မုံရွာ၊နိုဝင်ဘာ- ၂၀
စစ်ကိုင်းတိုင်းအတွင်း ခရိုင်၊မြို့နယ်များအားလုံးမှ စားသောက်ဆိုင်လက်ဖက်ရည်ဆိုင်များအားလုံး ယခု လကုန်ပိုင်းတွင် ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းCOVID-19 ကာကွယ်ထိန်းချူပ်ရေးကော်မတီမှ သိရသည်။
လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို သက်ဆိုင်ရာကိုဗစ်ကော်မတီ၊ စည်ပင်နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းစစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက (A) အဆင့်ပေးကာ ဖွင့်ခွင့်ပေးမည်ဖြစ်သည်။
ယင်းအပြင် သတ်မှတ်ချက်များနှင့် လိုအပ်သည့်လုပ်ငန်းစဥ်များရှိသေးသည့် (B )အဆင့်ဆိုင်များကိုမူ လိုအပ်သည့် ပြင်ဆင်မှုများ ဖြည့်စွက်ခိုင်းကာ စောင့်ဆိုင်းပြီး ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
သို့သော် ပြင်ဆင်ရမည့် အချက်အလက်များ မပြည့်စုံပါက (C) အဆင့်သတ်မှတ်ကာ ဆိုင်ဖွင့်ခွင့် မပေးသေးကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးမိုးကျော်သူက ပြောသည်။
"စားသောက်ဆိုင်များရေရှည်ပိတ်ထားရတော့ စားဝတ်နေရေးထိနေကြပြီ။ ဆိုင်တွေကို မှီခိုနေကြတဲ့ အလုပ်သမားတွေလည်း အခက်အခဲတွေဖြစ်နေကြတယ်။ ကိုဗစ်နဲ့ပတ်သတ်ပြီးရောဂါဖြစ်ပွားမှုနည်းတဲ့နေရာတွေမှာ စီးပွားရေးထိခိုက်မှုမဖြစ်အောင်လို့ပါ။"ဟု ၎င်းက ဆက် ေပြာသည်။
ကိုဗစ်ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ ကူးစက်မှုနည်းသည့် မြို့နယ်များတွင် ဖွင့်ခွင့်ပေးမည်ဖြစ်ပြီး ရောဂါဖြစ်ပွားမှုများသည့် မြို့နယ်များတွင် ဆိုင်ထိုင်စားသောက်ခွင့် ဆိုင်းငံ့ထားဦးမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်း ခရိုင်၊မြို့နယ်များအားလုံးတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို လူစုလူဝေးမဖြစ်စေရန် ဆိုင်ထိုင်စားသောက်ခြင်းခွင့်မပြုတော့ဘဲ စက်တင်ဘာ၁၇ရက်မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခဲ့ရန် ချမှတ်ခဲ့သည်။
အိဖြိုး
Monywa Gazette

No comments:
Post a Comment