင်ဆောင်ထားတဲ့ Perseverance ရိုဗာပါတဲ့ ဒုံးပျံကို အာကာသထဲ လွှတ်တင်ခဲ့တာပါ။

Ingenuity ရဟတ်ယာဉ်လေးကို တီထွင်ဖန်တီးမှု အပါအဝင် အရေးကြီးတဲ့ ဒီအာကာသလေ့လာရေး စီမံကိန်းကြီးကို မြန်မာ အမျိုးသမီး အာကာသသိပ္ပံ ပညာရှင် တစ်ယောက် ဦးဆောင်တယ် ဆိုတာက မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ဆီ ရောက်အောင်နှင်တဲ့ ဒီအာကာသခရီးစဉ်က ၇ လ ကြာမှာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကျမှ ဂြိုဟ်ပေါ် သက်ဆင်းနိုင်မှာပါ။

အာကာသယာဉ်လွှတ်တင်ခဲ့တာ သုံးလလောက် ကြာပြီဖြစ်လို့ အခုဆို ခရီးလမ်းမှာတဝက်နီပါး ခရီးပေါက်နေပါပြီ။

ရည်ရွယ်ချက် အတိုင်း အာကာသစူးစမ်းရေး ခရီးစဉ် စတင်လိုက်နိုင်တာအောင်မြင်မှုလို့ ဆိုနိုင်ပေမဲ့ ဒေါ်မီမီအောင်ကတော့ ဒါက ပထမ အဆင့်ပဲ ရှိသေးပြီး ရှေ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်၊ Ingenuity ရဟတ်ယာဉ်လေး အင်္ဂါဂြိုဟ်ပေါ်ကို ရောက်ပြီးတဲ့နောက် အမျိုးမျိုးစမ်းသပ်၊ စူးစမ်းလေ့လာမှုတွေ အားလုံး လုပ်နိုင်ပြီဆိုမှ အပြည့်အဝ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ပြောပါတယ်။


ပရောဂျက်ကို ဦးဆောင်

ဒေါ်မီမီအောင်

အလေးချိန် လေးပေါင်တောင် မရှိတဲ့ ဒီရဟတ်ယာဉ် တည်ဆောက်ရေး လုပ်ငန်းက ပညာရပ်ပိုင်းဆိုင်ရာ အလွန်အမင်းခက်ခဲတယ်လို့ ဒေါ်မီမီအောင်က ပြောပါတယ်။

စတင် ဖန်တီးခါစ အချိန်တုန်းကဆို အခုလို အဆင့်အထိ ရောက်လာပါ့မလား ဆိုတာ အာကာသသိပ္ပံပညာရှင်တွေ အသေအချာ မပြောနိုင်ခဲ့ပါဘူး။

ပရောဂျက်မန်နေဂျာ အနေနဲ့ တာဝန်ကြီးတယ်၊ စီမံကိန်းမှာ ပါသူတွေ အားလုံးကလည်း အစကတည်းက ပူးပေါင်းဆောင်ရွက်ကြတယ်၊ သူ့အနေနဲ့ ဒီလို တာဝန်ယူ လုပ်ဆောင်ခဲ့ရတာကို ဂုဏ်ယူတယ်လို့ သူက ပြောပါတယ်။

နည်းပညာပိုင်းအရ လုပ်ဖို့ လိုအပ်တာ အားလုံးကို ဝိုင်းဝန်းဆုံးဖြတ်ကြရတဲ့ အရေးကြီး ကိစ္စတွေမှာ သူက တာဝန်ယူပြီး အားလုံးနဲ့ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရတာ ဖြစ်ပါတယ်။

ဒီအလုပ်က တစ်ဦးတစ်ယောက်တည်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့ မရဘဲ စီမံကိန်းမှာ ပါဝင်သူ အားလုံးကလည်း ကဏ္ဍအလိုက် တော်နေဖို့ လိုတယ်လို့ သူကဆိုပါတယ်။

ဘယ်လောက် အချိန်ယူခဲ့ရလဲ

Ingenuity ရဟတ်ယာဉ်နဲ့ သူကို တင်ဆောင်တဲ့ Perseverance ရိုဗာ

ဒီ စီမံကိန်းကို နှစ်တွေ အကြာကြီးကတည်းက စတင်ခဲ့တာဖြစ်ပြီး ၇ နှစ်နီးပါး ကြာအောင် စမ်းသပ်မှုတွေ အမျိုးမျိုးပြုလုပ်ခဲ့ကြပါတယ်။

အင်္ဂါဂြိုဟ်ပေါ်မှာ ရှိနိုင်မယ့် အနေအထား ဝန်းကျင်တွေကို NASA ရဲ့ Jet Propulsion Laboratory (JPL) လက်တွေ့လေ့လာရေးဌာနမှာ ဖန်တီးပြီး စမ်းသပ်ခဲ့ကြပါတယ်။

စတင်စမ်းသပ်ခဲ့တုန်းက ဖြစ်နိုင်ပါ့မလား ဆိုတဲ့ စိတ်မျိုးရှိခဲ့ပေမဲ့ အခု အင်္ဂါဂြိုဟ်ဆီ လွှတ်လိုက်နိုင်တဲ့ အဆင့်ရောက်လာပြီဖြစ်လို့ သမိုင်းမှတ်တိုင် တခုတော့ ထူနိုင်ပြီဖြစ်ပြီး နောက်တဆင့် လုပ်စရာရှိတာပဲ ဆက်လုပ်ဖို့ လိုတယ်လို့ ဒေါ်မီမီအောင်က ပြောပါတယ်။

နောက်အဆင့်ကဘာလဲ

ဒီ ရဟတ်ယာဉ်လေး အင်္ဂါဂြိုဟ်ကို ရောက်ပြီ ဆိုရင် မြေပြင်ပေါ်ကနေ လှမ်းထိန်းချုပ်ပြီး အာကာသစူးစမ်းလေ့လာရေးတွေကို လုပ်ဦးမှာဖြစ်ပါတယ်။

NASA နဲ့ JPL မှာ လုပ်နေတဲ့ ပရောဂျက်တွေက ဘယ်သူမှ မလုပ်ဖူးသေးတာကို ပထမဆုံး လုပ်တာဖြစ်ပြီး သိပ်ကိုခက်တယ်လို့ ဒေါ်မီမီအောင်က ပြောပါတယ်။

အာကာသထဲ လွှတ်လိုက်တဲ့ စူးစမ်းရေးယာဉ်က တခုခု ဖြစ်ရင် လူတွေက အာကာသထဲ သွားပြီး ပြင်ဆင်ပေးလို့ မရနိုင်တော့ အတော်ကို စိတ်ဖိစီးမှုတွေ ဖြစ်စေတယ်လို့ သူက ပြောပါတယ်။

အခုလောလောဆယ် Ingenuity ရဟတ်ယာဉ်က အာကာသထဲရောက်နေပြီး သူ့ကို တင်ဆောင်ထားတဲ့ Perseverance Rover ယာဉ်က လာမယ့် ဖေဖော်ဝါရီလမှာ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်မှာဖြစ်ပါတယ်။

ဂြိုဟ်မျက်နှာပြင်ပေါ်ရောက်ပြီဆိုရင် Ingenuity ဟယ်လီကော်ပတာကို Perseverance Rover က သူ့ဆီကနေ ဖြည်းဖြည်းချပေးလိုက်ပြီး Rover က ခပ်ဝေးဝေး မောင်းသွားတဲ့အခါ ရဟတ်ယာဉ်က တစ်စီးထဲ မျက်နှာပြင်ပေါ်မှာ ကျန်ရစ်မှာဖြစ်ပါတယ်။

အပူချိန် ရေခဲမှတ်အောက် အနုတ် ၉၀ ဒီဂရီ စင်တီဂရိတ် ရှိတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ နေရမှာဖြစ်လို့ Ingenuity ဟယ်လီကော်ပတာကို အအေးခံနိုင်အောင် အအေးထဲ နေနိုင်အောင် ဒီဇိုင်းလုပ်ထားတယ်လို့ ဒေါ်မီမီအောင်က ပြောပါတယ်။

အဲဒီအခြေအနေမှာ အဆင်ပြေမပြေကြည့်ဖို့ လိုတယ်။ Ingenuity ဟယ်လီကော်ပတာက ရိုဗာပေါ်မှာ ရှိတဲ့ ဆက်သွယ်ရေး စက်ကလေးဆီ အချက်ပေး သတင်းပြန်ပို့မပို့၊ ကမ္ဘာမြေကြီးကနေ ပို့တဲ့ ညွှန်ကြားချက်တွေ သူ့ဆီ ရောက်မရောက် ကြည့်ရမယ်လို့ ဆိုပါတယ်။

အဲဒီ ညွှန်ကြားချက်တွေကို ရဟတ်ယာဉ်က လိုက်လုပ်သလားကြည့်ရှု စစ်ဆေးပြီးရင် Ingenuity ရဟတ်ယာဉ်က ပထမဆုံး ပျံသန်းမယ်လို့ ဒေါ်မီမီအောင်က ပြောပါတယ်။

အဲဒီလိုပျံသန်းနိုင်ပြီ ဆိုရင် အာကာသလေ့လာရေး စီမံကိန်းရဲ့ အောင်မြင်မှုလို့ ပြောနိုင်မှာဖြစ်ပါတယ်။

အာကာသသိပ္ပံပညာရှင်ဖြစ်ဖို့ ကြိုးစားမှုက အဓိက

ဒေါ်မီမီအောင်မိသားစု

အသက် ၅၂ နှစ်အရွယ် အာကာသသိပ္ပံ ပညာရှင် ဒေါ်မီမီအောင်က Electrical engineering လျှပ်စစ်အင်ဂျင်နီယာ မဟာဘွဲ့ရထားသူ ဖြစ်ပါတယ်။

ဒီအဆင့်အထိရောက်အောင် ငယ်စဉ်ကပညာသင်ကြားတဲ့ အချိန်မှာရော အလုပ်ထဲမှာရော ကြိုးစားပြီးရင်း ကြိုးစားခဲ့ရတယ်လို့ သူက ပြောပါတယ်။

သိပ္ပံနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေရဲ့ အခြေခံကို ကောင်းကောင်းနားလည်အောင် ကြိုးစားတယ်၊ သူဟာ ကိုယ်သင်ယူတဲ့ ပညာရပ်ပိုင်းမှာ သိပ်ကို ကြိုးစားတဲ့ သာမန် လူတစ်ယောက်ပါလို့ ဒေါ်မီမီအောင်က သူ့ကိုယ်သူ ပြောပါတယ်။

ကိုယ်သင်ယူတဲ့ ဘာသာကို နားလည်အောင်လုပ်တယ်၊ မသိတာတွေကိုမေးတယ်၊ မမေးဘဲနေပြီး မှားတာက သူများတွေက လွယ်လွယ်လေးကို မေးရကောင်းလားလို့ တခြားသူတွေက အထင်ခံရတာထက် ပိုဆိုးတယ်၊ ဒါကြောင့် သူကတော့ မသိရင်မေးတယ်၊ သိရှိနားလည်မှုအပေါ် အခြေခံပြီး လက်တွေ့အသုံးချတယ်လို့ ပြောပါတယ်။

အခုလို နေရာမျိုးကို ရောက်အောင်ကြိုးစားတဲ့နေရာမှာ အမျိုးသမီး တစ်ယောက် ဖြစ်တဲ့အတွက် အဟန့်အတား ဘာမှမရှိခဲ့ဘူး၊ မိန်းမမို့လို့ ဖြစ်ပါ့မလားဆိုတာ စဉ်းစားတာ မရှိခဲ့ဘဲ ခက်ခဲတဲ့ အင်ဂျင်နီယာ ပညာရပ်ပိုင်းကိုသာ ကြိုးစားဆောင်ရွက်ခဲ့တယ်၊ ကြိုးစား လုပ်နိုင်ရင် အခွင့် အလမ်းဆိုတာ ပေါ်လာတာပဲလို့ သူက ပြောပါတယ်။

သင်္ချာချစ်သူရဲ့ ဘဝအကြောင်း

သူ့ရဲ့ ဖခင် ဦးသိန်းအောင်က ဓာတုဗေဒပါရဂူ ဘွဲ့နဲ့၊ မိခင် ဒေါ်လှလှစိန်က မြန်မာနိုင်ငံမှာ သင်္ချာဘာသာနဲ့ ပါရဂူဘွဲ့ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်တယ်။

သူ့မိဘတွေက အမေရိကန်ပြည်ထောင်စု အီလီနွိုင်းမှာ ပါရဂူဘွဲ့အတွက် ပညာသင်ရင်း ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ကိုလည်း အီလီနွိုင်းမှာပဲ မွေးဖွားခဲ့ပါတယ်။ သူ ၂ နှစ်ခွဲ အရွယ်မှာ မြန်မာနိုင်ငံကို မိဘတွေနဲ့ အတူပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၂ နှစ်ခွဲကနေ ၁၁ နှစ်ခွဲ အထိ နေခဲ့တာကြောင့် အခြေခံပညာ မူလတန်းနဲ့ အလယ်တန်းကို မြန်မာနိုင်ငံမှာ စတင်သင်ယူခဲ့ပါတယ်။

၁၁ နှစ်ခွဲမှာတော့ မလေးရှားနိုင်ငံကို ပြောင်းရွှေ့သွားခဲ့ပြီး ပီနန် ကျွန်းက St Christopher's School မှာ ဆက်လက် ပညာသင်ခဲ့ပါတယ်။

တခါ အသက် ၁၆ နှစ် ရောက်တော့ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်ပြီး အီလီနွိုင်းက Bluemont ကျောင်းမှာ ပညာဆက်သင်ခဲ့ပြန်ပါတယ်။ တက္ကသိုလ်ပညာကိုတော့ သူ့မိဘတွေ ပါရဂူဘွဲ့ ယူခဲ့တဲ့ တက္ကသိုလ်မှာပဲ ဆက်လက်သင်ယူခဲ့တယ်လို့ ဒေါ်မီမီအောင်က ပြောပါတယ်။

သူကသင်္ချာ ဘာသာကို စိတ်ဝင်စားပြီး ကြိုက်လို့ လေ့လာသင်ယူချင်ခဲ့ပေမဲ့ လက်တွေ့ အသုံးချလို့ရတဲ့ ပညာရပ်ကို သင်ယူဖို့ မိဘတွေက အကြံပြုခဲ့တာကြောင့် အသုံးချနိုင်တဲ့ အင်ဂျင်နီယာပညာဖြစ်တဲ့ လျှပ်စစ်အင်ဂျင်နီယာပညာ Electrical Engineering ကိုသင်ခဲ့တာဖြစ်ပြီး သူ့ဆန္ဒအတိုင်းသာဆို အမေလိုပဲ သင်္ချာပညာရှင်ပဲ ဖြစ်နေမှာလို့ ဒေါ်မီမီအောင်က ပြောပါတယ်။

သူက လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ကို သင်ယူခဲ့ပေမဲ့ သင်္ချာကို ကြိုက်တဲ့ အတွက် လျှပ်စစ်အင်ဂျင်နီယာပညာမှာ သင်္ချာနဲ့ ဆိုင်တဲ့ Signal Process Communication ကို ယူခဲ့တယ်လို့ ပြောပါတယ်။

မာစတာဘွဲ့ရပြီးလို့ အလုပ်ရှာချိန်မှာ သူ့ရဲ့ ပါမောက္ခ တစ်ယောက်က နာဆာရဲ့ Jet Propulsion Laboratory (JPL) မှာ Deep Space Network ရှိတယ်၊ သူတို့က အာကာသယာဉ်တွေကနေ ပို့လွှတ်တဲ့ အလွန်တရာသေးငယ်တဲ့ signal လေးတွေကနေစပြီး အချက်ပြ signals တွေအားလုံးကို စောင့်ကြည့်လေ့လာ processing လုပ်ကြတယ်လို့ ပြောပြချိန်မှာ ချက်ချင်း ပဲ သူလုပ်ချင်တာ အဲဒီ အာကာသ စူးစမ်းလေ့လာရေး ဖြစ်တယ်ဆိုတာ စိတ်ထဲမှာ ပေါ်လာခဲ့ပြီး နာဆာမှာ ရအောင် ကြိုးစားခဲ့တယ်လို့ ဒေါ်မီမီအောင်က ပြောပါတယ်။

သူတက်တဲ့ တက္ကသိုလ်မှာ JPL ရှိတဲ့ အတွက် လူတွေ့ စစ်ဆေးခံရဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်၊ အင်တာဗျူးခံရဖို့ ခွင့်အရေးရတဲ့ အခါ ဖြေဆိုဖို့ အလေးအနက်ထား ပြင်ဆင်ခဲ့တယ်။ JPL မန်နေဂျာက သူ့ကို ခေါ်ယူ မေးမြန်းပြီး JPL ကို သွားကြည့်ရှု့ခွင့် ရခဲ့တယ်။ သူ သိပ်ကို သဘောကျ ကျေနပ်မိခဲ့တယ်။ နောက်ဆုံးမှာ JPL ရဲ့ Deep Space Network မှာ အလုပ်လုပ်ခွင့် ရခဲ့ပြီး သူနှစ်သက်တဲ့ အလုပ်ဖြစ်တဲ့အတွက် အချိန်တွေ အများကြီး နှစ်မြှုပ် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

သူ့လို အာကာသ သိပ္ပံပညာရှင်ဖြစ်ချင်ကြတဲ့ မြန်မာ လူငယ်လေးတွေ အနေနဲ့ အဓိက ကြိုးစားရမယ်၊ အစွမ်းကုန် ကြိုးစားပြီး ကိုယ်သင်ယူတဲ့ ဘာသာရပ်ကို နားလည်အောင် လုပ်ရမယ်၊ သိပ္ပံနဲ့ အင်ဂျင်နီယာပညာရပ်တွေရဲ့ အခြေခံ သဘောတရားကို နားလည်အောင် လေ့လာရမယ်၊ ပညာသင်တာကို ပျော်ရွှင်နေရမယ်၊ ကိုယ်က ဘယ်နယ်ပယ်ကို စိတ်ဝင်စားတာလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတာ သိပြီးမှ အဲဒီပညာကိုအသုံးချပြီး ကိုယ်ဖြစ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ သူက အကြံပေးပါတယ်။

သူ့အနေနဲ့ ဘာလုပ်ချင်တယ် ဆိုတာ သိအောင်လုပ်ဖို့ အချိန်အတော် ကြာခဲ့တာကြောင့် ချက်ချင်း မသိလည်း စိတ်မပူနဲ့ မျက်စိဖွင့်ထား၊ ကြိုးစား သင်ယူ ပြီးရင် အချိန်တန်တဲ့ အခါ သိလာလိမ့်မယ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရမယ်လို့ ဆိုပါတယ်။

အာကာသယာဉ်ကြီးစီးပြီး အာကာသထဲ ကိုယ်တိုင် သွားချင်တဲ့ ကလေးဘဝ စိတ်ကူးယဉ် အိပ်မက်တွေက သားသမီးလေးတွေရလာတဲ့ အခုအချိန်မှာ မရှိတော့ပေမဲ့ ငယ်ငယ်တုန်းက ကောင်းကင်ကြီးကိုမော့ကြည့်ရင်း ကမ္ဘာကြီးပေါ်မှာနေကြတဲ့ ကိုယ့်လို သက်ရှိတွေ တခြားဂြိုဟ်တွေပေါ်မှာများ ရှိလေမလားလို့ သိချင်စိတ်တွေကို အဖြေရှာနိုင်ဖို့ ကြိုးစားတဲ့ အာကာသလေ့လာရေး လုပ်ငန်းမှာတော့ ဒေါ်မီမီအောင်တစ်ယောက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ဦးဆောင်နိုင်နေပြီ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/54977100

အင်္ဂါဂြိုဟ်ပေါ် ပထမဆုံးပျံမယ့်ယာဉ်ရဲ့ ပဲ့ကိုင် မြန်မာ အမျိုးသမီး အာကာသ သိပ္ပံပညာရှင်  အင်္ဂါဂြိုဟ်ပေါ် ပထမဆုံးပျံမယ့်ယာဉ်ရဲ့ ပဲ့ကိုင် မြန်မာ အမျိုးသမီး အာကာသ သိပ္ပံပညာရှင် Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.