ဆယ်စုနှစ်များစွာအတွင်း သဘောထားအကွဲဆုံး အမေရိကန်ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်တဲ့ သတင်း ၃ ခု

ပင်ဆယ်ဗေးနီးယားနဲ့ ဖီလာဒီဖီးယား ရှိမဲရုံတွေမှာမဲပေးဖို့ မနက်စောစော လူများတန်းစီစောင့်ဆိုင်းနေကြစဥ်

အမေရိကန် သမ္မတရွေးကောက်ပွဲတွေကိုပြန်ကြည့်ရင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲလောက် သဘောထားကွဲတာ အများဆုံးကို ကြုံရတာမျိုး မရှိခဲ့ပါဘူး။

လက်ရှိ ရီဘတ်ပလီကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ စိန်ခေါ်သူ ဒီမိုကရက် ဂျိုး ဘိုင်ဒန်တို့ အကြား ကွဲပြားလှတဲ့ မူတွေ၊ သဘောထားတွေကို ပြည်သူထံ ချပြရင်း ယှဥ်ပြိုင်ကြတဲ့ပွဲပါ။

ဒေသစံတော်ချိန် မနက် ၅ နာရီမှာ မဲရုံတွေ စဖွင့်တာမို့ တချို့မဲရုံတွေ စတင်ဖွင့်လှစ်နေပြီး လူတွေ စမဲပေးနေပါပြီ။

ထူးထူးခြားခြား ဒီနှစ်မှာ မဲဆန္ဒရှင်ပေါင်း သန်း ၁၀၀ နီးပါးက ကြိုတင်မဲထည့်ခဲ့ကြပြီး ရာစုနှစ် အတွင်း မဲပေးသူအရေအတွက် အများဆုံးဖြစ်မယ့် ရွေးကောက်ပွဲလို့လည်း မှန်းဆနေကြပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်လုပ်တဲ့ နိုင်ငံတစ်ဝန်းလူထုစစ်တမ်းတွေအရ မစ္စတာ ဘိုင်ဒန်က ရှေ့ကပြေး နေတာ ဆိုပေမဲ့ အဆုံးအဖြတ် ပြည်နယ်တွေမှာတော့ သူမသာ ကိုယ်မသာ အခြေအနေ မှာသာ ရှိနေတာပါ။

အမေရိကန် သမ္မတရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေက ပြည်နယ်အလိုက်မဲပေးကြရတာဖြစ်ပြီး အဲဒီပြည်နယ်တွေမှာ သတ်မှတ်ထားတဲ့ သူတို့အခေါ် သမ္မတရွေးချယ်ရေးအဖွဲ့ မဲ (electoral college vote) အနည်းဆုံး ၂၇၀ မဲ ရမှ သက်ဆိုင်ရာ ယှဉ်ပြိုင်သူ သမ္မတလောင်းဟာ သမ္မတအဖြစ် ရွေးချယ်ခံရမှာပါ။ စုစုပေါင်း သမ္မတရွေးချယ်ရေးအဖွဲ့ မဲအရေအတွက်က ၅၃၈ မဲရှိပြီး ပြည်နယ်တွင်းက လူဦးရေ အနည်းအများအလိုက် သက်ဆိုင်ရာ ပြည်နယ်က ပေးပိုင်ခွင့်ရှိတဲ့ သမ္မတရွေးချယ်ရေးအဖွဲ့မဲ အရေအတွက်က ကွဲပြားသွားပါတယ်။

ဒီစနစ်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒရှင်မဲ ရရှိမှု များပေမယ့်လည်း ရွေးကောက်ပွဲမှာ ရှုံးနိုင်ပါတယ်။ ပြည်နယ်တစ်ခုမှာ မဲဘယ်လောက်အပြတ်အသတ်နဲ့ နိုင်နိုင်၊ မဲ ပွတ်ကာသီကာနဲ့ပဲ နိုင်နိုင်၊ နိုင်ပြီဆိုရင် အဲဒီ ပြည်နယ်မှာ သတ်မှတ်ထားတဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ မဲ အရေအတွက်ကို နိုင်သူက ရသွားတာပါ။ ၂၀၁၆ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးမဲအရေအတွက်နဲ့ ကြည့်ရင် မစ္စ ကလင်တန်က များပေမယ့် သမ္မတရွေးချယ်ရေးအဖွဲ့ မဲမှာ မစ္စတာ ထရမ့်က များပြီး သမ္မတအဖြစ် အနိုင်ရရှိသွားတာပါ။

ရွေးကောက်ပွဲအပြီး ဖြစ်လာနိုင်တဲ့ ခန့်မှန်းခြေ သတင်းခေါင်းစည်း ၃ ခုကို ဘီဘီစီရဲ့ မြောက်အမေရိကတိုက် ဆိုင်ရာ သတင်းထောက် ဂျွန် ဆိုပယ်က အခုလို မှန်းဆထားပါတယ်။


၁။ ဘိုင်ဒန်က လွယ်လွယ်ကူကူ အနိုင်ရ

တကယ်လို့သာ လူထုစစ်တမ်းတွေက အမှန်အကန်သဘောထားတွေကို ဖော်ပြတယ်ဆိုရင် ဒီရွေးကောက်ပွဲမှာ ဂျိုး ဘိုင်ဒန်က သက်သက်သာသာလေးပဲ နိုင်သွားနိုင်ပါတယ်။

ဒါပေမဲ့ ဒီနှစ်အတွက် လူထုစစ်တမ်းတွေဆိုတာက ဆော်ဒီအာရေးဗီးယား တီဗီကနေ ရာသီဥတု ခန့်မှန်းချက် ကြေညာတာကို နားထောင်ရသလိုပါ။ "ဒီနေ့မှာ နေသာပြီး ရာသီဥတုက ပူပြင်းပါမယ်။ မနက်ဖြန်ကို ကြည့်မယ်ဆိုရင်လည်း နေသာပြီး ရာသီဥတုက ပူပြင်းပါလိမ့်မယ်။"

လွန်ခဲ့တဲ့ ၄ နှစ်က ရွေးကောက်ပွဲနဲ့ မတူဘဲ ဒီနှစ်ရွေးကောက်ပွဲ လူထုစစ်တမ်းတွေက နိုင်ငံလုံးဆိုင်ရာ စစ်တမ်းမှာရော၊ အရေးကြီး သူတင်ကိုယ်တင် အမြဲရှိတဲ့ ပြည်နယ်တွေရဲ့ စစ်တမ်းမှာပါ ဘယ်အချိန် ကောက်ကောက် ရလဒ်တွေမှာ အပြောင်းအလဲ သိပ်မရှိပဲ တစ်သမတ်တည်း ရှိနေတာက မယုံနိုင် စရာပါ။ ဘိုင်ဒန် က နိုင်ငံတစ်နိုင်ငံလုံးမှာ ကောက်တဲ့ စစ်တမ်းတွေမှာ ထိပ်က အတော်သာသာနဲ့ ပြေးခဲ့ပါတယ်။ အကြိတ်အနယ်ရှိလှတဲ့ ပြည်နယ်တွေဖြစ်တဲ့ နေရောင်ဖြာချိန်များ တဲ့ ဖလော်ရီဒါ၊ အရီဇိုးနား၊ မြောက်ကယ်လိုရိုင်းနားမှာတော့ မစ္စတာ ဘိုင်ဒန်ဟာ အနည်းငယ်သာ အသာရပြီး မြောက်ပိုင်းက ကုန်ထုတ်လုပ်ငန်းတွေ တည်ရှိရာ ပြည်နယ်တွေ ဖြစ်တဲ့ ဝစ်စ်ကွန်ဆင်၊ မီချီဂန်၊ ပင်ဆယ်ဗေးနီးယား စတဲ့ပြည်နယ်တွေမှာလည်း အလားတူပါ။

ဒါပေမဲ့ လူထုစစ်တမ်းတွေရဲ့ မှားနိုင်ခြေ အထက်အောက်ဘောင်က အပေါင်း ၃ ရာခိုင်နှုန်း အနုတ် ၃ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

၂။ အံ့သြစရာကောင်းလှအောင် ထရမ့်က နိုင်သွားတာ

၂၀၁၆ တုန်းကလို လူထုစစ်တမ်းတွေမှာ ဟယ်လာရီ ကလင်တန်က ဘယ်လောက်အခြေအနေ ကောင်းခဲ့ ကောင်းခဲ့ ဒေါ်နယ် ထရမ့်က နိုင်သွားတာမျိုးလည်း ဒီတစ်ခါ ပြန်ဖြစ်နိုင်ပါတယ်။ အဲဒီတုန်းက သမ္မတရွေးချယ်ရေးအဖွဲ့ မဲ (electoral college vote) အရေအတွက်တွေများတဲ့ ပင်ဆယ်ဗေးနီးယားနဲ့ ဖလော်ရီဒါက အဓိက အဆုံးအဖြတ်ပေးသွားတာပါ။

ဖလော်ရီဒါမှာ မစ္စတာ ဘိုင်ဒန် သာတယ် ဆိုတာက ၃ ရာခိုင်နှုန်း ၄ ရာခိုင်နှုန်း ကျော်သာတာ မဟုတ်ပါဘူး။ ပင်ဆယ်ဗေးနီးယားမှာ လူဖြူ အလုပ်သမားလူတန်းစားရဲ့ မဲတွေကြောင့် အဲဒီမှာ သမ္မတ ထရမ့်က စားသွားနိုင်ပါတယ်။

သတင်းထောက် ဂျွန် ဆိုပယ်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ ဖလော်ရီဒါ၊ အိုဟိုင်းယိုး၊ တန်နက်ဆီ၊ ပင်ဆယ်ဗေးနီးယား၊ မြောက် ကယ်လိုရိုင်းနား၊ ဂျော်ဂျီယာ၊ ဗာဂျီးနီးယားစတဲ့ပြည်နယ်တွေကို လှည့်လည်သွားကြည့်စဉ် သမ္မတ ထရမ့်ကို ကြိုက်တာတင်မကပဲ သိပ်ကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေကို အများကြီးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်တစ်ချက်က ဂျိုး ဘိုင်ဒန်ဟာ မဲဆွယ်တဲ့ နေရာမှာ သူ့ကို အားကိုး မျှော်လင့်စရာ သမ္မတအဖြစ် ညွတ်သွားအောင် မဲမဆွယ်နိုင်တဲ့ အချက်ကိုလည်း ထည့်တွက်ရမှာပါ။

၃။ ဘိုင်ဒန်က အံ့မခန်းဖြစ်စရာ တောင်ပြိုကမ်းပြို အနိုင်ရ

ဒီလိုမျိုးလည်းဖြစ်လာနိုင်ပါတယ်။ လူထုစစ်တမ်းတွေက မှားယွင်းတဲ့နေရာမှာ အပေါ်ကလို မဟုတ်ဘဲ တခြားလားရာဆီကို သိသိသာသာ ရွေ့သွားတာမျိုးပါ။ ၁၉၈၀ မှာ ရော်နယ် ရီဂင်က ဂျင်မီ ကာတာကို အနိုင်ရသွားသလိုမျိုး၊ ဒါမှမဟုတ် ၁၉၈၈ မှာ မစ္စတာ ဂျော့ချ် ဘုရှ်က မိုင်ကယ် ဒူကာကစ်စ်ကို အနိုင်ရခဲ့ပုံမျိုးပေါ့။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း ဒီနိုင်ငံမှာ ကြုံနေရတာက ရောဂါကူးစက်ခံရသူ အသစ်တွေ သိသိ သာသာကို လျော့မသွားတာပါ။ ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ်တွေအတွင်း လူနာသစ်တွေ စံချိန်တင်များ လာသလို ဆေးရုံတက်ရသူတွေများလာတာ၊ သေဆုံးမှုတွေ တိုးလာတာ စတဲ့ အခြေအနေတွေ ဖြစ်နေတာပါ။ စီးပွားရေး အခြေအနေကိုကြည့်မယ်ဆိုရင်လည်း မတ်လ ကတည်း က အဆိုးဆုံး ဆင်းသွားတဲ့ စတော့စျေးကွက် ညွှန်းကိန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေ ထဲမှာ တွေ့ခဲ့ရပါတယ်။

ဆိုတော့ မစ္စတာ ဘိုင်ဒန်က တက်စ်ဆက်၊ အိုဟိုင်းယိုး၊ အိုင်အိုဝါ၊ ဂျောဂျီယာ၊ တောင် ကယ်လို ရိုင်းနား စတဲ့ပြည်နယ်တွေမှာလည်း နိုင်ပြီး အံ့သြမင်တက်စရာ ရလဒ်ကို ထွေးပွေ့သွား နိုင်မယ် လို့လည်း မှန်းဆနိုင်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54798668

ဆယ်စုနှစ်များစွာအတွင်း သဘောထားအကွဲဆုံး အမေရိကန်ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်တဲ့ သတင်း ၃ ခု ဆယ်စုနှစ်များစွာအတွင်း သဘောထားအကွဲဆုံး အမေရိကန်ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်တဲ့ သတင်း ၃ ခု Reviewed by THITHTOOLWIN on 22:18 Rating: 5

No comments:

Powered by Blogger.